ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Friday, June 13, 2008

လေဘေး ကယ်ဆယ်ရေး သံဃာတော် အရှင်သူမြတ်များလည်း ပါဝင်

နေသွင်
သောကြာနေ့၊ ဇွန်လ 13 2008 17:22 - မြန်မာစံတော်ချိန်

(အရှင်ပညာသီဟ - ရွှေညဝါ ဆရာတော်နှင့် အင်တာဗျူး)

နာဂစ်မုန်တိုင်းအပြီး လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စေတနာရှင် မြန်မာပြည်သူများနှင့် လူသားချင်း စာနာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာ သံဃာတော်များကလည်း ပြည်တွင်းပြည်ပမှ နေ၍ တတ်စွမ်းသမျှ ကြိုးပမ်း ကူညီနေပါသည်။

မကြာသေးခင်က ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့် ဒေသများသို့ ကြွရောက်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့် သံဃာတော်များလည်း ရှိပါသည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသများတွင် သံဃာနှင့် အရပ်သားများ ၁ဝဝ ခန့်ကို ဦးဆောင်ကာ အကူအညီပေးပြီး မကြာသေးခင်က ပြန်လည် ကြွရောက်လာသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (သက်တော် ၄၄၊ ဝါတော် ၂၄) ကို လျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ဆရာတော်ကြီးသည် နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်ပြီး အဘိဓမ္မာကို သင်တန်းဖွင့် ပို့ချပေးသူဖြစ်ကာ ပရိယတ္တိ လုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျောဇောထင်ရှားသူ ဖြစ်ပါသည်။

မေး။ ။ ဘယ်နေ့က ရန်ကုန် ပြန်ရောက်တာလဲ ဘုရား။

ဖြေ။ ။ ၁ဝ ရက်နေ့က ပြန်ရောက်တယ်။ ဦးဇင်းတို့ တက်သွားတာ ၅ ရက်နေ့က လပွတ္တာနယ် တနယ်လုံးမှာရှိတဲ့ ရွာတွေဆီ စက်လှေတွေ၊ ပဲထောင်တွေနဲ့ သွားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတယ်။ ပေါက်တူး၊ ပေါက်ပြား၊ ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ဓား၊ ယောက်မ၊ အဝတ်အထည်၊ ဆေး အဲဒါတွေ ရွာပေါင်း ၆ဝ ကျော်လောက် ဘုန်းကြီးတို့ လှူနိုင်ခဲ့တယ်။

မေး။ ။ လူဦးရေက ဘယ်လောက်ကို တွေ့ခဲ့ပါသလဲဘုရား။

ဖြေ။ ။ လူဦးရေက တချို့က ရွာလုံးကျွတ်၊ တရွာလုံးမှာ ၃ ယောက်လောက် ကျန်တာလေ။ ပျမ်းမျှဆိုရင် တရွာမှာ ၂ဝဝ-၃ဝဝ။ ရွာပေါင်း ၆ဝ ကို ကိုယ်ဘာသာ တွက်ကြည့်တော့။

မေး။ ။ အရှင်ဘုရားတို့ သံဃာအင်အားဘယ်လောက်နဲ့ သွားခဲ့တာလဲဘုရား။

ဖြေ။ ။ ဦးဇင်း အပါး ၄ဝ၊ ကပ္ပိယ လူပုဂ္ဂိုလ် ၇ဝ ကျော်၊ အားလုံးပေါင်း ၁ဝဝ ကျော်ပေါ့။

မေး။ ။ ရွာတွေမှာ အခြေအနေ ဘယ်လို ရှိသလဲဘုရား။ လူတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ဘယ်လောက် ရနေပြီလဲ။

ဖြေ။ ။ ကယ်ဆယ်ရေး ပစ္စည်းတွေက လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်၊ မရပါဘူး။ မယ်မယ်ရရ မရပါဘူး။ ရတာတွေကလည်း ဆန်လိုလို ပဲလိုလို၊ အာလူးလိုလို ဒီလောက်ပါပဲ။ တောရွာတွေက ဆိုးဆိုးရွားရွား ခံစားရပါတယ်။ မြို့ပြတွေမှာ ခိုအောင်းနေတဲ့ လူတွေက အတော်အတန် ရတယ်လို့ ဆိုရမှာပေါ့။ မြင်ရတာက လက်ရှိ အနေအခြေမှာ လုံလုံလဲလဲ၊ လောက်လောက်လားလား မရှိပါဘူး။ ပြောရရင်တော့ လူလိုတောင် မနေရပါဘူး။ ရေညစ်ရေညမ်းတွေ ဖယ်ထုတ်ပြီးတော့ သန့်ရှင်းရေး လုပ်နိုင်တာ ဘာမှ မရှိသေးပါဘူး။

မေး။ ။ အရှင်ဘုရားတို့ ရောက်သွားတဲ့အချိန်မှာ အခြား ဘယ်လိုအဖွဲ့တွေ ရှိနေသလဲ။

ဖြေ။ ။ မရှိပါဘူး။ မန္တလေး မစိုးရိမ်တို့၊ ပဲခူးသာမဏေကျော်တို့၊ ပခုက္ကူတို့ ဘာတို့ ပြောသံတော့ ကြားတယ်။ ကျုပ်တို့နဲ့တော့ တည့်တည့် မတိုးပါဘူး။

မေး။ ။ အစိုးရပိုင်းကရော ဘယ်သူတွေနဲ့ ဆုံခဲ့ပါသလဲ ဘုရား။

ဖြေ။ ။ အစိုးရပိုင်းကတော့ အစကတည်းက ပတ်သက်မှုမရှိတော့ မတွေ့ခဲ့ပါဘူး။ လပွတ္တာရောက်တော့ လာပြီး လျှောက်ထားတာပေါ့။ ဘုန်းကြီးပြောတာ နားထောင်တာပါပဲ၊ ဘာမှသိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောပါဘူး။

မေး။ ။ သူတို့ရော ကယ်ဆယ်ရေး လုပ်နေကြလား ဘုရား။

ဖြေ။ ။ စိတ်လည်း မဝင်စားဘူး။ လေ့လည်း မလေ့လာဘူး။ စိတ်အနှောင့်အယှက် ထပ်ဖြစ်မှာစိုးလို့၊ ဘာမှ မဖတ်တော့၊ ဘာမှ မသိတော့ ပိုမကောင်းဘူးလား။ ဒုက္ခရောက်နေတဲ့ လူတွေဆီက အရောက်သွားမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သွားတာပဲ၊ ပေးနိုင်သမျှ ပေးမယ်။ ကြည့်ရှုပေးတယ်။ ရေကန်တွေ သန့်ရှင်းပေးပြီး၊ ကူဘူတာစက်နဲ့ စုပ်ပေးတယ်။ အလောင်းကောင်တွေ မီးရှို့ သဂြုင်္ိဟ်ပေးတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သရဏဂုံ တင်ပေးပြီး အမျှဝေရေစက်ချ၊ သာဓုခေါ်တယ်။ ဘယ်ရွာ ဘယ်ရပ်ရောက်ရောက် ဘုန်းကြီးတို့ အဲဒါ လုပ်တယ်။ အဲဒါတွေက ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်ပဲ။

မေး။ ။ အရှင်ဘုရားတို့က အလောင်းတွေကို မီးရှို့ သဂြုင်္ိဟ်ပေးခဲ့တယ် ဆိုတော့ အရှင်ဘုရားတို့ ပြန်လာတော့ ဒီလုပ်ငန်းတွေ ပြီးပြတ်သွားပြီလား ဘုရား။

ဖြေ။ ။ အလောင်းတွေက ခွေးသေသေပြီး၊ ခွေးလို ပစ်ထားတာလေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးဘူး။ ဘယ်အဖွဲ့မှ မလုပ်ပေးဘူး။ ဦးကျော်သူတို့ အဖွဲ့က လုပ်နေတယ်လို့ ကြားရတာပဲ။ ဒါပေမဲ့ဗျာ၊ အလောင်းက မရေမတွက်နိုင်အောင် များနေတဲ့ အခြေအနေဆိုတော့ ဘာမှ အရာမရောက်ဘူး။ ကိုယ် တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အလောင်း ၇ဝ၊ ကျွဲ ၄ ကောင်၊ နွား ၁ ကောင်၊ မြေမြှုပ်တန်တာ မြှုပ်၊ မီး မီးသဂြုင်္ိဟ်တန် မီးရှို့သဂြုင်္ိဟ်ခဲ့တယ်။ ဘုန်းကြီးတို့ ပါသွားတဲ့ လောင်စာက ဒီလောက်ပဲလေ။ အလောင်းတွေက ကိုင်လို့တောင် မရတော့ဘူး။ ကိုင်လိုက်ရင် ခြေထောက်ကဆွဲရင် ခေါင်းက ပြုတ်ကျန်ခဲ့။ အဲဒါတွေ ကောက်ပြီး မီးရှို့၊ အဲလို လုပ်ရတာ။ အဲဒါတွေက ရေထုရော၊ လေထုရော အကုန်ကို ညစ်ညမ်းစေတယ်လေ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကတော့ ဆင့်ပွားဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာလေ။

မေး။ ။ ပြန်လာတော့ အရှင်ဘုရားတို့ အားလုံး ပြန်ကြွလာကြတာလား။

ဖြေ။ ။ ရေစုပ်စက် ၁၃ လုံးနဲ့၊ ကပ္ပိယ ၁၁ ယောက်ထားခဲ့တယ်။ ဆက်ပြီးတော့ စာရင်းပေးထားတဲ့ ရပ်ရွာတွေ၊၊ အားကိုး အားထားပြုတဲ့ ရေကန်တွေကို အကုန်ဆက်လုပ်နေတယ်။ ဘုန်းကြီးတို့ ရောက်တာက အကြိမ် ၅ ခေါက်ရှိပြီး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း ရောက်ပြီးပြီ။ လပွတ္တာက ထဲထဲဝင်ဝင် ဒေသတွေကို မရောက်သေးလို့ သွားခဲ့တာ။

မေး။ ။ ဒေသထဲက သာသနိက အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘုန်းကြီးတွေ သေတဲ့ ကျောင်းတွေက အများကြီး။ ကျောင်းတွေက မရှိတာ များပါတယ်။ ပြိုပျက်ကုန်ကြတာ များပါတယ်။ တချို့တိုင်တောင် မကျန်ဘူး။ အဲဒါတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။

မေး။ ။ ဝါတွင်းကျတော့ အရှင်ဘုရားတို့ လုပ်ငန်းတွေ ဘယ်လို ဖြစ်သွားမလဲဘုရား။

ဖြေ။ ။ ပုံမှန်အတိုင်းပေါ့ဗျာ။ ကျုပ်ကလည်း ဗုဒ္ဓ တက္ကသိုလ် ဖွင့်ထားတော့ အချိန်ရသလောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီးတော့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့လည်း ပြည်တွင်းအနေနဲ့ စေတနာ့ရှင်၊ အလှူရှင်တွေက လာရောက် လှူဒါန်းတာတွေ လက်ပမ်းကျလာတဲ့ သဘောရှိပါတယ်။ တဖြည်းဖြည်း သွေးအေးလို့ လက်ပမ်းကျသွားလို့ ရှိရင် ဒုက္ခသည်တွေ ရှေ့ရေးက ရင်လေးစရာ ကောင်းပါတယ်။ ပြန်လည် ထူထောင်ရေးက တော်တော်ကို မလွယ်သေးတဲ့ ကိစ္စပါ။ ပြည်တွင်းက အလှူရှင်တွေ ပေးနိုင်ကမ်းနိုင်လို့ရှိရင် နောက်ဆုံး ၆ လပိုင်း မကုန်ခင်ပေါ့ဗျာ။

မေး။ ။ ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ပြန်စနေတာ တွေ့ခဲ့လားဘုရား။

ဖြေ။ ။ စဖို့ နေနေသာသာ၊ လယ်တွေက ဆားငန်ရေတွေ ဝင်နေတယ်။ ဘယ်လို နိုင်ငံတကာ ပံ့ပိုးမှုတွေ ဘယ်ပုံရမယ်ဆိုရင် အားရစရာပေါ့ဗျာ။ အဲလို မဟုတ်ဘူး ဆိုရင်တော့ တောင်သူလယ်သမားတွေက လက်ရှိ ဘုန်းကြီးပေးတဲ့ ပေါက်တူးလေး တလက်တောင် အားရဝမ်းသာနဲ့ တော်တော်လေး ပေါက်တူးလေးဖက်ပြီး ဝမ်းသာနေကြတာ။ အဲလောက်လေးရတာ ဝမ်းသာတယ်ဆိုတော့ ကျွဲတွေ၊ နွားတွေမှ မရှိတော့ပဲ။ ကြားခဲ့တာက တအုပ်စုက ရေကန် သန့်ရှင်းရေး လုပ်ကိုင်နိုင်ဖို့ ၅ ရွာ၊ ၆ ရွာ စုထားတဲ့ ကျေးရွာအုပ်စုတွေ ရှိတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ရေစုပ်စက်၊ ၃ လက်မပိုက်နဲ့ တလုံးရတယ် ပြောတာပဲ။ ရနေတာ မဟုတ်ဘူး၊ ရမှာ ပြောတာ။

အနည်းစုတော့ အဆောက်အဦ ပုံသဏ္ဍာန်တော့ ကျန်ပါသေးတယ်။ ပြိုလဲသွားတာ များပါတယ်။ ဘာမှ မကျန်တာ များပါတယ်။

မေး။ ။ ရွာသားတွေက ဘယ်လို နေနေကြလဲဘုရား။

ဖြေ။ ။ ရွာသားတွေက အသက်ရှင် ကျန်နေတဲ့ သူတွေက စုစည်းပြီး တနေရာမှာ ကိုယ့်အိမ့် ကိုယ့်နေရာ မရွေးတော့ဘူး။ စုစုရုံးရုံးနေမှလည်း ကိုက်မှာလေ။ ညဘက်တွေမှာ တစုတဝေးထဲ ရှိမှကိုး။ အဲဒီမှာ တာပေါ်လင်စတွေနဲ့ ကာထားတာတို့၊ မိုးထားတာတို့ အဲလိုစုနေမှ ဖြစ်မှာကိုး။ စုမနေရင် ညဘက်ဆို အန္တရာယ် ရှိတာကိုး။ အဲဒီမှာက ညဘက်ကျတော့ သေသွားတဲ့ လူတွေက သေချင်းဆိုးတွေနဲ့ သေတာဆိုတော့ မကျွတ်မလွတ်တာတွေ များတယ်လေ။ ညဘက်ကျတော့ ကယ်ပါ၊ ယူပါ အသံဗလံတွေက တော်တော်များများ ကြားနေရတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အမျှအတန်း ဝေခဲ့တာပဲ။ ရနိုင်သူတော့ ရမှာပေါ့ဗျာ။ အကုန်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကံနည်းလို့ ဒီဘဝရတာကိုး။ အဘိဓမ္မာလို ပြောရင်တော့ ဘဝပေါင်းများစွာက ကံတခုကလည်း သာသနာနဲ့ ကြုံပြီး သာဓုခေါ်ဖို့ သတိရရင်တော့ ကျွတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဘယ်တတ်နိုင်မှာလဲ။ မဟုတ်ဘူးလား။

မေး။ ။ တပည့်တော်တို့လည်း ကြားပါတယ်ဘုရား။ ဒီကိစ္စတွေ။

ဖြေ။ ။ မနက်မိုးလင်း အာရုံဆွမ်း စားပြီးရင် သင်္ဘောကျောက်ချ၊ နှစ်စီး တွဲထားတာကိုး။ တပည့်တို့ တို့လာတာ ကယ်ဆယ်ရေး လုပ်ဖို့လာတာ။ မွန်မြတ်တဲ့ စိတ်စေတနာကို သစ္စာဓိဋ္ဌာန် ပြုပြီးတော့၊ ပဲ့ထောင်မှာ ဘယ်နှစ်ပါးတက်ကြ။ ကပ္ပိယ ဘယ်နှစ်ယောက်သွားကြ။ ပစ္စည်း ပစ္စယ တင်ကြ။ သွားကြ။ ညနေ ၆ နာရီမှ ပြန်မရောက်ရင် မင်းတို့ကိုတော့ ငါရေစက်ချ အမျှဝေလိုက်မယ်။ ငါတို့ ထိုနည်းလည်းကောင်း ဒီအတိုင်းပဲ ထွက်မှာကိုး။ လှိုင်းတွေ လှေတွေ၊ တံပိုးတွေကြားမှာ သွားရမှာကိုး။ သစ္စာတရား မှန်ကန်လို့လား မသိဘူး။ ဘေးမသီ၊ ရန်မခ အကုန် ပြန်ရောက်တယ်။ သွားတဲ့ နေရာတွေက သိပ်ဝေးလံတော့ လှိုင်းလေတွေက ကြီးတော့ မော်တော်သမား၊ ပဲ့ထောင်တွေက ကျွမ်းကျင်မှုနည်းရင် မပို့ရဲဘူး။ ထိုက်တန်တဲ့ အဖိုးအခတော့ ဘုန်းကြီးက ပေးပါတယ်။ ဝတ်ရွတ်တယ်။ ပရိတ်ရွတ်တယ်။ အမျှဝေပေးတယ်လေ၊ ညတိုင်း လုပ်ပေးတယ်။ ဘုန်းကြီးတို့ တခါတလေ အနံအသက်ဆိုးတွေ ရတယ်။ အမျှယူချင်လို့ လာကြတယ် ထင်တာပဲ။ တချို့ ဦးပဉ္စင်းတွေဆိုရင် ထင်ထင်ရှားရှားကြီးတွေ တွေ့ရ။ အနံ့အသက်တွေ ရကြ။ ဒါတွေက သူတို့ဘဝရဲ့ ဘဝအကျိုးပေးတွေပေါ့။ သူတို့ လာတယ်ဆိုတဲ့ အထောက်အထားတွေပေါ့။

မေး။ ။ ဘာများ မိန့်ကြားချင်သေးလဲ ဘုရား။

ဖြေ။ ။ လုပ်တဲ့ကိုင်တဲ့ သံဃာတွေလည်း ထိထိရောက်ရောက် သွားပြီးမှာတော့၊ ကိုယ်ပင်ပမ်းတာကို ပဓာနမထားဘဲနဲ့ ဒုက္ခသည်တွေ လက်ထဲကို ကိုယ်ထိလက်ရောက် သွားပေးနိုင်ရင် ကောင်းမှာပဲ။ ကြားပါတယ်။ ဘယ်ဆရာတော်က ဘယ်မြို့ကို ဦးတည်သွားပြီး ပုံအောပြီး အပ်ပစ်ခဲ့တာတို့၊ ကြားပါတယ်။ ငါ့လာအပ်ရင် ကောင်းမှာလို့၊ အပ်ပစ်ခဲ့တာ မသေချာဘူး။ ၅ဝ ရာခိုင်နှုန်း ရောက်ဖို့တောင် မသေချာဘူး။ တကယ့် နေရာတွေကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။
မဇ္ဈိမ

No comments: