လွတ်လပ်ရေးရတာအနှစ် ၆၀ရှိသွားပြီ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာမှာ၊ အထူးသဖြင့်အာရှတိုက်မှာ လွတ်လပ်ရေးရတဲ့ နိုင်ငံတွေအလျှိုလျှိုပေါ် လာကြတယ်။ ဒီအထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှားလို လူဦးရေအင်မတန်များတဲ့ နိုင်ငံကြီးတွေလည်းပါတယ်၊ လာအိုလို၊ ကမ္ဘောဒီး ယားလို နိုင်ငံငယ်တွေလည်းပါတယ်။ စထွက်တုန်းကတော့ အားလုံးအတူတူတာထွက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ရာစုနှစ်တစ်ဝက် ကျော်လာလို့ ပြန်ကြည့်လိုက်တော့ ဗမာပြည်က နောက်ဆုံးမှာတရွတ်ဆွဲလိုက်နေတယ်ဆိုတာ တွေ့ကြရတယ်။ နအဖလက် ထက်ဗမာပြည်ရဲ့ ဒီနေ့ တဦးချင်းဂျီဒီပီနှုန်းက အာစီယံနိုင်ငံ တွေထဲမှာတောင် အနိမ့်ဆုံး။
အာရှတိုက်မှာ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်လာတဲ့နိုင်ငံတွေရဲ့ လွတ်လပ်ပြီးကာလ သမိုင်းတွေကို သုတေသန ပြုပြီးယှဉ်လိုက်ရင် ဗမာပြည်လောက် နိုင်ငံရေးအရ ဖိနှိပ်မှုပြင်းထန်တာ၊ ရှည်ကြာတာ၊ နိုင်ငံရေးအကျဉ်းသမားတွေ များပြား တာမရှိဘူးလို့ တွေ့ရမယ်ထင်တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသားချင်းအပေါ် ဖိနှိပ်ရာမှာကမ္ဘာရှားဖြစ်တယ်။ အမေရိကန်နဲ့ တောင်တိုက်ခဲ့ကြရတဲ့ ကိုရီးယား၊ ဗီယက်နမ်စတဲ့ စစ်ပွဲကြီးတွေ ပြီးပြတ်ကုန်ပြီ။ ပြည်တွင်းစစ်ဆိုတာတွေလည်း အာရှအရှေ့ ပိုင်းမှာ မကျန်တော့သလောက်ပဲ။ ဗမာပြည်မှာသာ - စစ်အုပ်စုတွေဟာ (လူဦးရေနဲ့ အချိုးအစားတွက်လိုက်ရင်) ကမ္ဘာ့အကြီး ဆုံး စစ်တပ်ကြီးတည်ဆောက်၊ ပြည်တွင်းစစ်ကိုတမင်မွေးပြီး ပျော်ပျော်ကြီးစစ်တိုက်စားနေတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်၊ အမွှာလိုမွေးဖွားခဲ့တဲ့ ဗမာပြည်ကြီးဟာ ဒီစစ်ကြောင့်အမျိုးသားစည်းလုံးညီညွှတ်ရေး မတည်ဆောက်နိုင်ပဲ အမျိုးသားစီးပွားရေးဟာ အဘက်ဘက်ကခြွတ်ခြုံကျလာခဲ့တယ်။ ဒါနဲ့ပြောင်းပြန် ဒီစစ်ကြောင့်ပဲ စစ်အုပ်စု ခါးပိုက်ဆောင်စစ်တပ်ကြီးဟာ ကြီးထွားသထက်ကြီးထွားလာ၊ စစ်အုပ်စုနဲ့အပေါင်းပါတွေ ချမ်းသာသတက်ချမ်းသာလာတယ်။ အရှေ့တောင်နဲ့ တောင်အာရှမှာ အစောဆုံးလွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ဟာ နိုင်ငံတကာအစည်းအဝေး တွေမှာ ခေါင်းမမော်နိုင်ယုံမက ဟိုလူကဝေဖန်၊ ဒီလူကဆုံးမနဲ့မို့ ခေါင်းပုနေရတဲ့ဘ၀ ရောက်နေရတယ်။
နအဖဟာ ဗမာပြည်ကို ကမ္ဘာ့အလယ်မှာဂုဏ်ယူနိုင်အောင် ဘာတွေများစွမ်းဆောင်ပေးနိုင်ခဲ့သလဲ။ စီးပွားရေး- တတိယနိုင်ငံအဆင့်ကနေ စတုတ္ထနိုင်ငံအဆင့်လျှောကျပြီး အကြွေးတွေလည်ပင်းရောက်နေတယ် (ဒါတောင်သူများတွေက ချေးမပေးကြလို့၊ နအဖကတော့ အကြွေးသာရရင် ဆင်တောင်အလကားယူမယ်ဆိုတဲ့ဟာမျိုး)။ လူမှုရေး- လူမှုဖူလုံရေးခံစား ခွင့်၊ အမတော်ကြေး စတာတွေဟာ သဏ္ဌာန်သာသာတောင်မှမရှိတော့။ ရှိသူနဲ့မရှိသူ၊ လူတန်းစားကွဲပြားမှုသိသာခြားနားလွန်း လို့ တရားရုံး၊ ဖြန်ဖြေရေးရုံး စတာတွေအားလုံးဟာ တံဆိပ်တုံးနှိပ်ရာသက်သက်ဖြစ်ကုန်တယ်။ ကျန်းမာရေး- စစ်အုပ်စုထိပ်သီး ပိုင်းသာမက ငွေးကြေး တတ်နိုင်သူမှန်သမျှ ပြည်ပထွက်ဆေးကုနေကြတယ်။ အာဟာရမပြည့်စုံသူတွေ၊ ဆေးဝါးမတတ်နိုင်သူ တွေ အများဆုံးရှိနေတဲ့ ဒီနိုင်ငံမှာမှ အေအိုင်ဒီအက်စ်ရောဂါက အဆိုးဝါးဆုံးနှိပ်စက်နေတယ်။ ပညာရေး- ကိုလိုနီခေတ်တုန်း က အိမ်နီးနားချင်းနိုင်ငံတွေကလူတွေ ဒီမှာလာပြီးပညာမျိုးစုံသင်ယူကြတာတွေရှိတယ်။ အခုတော့ သားသမီးကို ပြည်ပပို့ပညာ သင်ကြားစေရေး၊ ပြည်ပမှာပဲအလုပ် အကိုင် ရရှိစေရေးဟာ မိဘတွေရဲ့မျှော်လင့်ချက်တခုဖြစ်နေပြီ။ နိုင်ငံရေး- လက်ရှိကမ္ဘာမှာ နိုင်ငံရေးအကျဉ်းသမား အရေအတွက် အများဆုံးနဲ့ သက်တမ်းအရှည်ဆုံးစံချိန်တင်ထားတယ်။
လွတ်လပ်ရေးဟာ ဘာအဓိပ္ပာယ်များရှိသေးသလဲမေးစရာဖြစ်နေတယ်။ အာဇာနည်အဆက်ဆက်တို့ အသက်ပေး တိုက်ပွဲ ၀င်ခဲ့တာဟာ ဒီစစ်ဗိုလ်ချုပ်တွေ ကောင်းစားဖို့လားလို့လည်း မေးစရာဖြစ်နေတယ်။
လွတ်လပ်ရေးကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူးဆိုတာ ဗမာနိုင်ငံသားတွေအသိဆုံးပဲ။ နယ်ချဲ့နိုင်ငံကြီးတွေချင်း စစ်ပွဲတွေ အသွင်နဲ့ ထိပ်တိုက်ဆောင့်နေကြတဲ့အကြားက ကိုလိုနီအမျိုးသားတရပ်က လွတ်လပ်ရေးရဖို့လုံးပမ်းရတယ်ဆိုတာ စွန့်လွှတ်ပိုင်း ဖြတ်မှုတွေလိုသလို နည်းပရိယာယ်တွေလိုလှတယ်။ အင်္ဂလိပ်ကိုလိုနီသခင်တွေရဲ့ ၉၁ ဌာန၊ ဒိုင်အာခီစတဲ့ မျက် စေ့လည်စရာ ချော့မြှူမှုအမျိုးမျိုးကိုဖယ်ရှားပြီး ဓနသဟာယနိုင်ငံစာရင်းထဲတောင်မ၀င်တဲ့ လုံးဝလွတ်လပ်ရေးကို ရအောင် တိုက်ပွဲဝင်ခဲ့ရတာ ဗမာပြည်က အမျိုးသားခေါင်းဆောင် အဆက်ဆက်နဲ့ ပြည်သူတွေရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒီကြားထဲမှာ ဂျပန်ပေးတဲ့လွတ်လပ်ရေးကို ပါးနပ်စွာအသုံးပြုပြီး ဂျပန်ကိုပြန်တော်လှန်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူစရာအချက်လည်းရှိသေးတယ်။
အရှေ့တောင်အာရှနဲ့ တောင်အာရှမှာအစောဆုံးလွတ်လပ်ခဲ့တဲ့ နိုင်ငံဟာအခုအခါမှာ အဘက်ဘက်နောက်အကျ ဆုံးဖြစ်နေရတယ်။ စစ်အာဏာရှင်စနစ်ကြောင့်မို့ ဒီအဖြစ်ရောက်ရတယ်ဆိုတာ ဘာမှအငြင်းပွားစရာမရှိတဲ့အချက်ဖြစ်တယ်။ မိမိတို့ရဲ့ ဗမာနိုင်ငံကိုကမ္ဘာ့အလယ်မှာ ဂုဏ်နဲ့ဒြပ်နဲ့ ရပ်တည်နိုင်စေဖို့၊ ခေတ်မီစက်မှု၊ သိပ္ပံနည်းပညာများထွန်းကားတဲ့၊ ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရမယ်ဆိတာလည်း ရှင်းနေတယ်။
ဗမာပြည်သားများအနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသလိုပဲ စည်းလုံးညီညွှတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံ မှု၊ နည်းပရိယာယ်ကြွယ်ဝမှုတွေ ဖော်ပြကြရအုန်းမယ်။
ဒီနေ့အခါမှာ နိုင်ငံတကာ့အခြေအနေက ဗမာပြည်သူပြည်သားတွေ ကိုယ့်ဖာသာလုံးပမ်းတိုက်ခိုက်မှရမယ်ဆိုတာကို ပြဌာန်းနေတယ်။ ကယ်တင်ရှင်မျှော်ကိုးမှု၊ စိတ်ကူးယဉ်မှုတွေကို ဖယ်ရှားပြီး ‘ငါသာလျှင်အရှင်သခင်၊ ငါသာလျှင် ငါ့သမိုင်း ဖန် တီးသူ’ ပီသစွာ တိုက်ပွဲဝင်ကြရမှာပဲ။ စစ်အုပ်စုကို ထိထိရောက်ရောက်ထိုးနှက်နိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ စက် တင်ဘာအရေးအခင်း စိတ်ဓာတ်တွေကိုကိုင်စွဲ၊ အဲဒီက သင်ခန်းစာတွေထုတ်၊ အတုယူစရာတွေယူပြီး အောင်ပွဲအလံကိုလွှင့် ထူကြပါစို့။
၂၀၀၈ခုနှစ်ကို တိုက်ပွဲဝင်စိတ်ဓာတ်၊ အောင်ပွဲခံသန္နိဌာန်နဲ့ လှမ်းဝင်ကြပါစို့။
ဗသြ
Monday, December 31, 2007
အနှစ် ၆၀လွန်တဲ့အခါမှာ
Posted by
thitsarforce
at
11:22 PM
0
comments
Labels: ဆောင်းပါး
Monday, December 24, 2007
ချီနှင့် သူ၏ခုနှစ်များ
ဇင်ဇင်
“ကြီးမြတ်တဲ့ ဘယ်အလုပ်မျိုးကိုဖြစ်ပါစေ လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် ပြင်းထန်ပြင်းပြတဲ့ ခံစားမှုဟာ လိုအပ်ချက်ဖြစ်တယ်၊ တော်လှန်ရေးအတွက် ပြင်းပြတဲ့ခံစားမှုနဲ့ရဲရင့်မှုဟာ တခွက်စာနဲ့မလုံလောက်ဘူး။ အဆက် မပြတ် သောက်ဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေပါပဲ”
ချီက သူ့မိဘတွေထံ စာရေးသည့်အခါ ထိုကဲ့သို့ပင်သူ့စိတ်ဓါတ်ကို ရင်ဖွင့်တတ်သည်။ ချီ၏ဘ၀တွင် ကြီးမြတ်သည့် လုပ်ငန်းနှစ်ခုကို လုပ်ခဲ့သည်။ လူတို့၏ ရောဂါဘယနှင့်အသက်ကို ကာကွယ်ကယ်တင်သည့် ဆရာဝန်အလုပ်။ နောက်အလုပ်တခုက မတရားဖိနှိပ်သွေးစုပ်ခံရသည့်ဘ၀များမှ လွတ်မြောက်ရေးအတွက် ရုန်း ကန် ကြိုးပမ်းသည့် တော်လှန်ရေးသမားအလုပ်၊ တကယ်က ချီ၏ဘ၀တခုလုံးသည် လက်တင်အမေရိက ပြည်သူ တို့၏ လွတ်မြောက်ရေးတွင် နစ်မြှုပ်နေခဲ့လေသည်၊
ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်သည် အရှေ့တောင်အာရှတွင်သာမက လက်တင်အမေရိကနိုင်ငံ များကိုပါ ၀င်ရောက်ကျူးကျော် နယ်ချဲ့လာခဲ့သည်။ အချို့နိုင်ငံများတွင် နယ်ချဲ့ပြင်သစ်နှင့် ဗြိတိသျတို့နယ်ချဲ့ သွေး စုတ်သည့် အခြေခံစခန်းကို အမေရိကန်က အစားထိုးဝင်ရောက်နေရာ ယူခဲ့သည်။ အရင်းရှင်နယ်ချဲ့တို့ စားခွက် (စခွက်) လု အာဏာပြိုင်ပွဲဖြစ်သည့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားခဲ့ပြီးနောက် နယ်ချဲ့လက်သစ်ကြောင့် အာရှ အာဖရိကနှင့် လက်တင်အမေရိကတို့မှာ ပို၍မတည်မငြိမ် ဖြစ်လာခဲ့သည်။ ဆင်းရဲငတ်မွတ်ခြင်းနှင့်အတူ လူ့အခွင့် အရေး။ ဒီမိုကရေစီတို့ကို ဆုံးရှုံးလက်လွတ်ခဲ့ကြရသည်။
တော်လှန်ရေးသမားဆရာဝန်ချီသည် အဖိနှိပ်ခံပြည်သူ တို့ဘက်ကရပ်တည်တော်လှန်ခဲ့သည်။ ဆရာဝန် အဖြစ်နှင့်ပင် သာမန်ဆရာဝန်များကဲ့သို့ ဆေးကုသရင်း အေးအေးချမ်းချမ်း နေလို့ရရဲ့သားနှင့် ဘာကြောင့်များ မအေးချမ်း မသာယာသည့် တော်လှန်ရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခဲ့ရသလဲ။ မတရားဖိနှိပ်။ မတရားအ မြတ်ထုတ် သွေးစုတ်နေသည်ကို လက်ပိုက်ကြည့် မနေနှိင်၍ဖြစ်သည်။ ပြည်သူလူထုတွင် စွဲကပ်နေသော အနာ ရောဂါတွေထက်ဆိုးဝါးသော သွေးစုတ်ခြယ်လှယ် ခံလူမှုဘ၀ကပ်နာကို တော်လှန်ရေးဖြင့် ကုသလိုသောကြောင့် ဖြစ်သည်။ တော်လှန်ရေးခရီးကား ခက်ကြမ်းလှပေစွ။ အသက်ပေး ကိုယ်ကျိုးစွန့်လွှတ်မှုဖြင့်သာ ထိုခက်ကြမ်း တမ်းမှုများအားလုံးကို နောက်ကြော ဘက်တွင်ထားခဲ့နိုင်သည်၊ ချီက ထိုသို့ပေးဆပ်ရဲသူ။ ပေးဆပ်ဝံ့သူ။ မည်ကဲ့ သို့သော တော်လှန်ရေးသမားပင်ဖြစ်စေ ပြည်သူလူထုလွတ်မြောက်ရေး အတွက်ခိုင်မာပြတ်သားသည့် ယုံကြည် ချက်၊ စိတ်ဓါတ်၊ ဇွဲသတ္တိတို့နှင့် တော်လှန်ရုန်းကန်သောအခါ ကိုယ်ကျိုးစွန့်လွှတ်မှုဖြင့် အခက်အခဲတောင်တန်းများ ကို နောက်ကြောဘက်တွင် ထားခဲ့နိုင်ကြလေတော့သည်။ ထို့ကြောင့်လည်း တော်လှန်ရေးသမားတိုင်းသည် မြင့်မြတ်သော ဂုဏ်ပုဒ်များနှင့် တောက်ပပြိုးပြက်ခဲ့ကြခြင်းဖြစ်သည်။ ချီသည် ထိုတော်လှန်ရေးသမားတွေထဲက စံနမူနာပြသင်္ကေတ တခုဖြစ်သည်။
တချို့က တကိုယ်ရေလွတ်မြောက်ရေး ကိုသာလုပ်သူ၊ ဘယ်သူသေသေ ငတေမာလျင်ပြီးရော ဆိုသည့်သူ။ တကိုယ်ရေကောင်းစားရေး၊ မိသားစုကောင်းစားရေးကိုသာ ကြိုးပမ်းသူ။ တချို့က မိမိတို့တစုတဖွဲ့ကောင်းစား ရေး လွတ်မြောက်ရေး အတွက်စွမ်းဆောင် အားထုတ်သူ၊ ထိုကဲ့သို့သော လူပုဂ္ဂိုလ်များထက် လူ့အဖွဲ့အစည်းတရပ် လုံး လူတန်းစားတရပ်လုံး လွတ်မြောက်ရေးကို ရှေးရှုဦးတည်လျက် အသက်စွန့်ကြိုးပမ်းလှုပ်ရှား သူတို့မှာကြီး မြတ်၊ မြင့်မြတ်လှပေစွ။ သိက္ခာမဲ့သော တကိုယ်ကောင်းသမားတို့နှင့် တန်ဘိုးခြင်းမယှဉ် သာတော့ပေ။
အဖိနှိပ်ခံလူတန်းစားများ လွတ်မြောက်ရေးထက် နိုင်ငံတကာ အဖိနှိပ်ခံလူထု လွတ်မြောက်ရေးကိုပို၍ အားသန်ရည်စူးခဲ့သူ ပြောက်ကျားတော်လှန်ရေး ဆရာဝန်နှစ်ဦးကတော့ ဒေါက်တာချီဂွေဗာရားနှင့် ဒေါက်တာ နော်မင်ဗက်သွန်းတို့ဖြစ်သည်။ ဒေါက်တာနော်မင်ဗက်သွန်းက သန်းပေါင်းရှစ်ရာကျော် တရုတ်လူထုလွတ်မြောက် ရေးတိုက်ပွဲတွင် တော်လှန်ရေးတပ်မတော်သားအနီတို့နှင့်အတူ အသက်ပေးစွန့်လွှတ်ခဲ့သည့် ပြောက်ကျားဆရာ ၀န်၊ ဒေါက်တာချီက ကျူးဘား၊ ကွန်ရို၊ ဗိုလစ်ဗီးယားနှင့် လက်တင်အမေရိကမှ သန်းပေါင်းများစွာသော အဖိနှိပ်ခံ ပြည်သူတို့၏ လွတ်မြောက်ရေးတွင် အသက်ပေးပါဝင်ခဲ့သည့် ပြောက်ကျားခေါင်းဆောင်ကြီး။ အဖိနှိပ်ခံလူမျိုးစုံ အမျိုးသားပြည်သူလူထု များလွတ်မြောက်ရေးအတွက် ယနေ့တိုင်ရုန်းးကန်လှုပ်ရှားနေသည့် တော်လှန်ရေး သမားတိုင်းသည် ကိုယ်ကျိုးစွန့် မွန်မြတ်သူလှသူများအဖြစ်၊ ဇွဲသတ္တိ စိတ်ဓါတ်ခိုင်ခန့်သည့် သူရဲကောင်းများအဖြစ် ချီနှင့် ဗက်သွန်းတို့နှင့်အတူ တောက်ပနေခဲ့ကြခြင်း ဖြစ်သည်။
(၂)
ဤဆောင်းပါးတွင် ချီ၏တော်လှန်ရေးသမားဘ၀နှင့် တော်လှန်ရေးလှုပ်ရှားမှုကို ထင်ဟပ်သည့် ချီ၏ ရက်စွဲ အလိုက်ဖြစ်စဉ်များကို (Che Time Line) ကိုဖော်ပြလိုက်ပါသည်။ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး အခြေအနေ များကိုလည်း ချီ၏ရက်စွဲဖြစ်စဉ်များနှင့် ကိုက်ညှိကြည့်နိုင်မှာဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံရေး အ ခြေအနေကို ကြည့်လျင်အမေရိကန် နယ်ချဲ့နှင့် ဆိုရှယ်လစ်နိုင်ငံများဋိပက္ခ နယ်ချဲ့အရင်းရှင်နှင့် သွေးစုတ်အဖိနှိပ်ခံ အာရှ အာဖရိက လက်တင်အမေရိကတို့မှ ပြည်သူများ၏ ပဋိပက္ခတိုက်ပွဲများက တင်းမာနေဆဲ။ ဒေသဆိုင်ရာ စစ်ပွဲ များကတောက်လောင်ဆဲဖြစ်သည်။ အထူးသဖြင့် အရင်းရှင်နယ်ချဲ့များဖြစ်ကြသည့် ပြင်သစ်၊ ဒတ်ခ်ျ၊ စပိန်၊ ပေါ်တူဂီနှင့် ဗြိတိသျတို့ တစထက်တစ နေ၀င်ခဲ့သည့်ကာလ။ ဂျာမဏီနှင့် ဂျပန် တို့လုံးဝစစ်ရှုံးသည့် ကာလတွင် အမေရိကန်နယ်ချဲ့က ကမ္ဘာကိုလွှမ်းမိုးချုပ်ကိုင်ရေး လုပ်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်အပြီးတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေးတိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုကမ္ဘာ့နိုင်ငံရေး၊ စစ် ရေး၊ စီးပွားရေး နောက်ခံကားချပ်ကို အကြမ်းမျဉ်းသိရှိထားမှသာ ချီ၏ရက်စွဲအလိုက်ဖြစ်စဉ်များကို ပို၍ကြည်လင် ထင်ရှားစွာ တွေ့မြင်နိုင်မှာ ဖြစ်သည်။
၁၉၂၈ ဇွန် ၁၄။ ။ ဖခင် အာနက်စတိုဂွေဗာရာလင့်ခ်ျ (Ernesto Guevara Lynch) နှင့် မိခင်စီလီယာ ဒီလာဆာနာ (Celia de Laserna) တို့ကသားသမီး ငါးယောက်အနက် သားအကြီးဆုံး အာနက်စတို ဂွေဗာရာ ဒီလာဆာနာ (ချီ ) ကိုအာဂျင်တီးနား (Argentina) တွင်မွေးဖွားသည်။
၁၉၅၀ ဇန္န၀ါရီ ၁။ ။ အာဂျင်တီးနားမြောက်ပိုင်းကို စစ်တပ်စက်ဘီးဖြင့် ခရီးထွက်လှည့်လည်ခဲ့ရာ မိုင်သုံးထောင် ခရီးပေါက်ခဲ့သည်။ (အသက် ၂၂ )
၁၉၅၂ ဇန္န၀ါရီ မှ ဇူလိုင် အထိ။ ။ သူငယ်ချင်း အယ်လ်ဘာတိုဂရာဒိုနာ (Alberto Granado) နှင့်အတူ ကိုလိုနီကုဌနူနာစွဲကပ်နေသော ပီရူး (In a Leper colony in peru) နှင့်သွားရောက်လည်ပတ်။ ပီရူး မှာအလုပ်လုပ် လိုက်သေးသည်။
မတ်လ ၁၀။ ။ကျူဘားတွင် ဖူဂျင်စီယို ဘာတစ္စတာ အာဏါသိမ်းခဲ့သည်။
၁၉၃၅ ဇွန် ၁၂။ ။ ဆရာဝန်ဘွဲ့  ကိုရရှိခဲ့။
ဇူလိုင် ၆။ ။ လက်တင်အမေရိက တခွင်သို့ ခရီးထွက်ခဲ့သည်။
ဒီဇင်ဘာ။ ။ ချီသည် ကော့စ်တာရီကာ (Costa Rica) နှင့်ဆင်ဂျိုး (San Jose) တို့တွင်တိုက်ပွဲဝင် ခဲ့ကြသူများထဲမှ အသက်ရှင်ကျန်ခဲ့ကြသည့် တော်လှန်ရေးသမားများနှင့် ပထမဆုံး အဆက်အသွယ်ရရှိခဲ့သည်။
ဒီဇင်ဘာ ၂၄။ ။ ဂွါတီမာလာ (Guatemala) သို့ရောက်ရှိခဲ့သည်။ ထိုစဉ်က ဂျက်ကိုဘိုအာဘင် (Jacobo Arbenz) အစိုးရက လယ်ယာမြေ ပြုပြင်ပြောင်းလဲ ရေးလုပ်နေသည့်ကာလ။
၁၉၅၄ ဇန္န၀ါရီ၊ ဇွန်လ။ ။ အလုပ်မျိုးစုံကို လုပ်ကိုင်ရင်း ချီသည် မာ့စ်ဝါဒကိုလေ့လာနေခဲ့။ ကျူးဘားမှ ထွက်လာခဲ့သည့် ကျူးဘားတော်လှန်ရေးသမားများကို တစထက်တစ ထိတွေ့ရင်းနှီးလာခဲ့သည်။
ဇွန် ၁၇။ ။ အမေရိကန် စီအိုင်အေ (CIA) ကြောထောက်နောက်ခံပြုသည့်ကြေးစားစစ်သားများ ဂွါတီမာသို့ ကျူးကျော် လွမ်းမိုးလာခဲ့သည်။(၄)
ဇွန် ၂၇။ ။ အစိုးရခေါင်းဆောင် ဂျက်ကိုဘိုအာသင့်ဇ် ရာထူးမှနုတ်ထွက်။
သြဂုတ်။ ။ အမေရိကန် စီအိုင်အေ ကြေးစားတတ်များက ဂွါတီမာလာ မြို့ကိုဝင်ရောက်စီးနင်းပြီး ဂျက်ကိုဘိုအာ သင့်၏ အစိုးရကိုထောက်ခံသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ချီသည်လည်း အာဂျင်တီးနား သံရုံးကို တိတ်တဆိတ် ထွက်ပြေးခိုလှုံခဲ့ရ။
စက်တင်ဘာ ၂၁။ ။ မက်စီကိုမြို့တော်ကို ရောက်ရှိလာပြီး ဆရာဝန်အဖြစ်အလုပ်လုပ်၊
၁၉၅၅ မေ ၁၅။ ။ ကျူးဘားတွင် ကပ်စ်ထရိုနှင့် ရဲဘော်များအကျဉ်းထောင်မှ ပြန်လွတ်လာကြသည်။ (၁၉၅၃ ဇူလိုင် ၂၆ တွင် ကျူးဘားရှိ မွန်ကာဒါဘားရက်စ် အကျဉ်းထောင်ကို ကပ်စ်ထရိုတို့စတင်တိုက်ခိုက်ခဲ့။ ဘာတစ် စတာအစိုးရကို စတင်တော်လှန်ခဲ့စဉ် ကပ်စ်ထိရိုနှင့် သူ၏ရဲဘော်များအဖမ်းခံခဲ့ရ။ ထောင်ကျခဲ့ကြသည်။)
ဇွန်။ ။ ချီနှင့် အာရုရယ် ကပ်စ်ထရို (Raul Castro) တို့ဆွေးနွေး။
ဇူလိုင် ၇။ ။ ကျူးဘားနီုင်ငံထဲသို့ လက်နက်ကိုင်တော်လှန်ရေး တင်ပို့ရန်အတွက် ဖီဒယ်ကပ်စ်ထ (Ffidel Castro) မက်စီကိုသို့ရောက်လာ။
ဇူလိုင်။ ။ ချီနှင့်ကပ်စ်ထရိုတို့ တွေဆုံခဲ့ကြ။ ချီနှင့်သူ၏ အဖွဲ့ပြောက်ကျားစစ်သင်တန်း တက်ရောက်ခဲ့ကြ။ ထို အချိန်မှစတင်၍ အာနက်စကိုဂွေဗါယာကိုသူ၏ရဲဘော်များက “ငါတို့ရဲ့ဆရာဝန်” Che “ချီ” ဟူ၍ ဂုဏ်ပြုခေါ်ဝေါ် ကြရာမှ “ ချီ ” အမည်ကိုစတင်ရရှိ ခဲ့သည်။
သြဂုတ် ၁၈။ ။ ဂွါတီမာလာတွင်တွေ့ရှိခဲ့သည့် ပီရူးနိုင်ငံရေးလှုပ်ရှားသူ ပီရူးအမျိုးသမီး (Peruvian) ဟေလ်ဒါ ဂါဒီယာ (Hilda Gadea) နှင့် ချီတို့လက်ထပ်လိုက်ကြသည်.
၁၉၅၆ ဇွန် ၂၄။ ။ ဆရာဝန်ချီနှင့် ဖီဒယ်ကပ်စ်ထရိုတို့ ၂၆ ဦးတရားမ၀င်နေထိုင်သည့်ပုဒ်မဖြင့် မက်စီကိုတွင် ထောင်ကျခဲ့သည်။ ချီက ၅၇ ရက်ထောင်ကျ။
နိုဝင်ဘာ ၂၅။ ။ ချီအပါအ၀င် ပြောက်ကျားတပ်ဖွဲ့ ၀င် ၈၂ ဦးတို့ ဂရင်းမာ (Granma) သင်္ဘောဖြင့် မက်စီကိုမှ ထွက်ခွါလာခဲ့။
ဒီဇင်ဘာ ၂။ ။ ကျူးဘား အရှေ့မြောက်ကမ်းခြေသို့ ဂရင်းမာ သင်္ဘောဆိုက်ရောက်။
ဒီဇင်ဘာ ၅။ ။ ဘာတစ်စတာအစိုးရက ချီတို့ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြ။ အများစု အသတ်ခံရ။ တချို့လက်ရ ဖမ်းမိခြင်းခံရ။ ချီက ဒဏ်ရာရပြီး ကပ်စ်ထရိုအုပ်စုနှင့်ကွဲသွား။
၁၉၅၇ ဇန္ဒ၀ါရီ ၁၇။ ။ လာပလာတိုရှိ စစ်တပ်ကို ချီတို့သူပုန်တပ်ကသိမ်းယူ။
မေ ၂၈။ ။ အယ်ယူဗာရိုး (El Uvero) မြို့စောင့်တပ်ကိုထပ်မံ၍ လက်ရသိမ်းပိုက်လိုက်သည်။
ဇူလိုင်။ ။ ဒုတိယမြောက် တော်လှန်ရေးတပ်တွင် ချီသည်ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရ။
၁၉၅၈ ဇူလိုင်။ ။ တော်လှန်ရေး ပြောက်ကျားတပ်က ဘာတစ်စတာရဲ့ တပ်တွေကို အယ်လ် ဂျီရူရီ (El Ji gue) ရှုံးနိမ့်။ ဆုတ်ခွါလာခဲ့ကြရ။
သြဂုတ် ၃၁။ ။ ကျူးဘားအလယ်ဗဟိုဒေသမှာ တပ်ရင်းတရင်းကို ချီကထပ်မံတည်ထောင်ဖွဲ့စည်းလိုက် သည်။
အောက်တိုဘာ ၁၆။ ။ ချီ၏တော်လှန်ရေးတပ်သည် အက်စကင်ဘာရီ (Escambray) တောင်တန်းဒေသကို ရောက်လာခဲ့သည်။
ဒီဇင်ဘာ ၂၈။ ။ ချီ၏တပ်သည် လပ်စ်ဘယ်လ်စ် (Las Vilas) ပြည်နယ်၏ မြို့တော်ဝင်ရောက် တိုက်ခိုက်ခဲ့ သည်။
၁၉၅၉ ဇန္ဒ၀ါရီ ၁။ ။ ကျူးဘားအစိုးရခေါင်းဆောင် ဘာတစ်စ်စတာ (Batista) ထွက်ပြေး။ ချီတို့တပ်က စင်တာကလာရာ (Santa Clara) မြို့ကိုသိမ်းပိုက်။ မြို့တော် ဟားဗားနား ( Havana) ကိုသိမ်းပိုက်ရန် ဆက်လက် ကြိုးစားအားထုတ်။
ဇန္န၀ါရီ ၂။ ။ ကပ်စထရို (Castro) ကခေါင်းဆောင်ပြီးလူထုတိုက်ပွဲ ကိုဖော်ထုတ်ခဲ့။ အထွေထွေသပိတ်ကြီး ပေါ်ထွက်လာခဲ့ပြီး အစိုးရလုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားခဲ့။
ဇန္န၀ါရီ ၃။ ။ ဟားဗားနားရှိ မြို့စောင့်တပ်ကို ချီတို့တော်လှန်ရေး ပြောက်ကျားတပ်များက တိုက်ခိုက်သိမ်း ယူ။ ဟားဗားနားကျဆုံး။ မြို့တော်ကို ချီရောက်လာ။
ဇန္န၀ါရီ ၈။ ။ ဖီဒယ်ကပ်စထရို (Fidel Castro) ဟားဗားနားရောက်လာ။
မေ ၁ရ။ ။ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို ထုတ်ပြန်ကြေညာခဲ့။
ဇွန ၂။ ။ ချီနှင့်အယ်လီရာဒါ မာခ်ျ (Aleida March) တို့ လက်ထပ်။ (ဒုတိယမြောက် အိမ်ထောင် ပြုခြင်း။)
ဇွန် ၁၂ မှ ၁၈။ ။ အာရှ၊ အာဖရိက၊ ဥရောပသို့ခရီးထွက်။ စီးပွားရေးနှင့် အတတ်ပညာအတွက် ညှိနှိုင်းဆွေး နွေး။ သဘောတူညီချက်များ ရယူခဲ့။ ကျူးဘားသို့ ပြန်လာ။
အောက်တိုဘာ ၇။ ။ လယ်ယာမြေ ပြုပြင်ပြောင်လဲရေးနှင့် အမျိုးသားစက်မှုလုပ်သားခေါင်းဆောင်အဖြစ် ချီကို ခန့် အပ်ခဲ့ကြ။
နိုဝင်ဘာ ၂၆။ ။ အမျိုးသားဘဏ်ဥက္ကဌအဖြစ် ချီခန့်အပ်ခြင်းခံရ။
၁၉၆၀ အောက်တိုဘာ ၂၁။ ။ ဆိုဗီယက်ယူနီယံ၊ အရှေ့ဂျာမဏီ၊ ချက်ကိုစလိုဗက်ကီးယား၊ တရုပ်ပြည်နှင့် မြောက် ကိုရီးယားတို့ကို ချီသွားရောက် ၂ လခရီး။
၁၉၆၁ ဖေဖ၀ါရီ ၂၃။ ။ စက်မှုဝန်ကြီးဌာနကိုကျူးဘားအစိုးရ ထူထောင်လိုက်ပြီးသည့်နောက် ချီသည်စက်မှု ၀န်ကြီး ဖြစ်လာခဲ့သည်။
ဧပြီ။ ။ အမေရိကန် ကျောထောက်နောက်ခံပြထားသည့် ကြေးစားကျူးဘား ၁၅၀၀ တို့ကျူးဘားကိုဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ သုံးရက်အတွင်းမှာ အမေရိကန် ကြေးစားတို့၏တိုက်ပွဲ ပြီးဆုံးသွားသည်။
သြဂုတ် ၈။ ။ အမေရိကန်နှင့် ကျူးဘားတို့ ပူးတွဲညီလာခံတရပ် ပြုလုပ်ရာတွင် ချီသည် စက်မှုဝန်ကြီး ဖြစ် လာခဲ့သည်။
၁၉၆၂ သြဂုတ် ၂၇ ၊ ၊ ဆိုဗီယက်ယူနီ ယံသို့ချီ သွားရောက်လည်ပတ်။
အောက်တိုဘာ ၂၂။ ။ သမတ ကနေဒီ (Kennedy) ကကျူးဘား ကျွန်းကိုရေတပ်နဲ့ ၀ိုင်းပတ်ပိတ်ဆို့ထား မယ့်အပြင် နျူကလီးယားဒုံးကျည်မျာကိုပါ ထပ်မံပူးတွဲ ရရှိစေမှာဖြစ်တယ်လို့ ထုတ်ပြန်ကြော်ငြာ။
အောက်တိုဘာ ၂၈။ ။ ဆိုဗီယက် ၀န်ကြီးချုပ် ခရုရှော့ (Khrushev) က “ကျူးဘားဒုံးကျည် ပြဿနာ ” Cuban missike crisis ကိုရပ်ဆိုင်းပြစ်ဖို့၊ ရေတပ်ပိတ်ဆို့မှုကို အဆုံးသတ်စေဖို့ဆောင်ရွက်။
၁၉၆၃ ဇူလိုင် ၃။ ။ ပြင်သစ်နယ်ချဲ့တို့ကျွန်ဘ၀မှ မကြာခင်က လွတ်မြောက်လာခဲ့သည့် အယ်လ်ဂျီးရီးယား (Algeria) သွားရောက်လည်ပတ်။ သမတ အာမက်ဘင်ဘယ်လာ(Ahmed Ben Bella ) နှင့်တွေ့ဆုံ။
၁၉၆၄ ဒီဇင်ဘာ ၉။ ။ အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂ ညီလာခံတက်ရောက်ပြီးတဲ့နောက် အယ်ဂျီးယီးယား၊ မာလီ (Mali)၊ ကွန်ရို (congo)၊ ရိုင်နီယာ (Guinea)၊ ဂါနာ (Ghana)၊ တန်ဇံနီးယား (Tanzania) နှင့် အီဂျစ် (Egypt) နိုင်ငံများသို့ သုံးလသွားရောက်လည်ပတ်။
၁၉၆၅ မတ် ၁၄။ ။ ကျူးဘားကို ချီ ခေတ္တပြန်ရောက်လာ။
ဧပြီ ၁။ ။ ကွန်ရိသူပုန်တော်လှန်ရေး အင်အားစုများကို ကူညီရန်အတွက် ကပ်စ်ထရိုကို ချီကအရေးတောင်းဆိုခဲ့။
ဒီဇင်ဘာ။ ။ ကျူးဘားသို့ ချီလျှို့ဝှက် ပြန်ရောက်လာ။ ကွန်ရိုတော်လှန် ရေးကိုမြှင့်တင်ရန်နှင့် ဗိုလယား (Bolivia) တော်လှန်ရေးကို အစပျိုးနိုင်ရန်အတွက် ပြန်လာ။
၁၉၆၆ နိုဝင်ဘာ ၄။ ။ ချီ ရုပ်ဖျက်ပြီး ဗိုလစ်ဘီးယား ကိုဝင်ရောက်လာခဲ့။
၁၉၆၇ မတ် ၂၃။ ။ ဗိုလစ်ဗီးယားစစ်တပ်ကို ပြောက်ကျားတပ်က စတင်တိုက်ခိုက်။ ပထမဆုံးတိုက်ပွဲမှာ ပြောက်ကျားတို့အောင်မြင်ခဲ့ စစ်တပ်က အကျအဆုံးများ ထွက်ပြေးခဲ့ရ။
ဧပြီ ၁၆။ ။ အာရှ အာဖရိက လက်တင်အမေရိက သွေးစည်းညီညွတ်ရေး ညီလါခံသို့ချီက ကြေညာချက်တစောင် ပေးပို့ခဲ့၊ ဗီယက်နမ် စစ်ပွဲနှင့် ဗီယက်နမ် ပြည်သူတို့ လွတ်မြောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ချီက အလေးအနက် တောင်းဆိုခဲ့။
သြဂုတ် ၄။ ။ တော်လှန်ရေးပြောက် ကျားတပ်များ ခိုအောင်းရာ အဓိကနေရာကို ဗိုလစ်ဘီးယား စစ်တပ်က စတင်တိုက်ခိုက်ခဲ့။
စက်တင်ဘာ ၂၆။ ။ ပြောက်ကျားတပ်များကို စစ်တပ်က၀ိုင်းပတ်ထားကြ။
အောက်တိုဘာ ၈။ ။ ချီနှင့်ပြောက်ကျား ၁၇ ဦးတို့ ထောင်ခြောက်ဆင်ကာ လက်ရဖမ်းဆီးခြင်းခံခဲ့ရ။ ချီမှာ ဒဏ်ရာတွေနှင့် အဖမ်းခံရ။
အောက်တိုဘာ ၉။ ။ ဗိုလစ်ဗီးယားအစိုးရနှင့် အမေရိကန်အစိုးရ၏ ညွှန်ကြားချက်အရ ချီနှင့်ရဲဘော်နှစ်ဦး ကို သတ်ဖြတ်ပစ်လိုက်ကြသည်။
၁၉၆၈ ဇူလိုင် ၁။ ။ ဗိုလစ်ဗီးယားမှာ ချီရေးခဲ့သည့် နေ့စဉ်မှတ်တမ်းစာအုပ်ကို ကပ်စထရိုကအမှာရေးပြီး ကျူးဘားမှာထုတ်ဝေ၊ အခမဲ့ဖြန့်ဝေခဲ့။
၁၉၉၅ ဒီဇင်ဘာ ၁။ ။ ချီနှင့်တကွ အခြားပြောက်ကျားရဲဘော်များ၏ ရုပ်ကြွင်းများ၏ ရုပ်ကြွင်းများကို ဗိုလ်လစ်ဘီးယားတွင် ရှာဖွေတူးဖော်ခဲ့သည်၊
၁၉၉၇ ဇူလိုင် ၁၄။ ။ ချီနှင့်တော်လှန်ရေးရဲဘော်များ၏ ရုပ်ကြွင်းများ ကျူးဘားသယ်လာ။
အောက်တိုဘာ ၁၃။ ။ ကျူးဘားမြို့တော်ဟာဗားနားရှိ တော်လှန်ရေးရင်ပြင်တွင် တော်လှန်ရေးရဲဘော်များ ကို အောက်မေ့ဘွယ် အခန်းအနားကျင်းပ။
အောက်တိုဘာ ၁၄။ ။ ချီ၏ ရုပ်ကြွင်းကို စင်တာကလာရာ (Santa Clara) သို့ပြောင်းရွေ့သယ်ယူလာ (ဤမြို့သည် ချီနှင့်သူ၏ပြောက်ကျားတပ်က ၁၉၅၉ ဇန္န၀ါရီ ၁ တွင်သိမ်းပိုက်ခဲ့ကြောင်းနှင့် ဘာတစ်စတာထွက် ပြေးခဲ့ရ။)
ချီကအသက် ၂၇ မှာ တော်လှန်ရေး လှုပ်ရှားခဲ့သည်။ အသက် ၃၉ မှာရန်သူ၏ သတ်ဖြတ်ခြင်းခံခဲ့ရ။ တော်လှန်ရေးတွင် ၁၂ နှစ်ကြာခဲ့သည်။ အာရှ အာဖရိက လက်တင်အမေရိက ပြည်သူတို့၏နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး၊ အမေရိကန် ထောက်ကူအားပေး စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထု လွတ် မြောက်ရေး အတွက်နောက်ဆုံး ထွက်သက်အထိရုန်းကန် လှုပ်ရှားခဲ့သူ။ တော်လှန်ရေးခေါင်းဆောင်။ ပြောက် ကျားခေါင်းဆောင် ချီကားပြည်သူတို့၏ မြင့်မြတ်သော သူရဲကောင်း။ နိုင်ငံတကာ အဖိနှိပ်ခံ ပြည်သူတို့၏လမ်းပြ မှူးအဖြစ် သူစိတ်ဓါတ်က ရှင်သန်ဆဲ။ ။
ဇင်ဇင်
သြဂုတ်လ ၂၉ ။ ၂၀၀၅
ရည်ညွှန်းစာအုပ်။ ။ Hilda Barrio and Gareth Jenkins ----the Che handbook
Posted by
thitsarforce
at
6:52 AM
0
comments
Labels: ဆောင်းပါး
Monday, December 10, 2007
မြူးနစ်ရဲ့ထာဝရ နှင်းဆီဖြူများ
မနေ့ညနေခင်းနှောင်ပိုင်းတုံးက ကျနော်နှင်းဆီဖြူ တပွင့်ကိုတွေ့ခဲ့တယ်၊ လူတွေကပြော နေကြ တယ်၊ နှင်းဆီဖြူတွေဆိုတာ သေခြင်းတရားကို ကိုယ်စားပြုတဲ့အရာပါတဲ့၊ တကယ်တော့ဗျာ၊ သေခြင်းတရားရယ်၊ ချစ်ခြင်းမေတ္တာရယ်၊ နုပျိုမှုဆိုတာတွေရယ်ဟာ တခုတည်းပါ၊ သေခြင်း တရားဆိုတာက ငယ်ရွယ်နုပျိုမှုထက်၊ အမြဲတန်းရှင်းလင်းတောက်ပနေတဲ့သိသာ ထင်ရှားတဲ့ အရာမို့လား၊ ဆိုတော့ နှင်းဆီဖြူဆိုတာ သူရဲ့သင်းရနံ့တွေနဲ့၊ နူးညံ့အပြစ်ကင်း ဖြူစင်မှုတွေနဲ့ ထာဝရနုပျိုနေမှုကို ကိုယ်စားပြုနေတဲ့ အဓိပ္ပါယ်ကိုဆောင်နေတယ်၊
ဒုတိယကမ္ဘာစစ်အတွင်း၊ဂျာမဏီမှပေးစာများ မှ
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က အက်စစ်မိုးမှုန်တွေကျနော်တို့ဘ၀တွေကို မတိုက် စားခင် ကိုခင်ဝမ်းရဲ့နှင်းဆီဖြူရဲ့ အဝေးကလူတယောက်သီချင်းကို ညလုံးပေါက်ဂစ်တာဝိုင်း တွေနဲ့ နိုးထနေတဲ့သမိုင်းဆောင်တွေမှာ၊ ကွဲရှခံစားခဲ့ဘူးကြပါတယ်၊ အနုပညာတွေနဲ့ ရှင်သန် ခဲ့ရတဲ့ရက်တွေဟာ အကုသိုလ်တွေနည်းသလို၊ မိတ်ဆွေစစ်စစ်တွေနဲ့ နေထိုင်ခဲ့ရတဲ့ရက်တွေ ကလည်း ဆွတ်ပျံ့ဘွယ်အောက်မေ့နေဆဲမို့ ပြည်ပမှာမြင်ကွင်းတွေကိုအာရုံနှောက်လာတဲ့အခါ၊ တခါတုံးက ဆိုဗီယက်အာဏာရှင်တွေလက်အောက်မှာ ပြိုကွဲသွားတဲ့ နိုင်ငံတွေဆီက ပြည်သူ တွေ ဖန်ဆင်းထားတဲ့အနုပညာသစ်တွေ၊ တေးဂီတသစ်တွေ၊ နိုင်ငံရေးနောက်ခံစာအုပ်တွေ၊ သူတို့ ဘ၀ရဲ့အပြောင်းအလဲတွေ၊ စစ်အတွင်းကဂျာမဏီမိန်းမတွေအပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့ တဲ့ရုရှားလူမျိုးတွေရဲ့စရိုက်တွေအပေါ် တုံ့ပြန်ရေးသားခဲ့တဲ့ ပေးစာတွေ၊ စစ်ရှုံး ဂျာမဏီရဲ့ လှမ်းခဲ့ရတဲ့ခရီးတွေ၊ ဖတ်ကြည့်ခံစားလိုစိတ်တွေ ချဉ်ခြင်းတတ်နေခဲ့ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်စာ အုပ်လေး(၂) အုပ်ကို သွားဖတ်ဖြစ်တယ်။ (The White Rose) ဆိုတဲ့ဂျာမန်ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်လေး တအုပ်နဲ့နောက်တအုပ်က (The Stalingrad) ဆိုတဲ့ ရုရှားလူမျိုးတွေ ရက်ရက်စက်စက် တိုက်ပွဲဝင်ခဲ့တဲ့စစ်သမိုင်းစာအုပ်ပါ၊
ဟစ်တလာကိုဆန့်ကျင်ခဲ့တဲ့မောင်နှမ တတွေထဲကမသေပဲကျန်ရစ်ခဲ့တဲ့ နှင်းဆီဖြူအဖွဲ့ဝင် တ ယောက်ဖြစ်တဲ့ ရှိုး (Inge School) လို့ခေါ်တဲ့အမျိုးသမီးတယောက်က ပြန်ရေးထားတဲ့ (The White Rose) စာအုပ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်၊ ခုရက်တွေမှာ ကိုယ်ယုံယုံကြည်ကြည် ကိုး ကွယ်လာတဲ့အစိုးရအဖွဲ့တွေ၊လူတွေကိုပုံကန်တဲ့ ဇာတ်လမ်းမျိုးတွေကိုစိတ်ဝင်တစား ရှာ ကြည့် နေခဲ့ရင်း တိုက်တိုက်ဆိုင်ဆိုင်သွားဖတ်ဖြစ်ခဲ့ပါတယ်၊ (စစ်တပ်က ပုန်ကန်မှုတွေကို ကျနော်တို့ ကြားချင်နေလို့ထင်ပါရဲ့) ဟစ်တလာကို အရူးအမူးကိုးကွယ်ခဲ့ပေမဲ့ ဟစ်တလာနဲ့ နာဇီပါတီရဲ့ ခြေလှမ်းတွေကိုသိလာပြီး၊ ပြတ်ပြတ်သားသားဆန်ကျင်ဖို့ ကြိုးစားခဲ့ကြတဲ့၊
ဟစ်တလာလူငယ်တပ်ဖွဲ့က ကျောင်းသား၊ သူတွေရဲ့လှုပ်ရှားမှုအကြောင်းပါ၊ သူတို့ကို “နှင်းဆီဖြူ” အုပ်စုလို့သိကြပါတယ်၊ သမိုင်းမှာ ဟစ်တလာကြောက်တဲ့၊ မကြည့်ချင်လောက် အောင်မုန်းတဲ့ ပန်းပွင့်တခုရှိတယ်ဆိုတာ အဲ့ဒီ လူငယ်တွေကြောင့်ပါလားလို့ သဘောပေါက် လိုက်မိတယ်၊ တကယ်လို့ ဖတ်ဘူးပြီးသားစာအုပ်တအုပ်ဆိုရင်လည်း ကျနော်တို့စာမျက်နှာ တွေကိုကျော်ချလိုက်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဖတ်ခွင့်မကြုံတဲ့ လူတွေအားလုံးအတွက် အတွေးလေး တခုလောက်ကျနော်တို့မျှကြည့်ချင်ပါတယ်၊
အပိုင်း(၁)
“ကျုပ်တို့အသံတွေက ငြိမ်သက်နေမှာမဟုတ်ဘူး၊ ကျုပ်တို့က ခင်ဗျားတို့အတွက်တော့ မနားတမ်းပြန်ဝဲနေမဲ့လိပ်ပြာဆိုးတွေပါ၊ နှင်းဆီဖြူတွေက ခင်ဗျားတို့ကိုငြိမ်းချမ်းနေတဲ့ ဘ၀ တွေထဲမှာထားရစ်ခဲ့မှာမဟုတ်ဘူး” ဂျာမဏီနိုင်ငံမြူးနစ်တက္ကသိုလ်ရဲ့ပင်မ ခန်းမဆောင်ထဲက စတုရမ်းပုံစံဒီဇိုင်အဆောက်အဦတခုဟာဆေးတက္ကသိုလ်ကျောင်းသားတချို့နဲ့ဒဿနိကပါမောက္ခ တယောက်ကိုဂုဏ်ပြုထားတဲ့ သင်္ကေတတခုလို့လူတိုင်းလေးမြတ်စွာနားလည်ခဲ့ကြတယ်၊ သူတို့ခြောက်ယောက်ကို ဟစ်တလာရဲ့ဂက်စတာဘိုတွေက ဖမ်းဆီးပြီးခေါင်းဖြတ်သတ် ခဲ့ကြ တယ်၊ ဟစ်တလာမကြည့်ချင်လောက်အောင်မုန်းတဲ့ နှင်းဆီပန်းတွေကိုသူတို့ကဖန်ဆင်းခဲ့ တယ်၊ အမေရိကနဲ့တခြားနိုင်ငံက တက္ကသိုလ်တွေ၊ (အထူးသဖြင့် တက္ကဆပ်တက္ကသိုလ်)၊ တေးဂီတအဖွဲ့တွေမှာ “နှင်းဆီဖြူ လူ့အဖွဲ့အစည်း” ဆိုတဲ့ဝေါဟာရဟာ သူတို့ကိုဂုဏ်ပြုထားတဲ့ အဖွဲ့အစည်းတွေပါ၊ ဂျာမဏီရဲ့သူရဲကောင်းများလို့ လေးမြတ်ခံရတဲ့ သူတို့အတွက်တက္ကသိုလ် တွေမှာ ထောင်ချီပြီးဝေတဲ့နှင်းဆီဖြူ လှုပ်ရှားမှုတွေ၊ “ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” စာ တန်းပါတဲ့တီရှပ်တွေကိုဝတ်ပြီးလှုပ်ရှား နေကြတဲ့ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွေဆီထိပါဝင်ပတ်သက်နေကြပါတယ်၊ နာဇီဂျာမဏီစစ်ရှုံးတာလူတိုင်းသိပေမဲ့ ဟစ်တလာကို ဂျာမန်လူထုကလည်းမထောက်ခံခဲ့ဘူး၊ ဟစ်တလာရဲ့လူငယ်တပ်တွေကအစ ပုန်ကန်ခဲ့ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့ သမိုင်းတွေက နည်းပါးခဲ့တယ်၊ နိုင်ငံတနိုင်ငံကိုကျူးကျော်တိုင်း
“ကျနော်တို့မိတ်ဆွေအဖြစ် လာခဲ့တာပါ၊ ခင်ဗျားတို့ကို စော်ကားဖို့မဟုတ်ပါဘူး” ဆိုတဲ့ဟစ်တလာရဲ့စကားကို ဂျာမန်ပြည်သူတွေကိုယ်တိုင်ကအစ
မယုံကြတော့ဘူး၊ အထူးသဖြင့် ပညာတတ်အသိုင်းအ၀ိုင်းနဲ့၊ ဟစ်တလာလူငယ်တပ်က ကျောင်းသားတွေက သူတို့စဉ်းစားမိသလောက်
ဆန့်ကျင်အာခံဖို့ကြိုးစားခဲ့ကြတယ်၊ ဟစ်တလာသတ်ဖို့ကြိုးစားတဲ့ ပိုးလစ်ရှ် ဂျူးတွေ (Polish Jews) ကိုဖွက်ပေး၊ အန္တရာယ်ကလွတ်အောင်စောင့်ရှောက်ကြနဲ့၊ ၁၉၄၀ ကာလတွေဆီကိုပြန်သွားကြည့်မိတယ်၊
ခြေရာ(၁)
နှင်းတွေ အေးစက်သိပ်သည်းစွာ၊ ဖွေးဖွေးစွတ်ကျနေသည့် ဂျာမဏီနိုင်ငံ၊ မြူးနစ် . ၁၉၄၀ ကာလများ၊ ဆိုရှယ်လစ်စစ်ချီကြွေးကြော်သံတွေ၊ မာကြောပြတ်သားမှုတွေနှင့် စူးရှပြောင်လက်နေသော မျက်လုံးများထဲမှာ ဂျာမဏီပြည်ကိုမိုးကောင်းကင်ထိ
ဆွဲတင်ပစ်ရမယ်ဆိုသော မျှော်လင့်ချက်အပြည့်ပါသည့်ရင်ခုန်သံတွေ၊ လူတိုင်းအလုပ်အကိုင်ရှိနေစေရမယ်၊ အစာရေဆာပြည့်စုံနေစေရမယ်၊ အဆင့်အတန်းမြင့်တဲ့လူအဖွဲ့အစည်းကိုကမ္ဘာလောကကြီးကမြင်ကြရမှာဖြစ်တယ် ဆိုသည့် ဟစ်တလာ. မိန့်ခွန်းတွေကြားမှာ လူတွေတက်ကြွရဲရင့်နေကြသည်၊ အသက် (၁၀) နှစ်ကနေ (၁၄) နှစ်အထိတအုပ်စု၊ အသက် (၁၅) နှစ်ကနေ (၂၀) ကျော်သူတွေအတွက်တစု၊ ဟစ်တလာလူငယ်တပ်ဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီမှာ ဆယ်ကျော်သက်အရွယ်တွေ၊ စာရင်းပေးပြီးလမ်းမတွေပေါ်မှာ အေးခဲနေသည့်လေထုကို မှုတ်ထုတ်ရင်းသိချင်းဆိုနေကြ သည်၊ နှလုံးသားကကောင်းကင်ဆီမှာ၊ စိတ်ကူးဆံနွယ်စတွေက သုခဘုံဆီမှာချည်နှောင်ထား ကြသည်ဟုထင်မှတ်မှားနေကြသည်၊-- ကမ္ဘာမှာဘယ်လူမျိုးမှ ဂျာမန်ပြည်သူတွေလောက် မမြင့်မြတ်ဆိုသည့် ဆိုရှယ်လစ်အစွန်းရောက် ခေါင်းဆောင်တယောက်က သူတို့နိုင်ငံကိုကြေကွဲမှု.အစွန်းဆီတွန်းချပစ်တော့မည်ဆိုတာကိုသူတို့သဘောမပေါက်ခဲ့ကြ၊
“ကျနော်ကတော့သံသယတွေကြီးလာတာအမှန်ပဲ၊ ဒီ--ဟစ်တလာဆိုတဲ့ခေါင်းဆောင်သစ်က အာဘောင်အာရင်းသန်သန်နဲ့ပြောသာနေတာ၊ သူလုပ်နေတာတွေက စစ်လက်နက်ထုတ်လုပ် မှုတွေကို တစထက်တစတိုးမြင့်လာတာရယ်၊ စစ်တန်းလျားတွေသာဆောက်နေတာပဲတွေ့ နေရတယ်၊ တိုင်းပြည်စည်းပွားရေးကိုဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့စိတ်ကူးတွေ တခုမှမတွေ့ရ ဘူး”ကျနော်တို့ရင်ဆိုင်ခဲ့ရတာဘယ်လောက်ခက်ခဲမလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပေါ့၊
တခါမှအာဏာရှင်စနစ်ကိုမကြုံခဲ့ဘူးတဲ့ပြည်သူတွေ နာဇီပါတီအာဏာရလာမှပဲ တသွေးတ သံတမိန့်ကိုကြုံခဲ့ရတော့တယ်၊
ဟစ်တလာရဲ့(Third Reich) ဥပဒေအရ၊ သူ့ကိုဟာသလုပ်ပျက်လုံးထုတ်တဲ့ ကောင်တွေကို သုတ်သင်ပစ်ဖို့အမိန့်ပေးထားတာဆိုတော့ ဂျာမန်ပညာတတ် ၅၀၀၀ ကျော်လောက်သတ်ဖြတ် ခံခဲ့ရတယ်၊ တိုင်းပြည်အာဏာကို ဟစ်တလာရဲ့လက်ထဲအပ်လိုက်ပြီးကတည်းက တိတ်တခိုး ဝေဖန်သံတွေ၊ မနှစ်မြို့သံတွေ၊ စစ်ပွဲတွေကြားမှာအတွေ့အကြုံများစွာဖြတ်သန်းခဲ့တဲ့ပညာတတ် တွေကြားမှာဇောကြောမေးခွန်းထုတ်စရာအဖြစ်အပျက်တွေရှိနေခဲ့ပါတယ်၊ဒါပေမဲ့သူတို့ရင် ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာက သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေကအစ ဟစ်တလာက ဖမ်းစားသိမ်းသွင်းနိုင်စွမ်းရှိခဲ့ပါတယ်၊ ဟစ်တလာက သူတို့ရဲ့သူရဲကောင်း၊ ဂျာမဏီပြည်သူတွေအတွက်အနာဂတ်မှာ အလုပ်တွေကိုဖန်တီးပေးဖို့ အတွက်စက်ရုံတွေကို
ဆောက်လုပ်ပေးနေတာလို့ယုံကြည်နေခဲ့ကြပါတယ်၊ ဒါကြောင့်လည်း ဟန်ရှိုးလ်နဲ့မောင်နှမ (၃) ယောက်လုံးက သူတို့အဖေ ရောဘတ်ရှိုးလ်ရဲ့ဝေဖန်မှုတွေကို “ဟာ အဖေကလည်း မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့မြင့်မြတ် တဲ့ခေါင်းဆောင်ကြီးက ကျနော်တို့ကိုရဲရင့်လှပတဲ့ အနာ ဂတ်ဆီ ကိုခေါ်ဆောင်ဖို့ကြိုးစားနေတာပါ၊ ဒီစက်ရုံတွေဆောက်လိုက်တော့ လူတွေအ လုပ်ပိုရတာပေါ့”လို့ပြန်တုန့်ပြန်ခဲ့ကြပါတယ်၊ သူတို့ကိုယ်တိုင်သွားပြီးဟစ်တလာရဲ့လူငယ်အဖွဲ့ တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီတက်တက်ကြွကြွဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်၊ လူငယ် အဖွဲ့တွေဆီက လက်ရွေးစဉ်ကျောင်းသားတွေကို နာဇီပါတီ ကေဒါတွေအဖြစ် ဟစ်တလာက ချီးမြောက်လေ့ရှိတော့၊ ထောက်လှမ်းရေး၊ ဂက်စတာဘိုအုပ်စုတွေရဲ့ ယုံကြည်ကိုးစားမဲ့နေ့ရက် တွေကိုစောင့်စားခဲ့ကြပါတယ်၊
အပိုင်း (၂)
၁၉၄၂ ဂျွန်လ (၂၂) ရက်မှာ ဟစ်တလာနဲ့ သူ့ရဲ့ဖက်စစ်တပ်တွေကဆိုဗီယက် ပြည်ထောင်စု ကိုဝင် ရောက်ကျူးကျော်တိုက် ခိုက်တယ်၊ (၁) စတာလင်ဂရက်ဆိုတာ အဲ့ဒီတုံးကစက်မှု မြို့တော်တခုဆီကို အလုံးအရင်းနဲ့ချီတက်နေတဲ့ကာလ၊ ကက်စပီယံပင်လယ်နဲ့ ရုရှားတွေ အတွက်အရေးကြီးတဲ့လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်း၊ ရေနံတွင်းတွေကြွယ်ဝ တဲ့နေရာ၊ (၂) တပြိုင်တည်းမှာပဲ အဲ့ဒီဒေသကလူတွေစတာလင်အပေါ်မှာ ပျင်းရိစိတ်ပျက်နေတယ်ဆိုတဲ့ကောလဟာလလိုသတင်းကိုဟစ်တလာကကြားနေခဲ့တယ်၊ (၃) ဂျာမဏီ နယ်ချဲ့မှုနယ်နမိတ်မျဉ်းတွေလုံခြုံမှုအတွက် ရုရှားရဲ့နယ်မြေတချို့ကိုသိမ်းပိုက်မှဖြစ်မယ်၊ ဆိုတော့—ဒီအချက် (၃) ချက်ကို ကိုင်ပြီး ဂျာမဏီ က စတာလင်ဂရက်ကို သိမ်းဖို့ကြိုးစားတယ်၊ ပြဿနာက ဆိုဗီယက်ခေါင်းဆောင်“စတာလင်” ဆိုတဲ့နာမည်ဘာကြောင့် ပေါ်လာတယ်ဆိုတာ ဟစ်တလာအပါအ၀င်၊ ဂျာမဏီက ဗိုလ်ချုပ်တွေ
သိပုံမရဘူး၊ တကယ်တမ်း စတာလင် ရဲ့နာမည်အရင်းက Iosif Vissarionovich Dzhugashvili သူ့ရဲ့သံမဏီလိုမာကျောတဲ့ ဆုံးဖြတ်ချက်တွေ၊ မြို့သိမ်းတိုက်ပွဲတွေကြောင့်၊ သံမဏိ (စတာလင်) လို့ဆိုဗီယက်တွေက ဂုဏ်ပြုပြီးခေါ်ခဲ့ကြသလို စတာလင်ကိုယ်တိုင်ကလည်း နှစ်နှစ်ကြိုက်ကြိုက်သုံးစွဲခဲ့တယ်၊ စတာလင်က၊ ဟစ်တလာ ရဲ့တချက်ခုတ်၊ (၃) ချက်ပြတ်အကြံကိုသိတယ်၊
ဒါကြောင့်လည်း စစ်ပွဲမစခင်ကတည်းက ဂျာမန်တွေကြိုက်မဲ့အားနည်းချက်တွေကိုအကုန်ဟာကွက်မရှိအောင်ပြင်ဆင်တယ်၊ သူကလည်း စစ်ပွဲကိုနိုင်အောင်ခုခံနိုင်ခဲ့ရင် သူ့ကိုပျင်းနေတဲ့သူတွေကို သူဘာလည်းဆိုတာ တုန်လှုပ်သွားအောင် ပြသချင်ပုံရတယ်၊
စတာလင်ဂရက်မှာနေတဲ့ကလေးတွေ၊ မိန်းမတွေကအစ၊ မြို့ကိုထွက်ပြေးသွားခွင့်မပေးခဲ့ဘူး၊
အားလုံးအနည်းဆုံးရိုင်ဖယ်သေနတ်နဲ့ပြန်ပစ်ဖို့ပြင်ဆင်ခိုင်းထားတယ်၊ မြို့ကိုမကျဆုံးဖို့အတွက် အသေခံကာကွယ်ရမယ်လို့အမိန့်ပေးထားခဲ့တယ်၊မြို့ကိုစွန့်ခွာထွက်ပြေးဖို့ကြိုးစားသူတွေကို သစ္စာဖောက်ဆိုပြီးပစ်သတ်ခိုင်းတယ်၊
ဒါကြောင့်လည်း သမိုင်းမှာ ခြောက်လအတွင်းလူပေါင်း တသန်းခွဲသေကြေခဲ့တဲ့ အကြမ်းတမ်းဆုံးစစ်ပွဲတခုကိုကြုံတွေ့ခဲ့ရတာပေါ့၊ (စတာလင်ဂရက်တိုက်ပွဲက ၁၉၄၂ သြဂတ်လကနေ ၁၉၄၃ ဖေဖေါ်ဝါရီလအထိဖြစ်ခဲ့တယ်)
ဂျာမန်တွေ၊ ဆိုဗီယက်တွေရဲ့ ထောင်ခြောက်အောက်မှာ အလူးအလဲခံလိုက်ရတော့တယ်၊ မြို့တခုလုံးရဲ့၈၀ ရာခိုင်နှုန်းကျော်က ဂျာမန်တွေပက်ပက်စက်စက်ဗုံးကြဲတာကြောင့် ရစရာမရှိတော့လောက်အောင် ပျက်စီးသွားပေမဲ့၊ စတာလင်က ရုရှားရဲ့အအေးစက်ဆုံး
ဆောင်းရက်တွေကိုစောင့်တယ်၊ မြို့ထဲမှာ ဂျာမန်တပ်တွေကျွံဝင်လာအောင်မျှားခေါ်တယ်၊ နောက်တော့—ဆောင်းမုန်တိုင်းစစ်ဆင်ရေး၊
(Operation Winter Strom)၊ ယူရေးနတ်(စ်)စစ်ဆင်ရေးနဲ့ မာန်နတ်စစ်ဆင်ရေး (Operation Satan) တွေကို ပြန်ထိုးစစ်ဆင်တယ်၊ အစာရေဆာဖြတ်တောက်ခံရမှု၊ ရာသီဥတုပြင်းထန်မှုတွေနဲ့အတူ ကျနော်တို့ဂျာမန်တွေ ရောဂါတွေရ၊ ရက်စက်တဲ့ခံစစ်တွေ
အောက်မှာတဖြုတ်ဖြုတ်ကြွကုန်ကြတယ်၊ ဆိုဗီယက်တပ်တွေနဲ့ဂျာမန်တွေကွာခြားမှုက၊ စတာလင်ဟာသူရဲ့စစ်တပ်ကို မျှော်လင့်ချက်နဲ့ရှင်သန်နေစေမဲ့ ၀ါဒ ဖြန့်စာတွေကိုဆက်တိုက်ဖန်တီးခဲ့တယ်၊
သူရဲကောင်းတွေအကြောင်းကို နောက်လူတွေလေးစားပြီး သူတို့လိုလမ်းကြောင်းမှာ လျောက်လှမ်းနိုင်ဖို့အတွက်၊ အားပေးမြောက်စားတဲ့ အစီအစဉ်အရပ်ကို နီကီတာခရူးရှက်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်၊
အဲ့ဒီတုံးက နှင်းဆီဖြူအဖွဲ့ဝင်ဖြစ်တဲ့ ဂျာမန်ဆေးတက္ကသိုလ်ကျောင်းသားတွေက၊ ရုရှားနဲ့တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီကို ဆေးမှူးတွေအဖြစ်
၃ လသွားပြီးတာဝန်ထမ်းရတယ်၊ သူတို့တတွေစစ်ရဲ့အနိဌာရုံတွေကို သဘောပေါက်သွားသလို၊ ဂျာမဏိဟာစစ်ရှုံးတော့မယ်ဆိုတာသိနေတယ်၊ တပြိုင်နက်ဟစ်တလာဟာသူ့ရဲ့ပါဝါအတွက်လူတွေအားလုံးကိုရင်းပစ်ဖို့ဝန်မလေးဘူးဆိုတာကိုသဘောပေါက်သွားတယ်၊ အပြန်မှာသူတို့ရေးသားဖြန့်ဝေတဲ့လက်ကမ်းစာစောင်တွေက သိတ်အားပါပြီးလူထုကိုရှင်းရှင်းလင်းလင်းဖွင့်ချတိုက်ပွဲဝင်ဖို့နိုးဆော်ခဲ့ကြတယ်၊
ခြေရာ(၂)
“အဆိုးဆုံးကတော့ ကျနော်တို့ကို နိုင်ငံခြားကလာတဲ့တေးဂီတတွေ နားမထောင်ရဘူး၊ ဂျာမန် တွေရဲ့အနုပညာဖန်တီးမှုလောက်ဘယ်အရာမှ မမြင့်ဘူးလို့ပြောနေတဲ့ အရာရှိတွေပဲ၊ ရုရှား သီချင်းတွေဆိုပိုလို့ဝေးရော့ပေါ့၊ ဟစ်တလာအမုန်းဆုံး လူမျိုးက ဂျူးတွေနဲ့ကွန်မြူနစ်တွေ ဖြစ်ပြီး၊ အမုန်းဆုံးဘာသာဗေကိုပြပါဆိုရင်ရုရှားဘာသာစကား ကထိပ်ကပါတာပေါ့၊ ပိုထူးဆန်းတာက ကျနော်တို့အရင်ကတည်းက နှစ်နှစ်သက်သက်ကိုင်ဆွဲနေတဲ့ လူငယ်တွေရဲ့အလံ တွေကိုကိုင်ဆောင်ခွင့်မပေးတော့တာပဲ၊ သူတို့ဝါဒဖြန့်မှုတွေသာနားထောင်ရမယ်၊ သူတို့ခိုင်းတဲ့ အရာ ကလွဲလို့အရာအားလုံးကိုဖျက်ဆီးပစ်ရမယ်ဆိုတဲ့သဘောပေါ့၊ တရက်ဗျာ(၁၂)နှစ်အရွယ် ကောင်လေးတယောက်ကသူနှစ်သက်တဲ့အလံလေး၊ ကိုင်ပြီးသီချင်းဆိုနေတာကို ဂျာမန်စစ် ဗိုလ်တယောက်က အတင်းလွှင့်ပစ်ခိုင်းတယ်၊ သီချင်းဆိုတာကိုလည်းရပ်ခိုင်းတယ်၊ ကောင် လေးက နားမထောင်တဲ့အခါ၊ စစ်ဗိုလ်က ရိုက်နှက်မလို့ လျောက်လာတာကို ကျနော်မြင်တော့ ပြေးသွားပြီး အဲ့ဒီဗိုလ်ကို ဖြတ်ထိုးပစ်လိုက်တယ်၊ အဲ့ဒီနေ့က ဟစ်တလာလူငယ်အဖွဲ့နဲ့ ကျနော် နောက်ဆုံးဇာတ်လမ်းပြတ်တဲ့နေ့ပဲ၊”
စစ်ရဲ့အနိဌာရုံကိုသိသွားတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေ၊ ဟစ်တလာရဲ့ရူးသွပ်နေတဲ့ ဆန္ဒ ကိုသိသွားတဲ့ ဆေးမှူးတွေ၊
ရှေ့တန်းစစ်မျက်နှာတွေကပြန်လာလာချင်း ၁၉၄၂ အလည်လောက်ကတည်းက လက်ကမ်း စာစောင်တွေစတင်ရေးသားတော့တယ်၊ ဆေးတက္ကသိုလ်ကျောင်းသား ဟန်ရှိုးက ရေးသားပြီး၊ သူငယ်ချင်းတွေအတူ ညီမဖြစ်တဲ့ဇီဝဗေကျောင်းသူ ဆိုဖီရှိုးက လိုက်ပြီးဖြန့်ဝေတယ်၊ သူတို့ရဲ့ လက်ကမ်းစာစောင်တွေထဲမှာ စိတ်ဓာတ်ဝိညည်နဲ့ မျှော်လင့်ချက်ဆိုတဲ့ အားပြင်းထန်တဲ့အယူ အဆတွေကိုထည့်သွင်းရေးသားထားတယ်၊ သူတို့ရဲ့ပထမဆုံးထုတ်တဲ့လက်ကမ်းစာစောင် မှာ
“ အသူတရာနက်တဲ့ချောက်ထဲကနေ သူဟာထင်ထင်ရှားရှား မြင့်တက်လာပေမဲ့
သံမဏိစိတ်ဆန္ဒတွေ ကောက်ကျစ်မှုတွေ နဲ့ ကမ္ဘာကြီးရဲ့တခြမ်းလောက်ကိုသိမ်းပိုက် ထားနိုင် ခဲ့ပေမဲ့၊ သေချာတာတခုက အဲဒီ-ချောက်ထဲကိုပဲသူပြန်သွားရမှာပါ၊ ခက်ထန်ကြမ်းတမ်းတဲ့မာန တွေနဲ့ သူကခုခံနေပေမဲ့၊ ထိတ်လန့်စိတ်ပျက်ကြောက်မက်ဘွယ်တွေက သူ့ကိုဝါးမျိုသွားပြီးပပြီ၊ သူနဲ့အတူရပ်ခဲ့တဲ့သူတွေအားလုံးလည်းပျက်စီးကုန်ကြတော့မှာပါ။
မျှော်လင့်ချက် ဆိုတဲ့အဆုံးသတ်လက်ကမ်းစာစောင်ထဲမှာတော့ “ အမှောင်ထဲမှာ လူကောင်း တွေကိုငါတို့ရှာခဲ့တယ်၊ အိပ်ပျော်နေတာမဟုတ်တဲ့ ငြိမ်သက်မှုတွေထဲမှာလွတ်မြောက်မှု ရဲ့ တောက်ပ၀င်းလက်နေတဲ့စကားလုံးတွေကို ခပ်တိုးတိုးရေရွတ် စောင့်မျှော်နေမိတယ်။
မြူးနစ်မှာကျောင်းတက်နေတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟန်ရှိုးဟာ နာဇီပါတီနဲ့ ဟစ်တလာဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ဗဟိုဖြစ်လာတယ်၊ သူ့နောက်ကွယ်မှာ နိုင်ငံရေးအတွေး အခေါ်တွေအားဖြည့်ပေးတဲ့ပုဂ္ဂိုလ်က ဒဿနိကပါမောက္ခ (Kurt Kubre)
ခြေရာ (၃)
“မှတ်မှတ်ရရ၊၁၉၄၃ ရဲ့ဆောင်းရာသီမှာပေါ့၊ ဂျာမဏီအမျိုးသမီးအဖွဲ့ချုပ်မှာဝင်ရောက်လုပ်ကိုင် နေတဲ့ ကျောင်းသူတွေသူတို့အိပ်မက်တွေဆွဲဆုတ်ခံလိုက်ရပြီဆိုတာ သဘောပေါက်လိုက်ကြ တယ်၊ ဘဗီရီယာခရိုင်တာဝန်ခံဗိုလ်ချုပ်က မြူးနစ်တက္ကသိုလ်ကိုရောက်လာပြီး မိန့်ခွန်းပေး တယ် “မိန်းမတွေဟာ၊ စာသင်ကြားနေမှုအပေါ်မှာ အချိန်ဖြုန်းနေမဲ့အစား၊ ဂျာမဏီ တပ်မတော်အတွက် နောက်မျိုးဆက်ကလေးတွေကိုမွေးပေးသင့်တယ်၊ ဆန့်ကျင်ဘက်လိင် အပေါ်ဆွဲဆောင်မှုအားနည်းတဲ့အမျိုးသမီးတွေအတွက် သူ့နားမှာကိုယ်ရံတော်အဖြစ်နေဖို့ စီစဉ် ပေးမယ်” လို့တိတိလင်းလင်းပြောလာတယ်၊၊ ကျောင်းသူတွေက သူရဲ့မိန့်ခွန်းကိုဆက်နားမ ထောင် တော့ပဲအခန်းအပြင်ကိုထွက်ဖို့ကြိုးစားတဲ့အခါ ဂက်စတာဘိုထောက်လှမ်းရေးတွေက ၀ိုင်းဖမ်းလိုက်ကြတယ်၊ ဒါပေမဲ့ နှင်းဆီဖြူလူငယ်တွေရဲ့လှုပ်ရှားမှုဟာ ကျောင်းတွေထဲမှာ ကောင်းကောင်းအမြစ်တွယ်နေပြီဆိုတာကိုလည်းသူတို့သဘောပေါက်နေကြတယ်၊ကျောင်းသူ တွေအားလုံးနီးပါး အာဏာဖီဆန်ဖို့ကြိုးစားတော့ ဂက်စတာဘိုတွေနဲ့ ရုန်းရင်ဆန်ခတ်ထိပ် တိုက်တိုးမိကြတော့တယ်၊ ကျောင်းသူ (၈၀) နီးပါးအဖမ်းခံရတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ် တက္ကသိုလ်ဟာ ဟစ်တလာကိုဆန့်ကျင်တဲ့ နေရာတခုဖြစ်တယ်ဆိုတာ သမိုင်းကသက်သေခံ လိမ့်မယ်၊
ဂျာမန်တွေဟစ်တလာ သဘောထားကိုရိပ်စားမိသွားပြီ၊ နာဇီဂျာမဏီကိုအဆုံးသတ်ဖို့ လှုပ်ရှား မှုတွေဆက်တိုက်ပြုလုပ်လာကြတော့သည်၊ နှင်းဆီဖြူကျောင်းသားတွေ သမိုင်းမှာနာမည်ကြီး ကျန်ရစ်စေမည့် စာစောင်တွေပလူပျံလာသည်၊ စာစောင်နံပါတ်နှစ်မှာ ဟစ်တလာရဲ့ယုတ်မာ ရက်စက်မှုတွေကို ပျင်းရိဘွယ်မသိကျိုးကျွံ ပြုနေတဲ့ပြည်သူတွေကို နှိုးဆော်လိုက်သလို၊ အတွေးအခေါ်ပညာရှင် လာအိုဇူ (Lao_Tzu) ၏ “နိုင်ငံတော်ကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစား နေသူဟာ နိုင်ငံတော်ကိုပျက်စီးအောင်လုပ်မဲ့သူဖြစ်တယ်၊ တိုင်းပြည်ကိုသူရဲ့အာဏာအောက် မှာ သွပ်သွင်းဖို့ကြိုးစားနေပေမဲ့၊ သူဟာဆုံးရှုံးလိမ့်မယ်”ဆိုသောအဆိုအမိန့်များကိုထည့်ထား တတ်သည်၊ မြူးနစ်တက္ကသိုလ်ပေါ်တံခါးပေါက်ဝတွေဆီက စာရွက်တွေကိုကြဲချလိုက်ပြီး မကြာ ခင်မှာ ကျောင်းသားယောင်ဆောင်ထားသော ဂျာမန်စစ်ထောက်လှမ်းရေးတွေနဲ့အရာရှိတွေ ရောက်လာပြီး၊ ဆိုဖီရှိုးအပါအ၀င် နှင်းဆီဖြူကျောင်းသားအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတော့ သည်၊
၁၉၄၃ ဖေဖေါ်ဝါရီ (၂၂) ရက်မှာတော့ဂက်စတာဘိုတွေ ရက်ရက်စက်စက်နှိပ် စက်စစ်ကြောမှု ကိုခံလိုက်ရပြီးတဲ့နောက် နှင်းဆီဖြူလူငယ်တွေကို ပြည်သူ့တရားရုံးမှာ ခုံရုံးတင်ပြီး ခေါင်းဖြတ် စက်ဖြင့်သတ်ဖြတ်ပစ်ရန် စီရင်ချက်ချခဲ့သည်၊ ဆိုဖီရှိုးကဒဏ်ရာတွေ အပြည့်အသိပ်နှင့် အေး အေးဆေးဆေးပြုံးရင်း တရားသူကြီးအပါအ၀င်၊ ဂျာမန်စစ်ထောက်လှမ်းရေးတွေကို မေးခွန်း တခုမေးလိုက်သံကို တရားရုံးထဲကပြည်သူတွေရှင်းရှင်းလင်းလင်းကြားနေရသည်၊ “ နေပါအုံး၊ ရှင်တို့ကဘာလို့ ဒါ လောက်သူရဲဘောကြောင်နေရတာလဲ၊ ဂျာမဏီစစ်ရှုံးတော့မယ်ဆိုတာကို ပြည်သူကိုအသိပေးလိုက်တော့လေ” တဲ့ ….
နိဂုံး
နှင်းဆီဖြူကျောင်းသားတွေ တကယ်တမ်းထုတ်ခဲ့တာ လက်ကမ်းစာစောင်(၆) စောင်ပဲ ရှိပေမဲ့ အဲ့ဒီ စာစောင်တွေထဲက စာသားတွေ၊ ပြည်သူကိုတပ်လှန့်သံတွေဟာ အင်အားပြင်းထန်ခဲ့ပါ တယ်၊ သူတို့သတ်ဖြတ်ခံခဲ့ရပေမဲ့သူတို့ရဲ့စာတွေကိုဂျာမဏီကနေ အင်္ဂလန်ဆီခိုးထုတ်၊မဟာ မိတ်တပ်တွေကလေယာဉ်နဲ့ ဂျာမဏီပြည်ကမြို့တော်တွေဆီ “မြူးနစ်တက္ကသိုလ်ကျောင်းသား များ.ကြေငြာစာတန်း”အဖြစ်ကျဲချခဲ့ပါတယ်၊ ဟစ်တလာကို ဂျာမန်ပြည်သူတွေကအစလက်မခံ ဘူး ဆိုတာကမ္ဘာကိုပြချင်တဲ့ရည်ရွယ်ချက်တခုလည်းပါမယ်ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ်တက္ကသိုလ်ရဲ့ပင်မအဆောက်အဦကို ရောက်ရင်၊ သူတို့ကိုလေးစားဂုဏ်ပြုထားတဲ့ အရာ တွေ၊ “ ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” ဆိုတဲ့ နိုင်ငံအသီးသီးဆီပြန့်နှံ့သွားတဲ့စာတန်းတွေ၊ ဂီတနဲ့အသက်ဝင်လိပ်ပြာတွေသယ်ဆောင်လာတဲ့ နှင်းဆီဖြူတွေက ကမ္ဘာကြီးကိုတိတိကျကျ သတင်းပို့နေခဲ့ပါတယ်၊ “သူရဲကောင်းတွေဆိုတာအမြဲနုပျိုနေတဲ့ နှင်းဆီဖြူတွေပါဗျာ”တဲ့
အောင်မိုးဝင်း
စာအုပ်ကိုဖတ်မယ်ဆိုရင် ……. Inge School ရေးတဲ့ The White Rose ကိုဖတ်ပါ
၂၀၀၆ ခုနှစ် နိုင်ငံခြားဘာသာရုပ်ရှင်ကားဆုရတဲ့ Sophie School The Final Days နဲ့ပေါင်းပြီးခံစားလိုက်ရင်တော့ ပိုအရသာရှိမယ်လို့အကြံပေးချင်ပါတယ်။
့
Posted by
thitsarforce
at
12:06 AM
0
comments
Labels: ဆောင်းပါး
Sunday, December 9, 2007
အမျိုးသားနေ့
အင်္ဂလိပ်လိုနေရှင်နယ်ဒေး ဗမာလိုအမျိုးသားနေ့ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ ကိုဖော်ကြူးတယ်လို့ယူဆကြတဲ့နေ့ရက်ကို သတ်မှတ်ကြတတ်တယ်။ တရုတ်အမျိုးသားနေ့ဆို တာ ပီအာစီလို့ အင်္ဂလိပ်လိုသိကြတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့နေ့၊ အမေရိ ကန်တွေအတွက်ကျတော့ သူတို့ရဲ့လွတ်လပ်ရေးနေ့ဟာ အမျိုးသားနေ့ဖြစ်ပြန်ရော။ နောက် တခါ ပြင်သစ်တွေအတွက်ကျတော့ ပြင်သစ်တွေရဲ့ သုံးရောင်ခြယ်အလံမှာ ဖော်ကြူးနေတဲ့ liberty/ equality၊ နောက် fraternity ဆိုတဲ့လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ညီရင်းအကိုစိတ် ဓာတ်ရှိမှုတွေက အကြွင်းမဲ့ဘုရင်စံနစ်ပေါ် အနိုင်ရလိုက်တဲ့နေ့။ ဘုရင်မနှစ်သက်တဲ့စာတွေရေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားလေ့ရှိတဲ့ ဘာစတီးအကျဉ်းထောင်ကို ၀င်စီးတဲ့နေ့။ တနည်းအားဖြင့် အကြွင်းမဲ့စနစ်နဲ့အုပ်စိုးမှုကို မခံနိုင်လွန်းလို့သူပုန်ထတဲ့နေ့ပဲ။ အဲဒီနေ့ ကနေ့ ပြည်သူတွေရဲ့တောင့်တချက်တွေကို ဆောင်ကြဉ်းပေးမဲ့ ပြင်သစ်ပြည်ကြီးမွေးဖွားလာတယ်လို့ ပြင်သစ်တွေကယုံကြည်ကြတဲ့အတွက် ဘာစတီးနေ့ဟာပြင်သစ်တွေရဲ့ အမျိုးသားနေ့ဖြစ်လာ တယ်။
မြန်မာပြည်အတွက်တော့ ကောလိပ်ကျောင်းသားတွေ အင်္ဂလိပ်အစိုးရရဲ့ပညာရေးစနစ် ကိုစဘွိုင်းကောက်လုပ်တဲ့နေ့။ ပထမကျောင်းသားသပိတ်ရယ် ဆိုပြီးနောက်ပိုင်းမှာသတ်မှတ် လာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့ပဲ။ ဆိုတော့ ဒီနေ့ဟာအမျိုးသားရေး လက္ခဏာ ဘယ်လိုဆောင်သလဲဆိုတာကိုကြည့်မယ်။ အမျိုးသားနေ့ကို ကောလိပ်ကျောင်း သားတွေ စသပိတ်မှောက်တဲ့နေ့အဖြစ်သတ်မှတ်ဘို့ စအဆိုပြုတာ နေရှင်နယ်ဦးမြင့် လို့သိကြ တဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုမြင့်ပဲ၁။ အဲဒါပေမဲ့ တို့မြန်မာတွေမှာ နေရှင်နယ် ဒေး၊ အမျိုးသားနေ့ရယ်ဆိုပြီး ရှိသင့်တယ်လို့ အဆိုသွင်းတာကတော့ န၀မအကြိမ် ဂျီစီဘီအေ အစည်းအဝေးမှာ ကန်ကြီးထောင့်က ကိုယ်စားလှယ်တယောက်က အဆိုတင်သွင်းတာဖြစ် တယ်၊ အဲဒိမှာတချို့ကလဲ သီပေါဘုရင်နန်းကျတဲ့နေ့၊ တချို့ကလဲ ဦးဥတ္တမထောင်ကျတဲ့နေ့ကို သတ်မှတ်ရင်ကောင်းမယ် စသဖြင့်တင်ပြကြတယ်၊ အဲဒိမှာ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် က ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ဟာဖြင့် ပိုသင့်တော်တယ်ဆိုပြီး အကြံပြု တာဖြစ်တယ်။ သူရဲ့ ကြောင်းကျိုးပြဆိုချက်က မှတ်သားစရာကောင်းတယ်၊ ‘ယူနီဘာစတီ အက် ဥပဒေကို သပိတ်မှောက်တဲ့ကိစ္စဟာ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်သြဇာအာဏာဥပဒေ ကို ပဌမဆုံးတော်လှန်ပုန်ကန်တဲ့ ကိစ္စဖြစ်ပါတယ်၊ တနိုင်ငံလုံးကိုနိုးကြားထကြွသတိရပြီး ၀ံသာ နုရိက္ခိတတရားထွန်းကားလာပါတယ်’ တဲ့၊၂
အဝေးကနေလှမ်းကြည့်မယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်တော့ ဒါကောလိပ်ကျောင်းသား တွေရဲ့ ဟန်းတားပညာရေး၃ဥပဒေကို မကျေမနပ်ဘွိုင်းကော့ လုပ်တဲ့ကိစ္စဘဲ။ (တချို့ စက်တင် ဘာ လူထုအုံကြွမှုကို ဆီဈေးတက်တာမခံနိုင်လို့ ဆန္ဒပြတဲ့ပွဲသက်သက်လို့ ယောင်တီး ယောင် တောင်ပြောတာတွေနဲ့ခပ်ဆင်ဆင်လို့ပြောရမလားဘဲ၊ ကြားစကားချပ်၊) ဒါပေမဲ့ သတိပြုရမှာ က အဲဒိအချိန်ကာလမှာ မြန်မာတွေဟာ အင်္ဂလိပ်က အိန္ဒိယလောက်မသာဘူးဆိုတဲ့ ဆုံးဖြတ် ချက်ကြောင့် မခံချိမခံသာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်စနိုးကြားလာစချိန်၊ ဦးဥတ္တမကြီးက ‘ကရက်ဒေါက်ပြန်သွား’ဆိုပြီး ခပ်တည်တည်နဲ့ဟိန်းဟောက်တာကို သဘောခွေ့နေတဲ့အချိန်၊ မစ္စတာမောင်မှိုင်းအမည်ခံ ဆရာကြီးဦးလွန်းက နောင်သော် ဟုမ္မရူးဘက်တော်သားတွေ ကောင်းစားကြပါလိမ့်လို့ ၄ထုထိသြဘာပေးနေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလန်မှာမွေးတဲ့ အင်္ဂလိပ် ထက်ပိုပြီးလူမျိုးကြီးစိတ်ဓာတ်ရှိတဲ့ ကုလားပြည်ပေါက် အိုင်စီအက်စ်ဗျူရိုကရက် ကရက်ဒေါက် နဲ့ အမျိုးသားစိတ်ပြင်းထန်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အဲ အဲဒိအချိန်ကတော့ ၀ံသာနုများ ပေါ့ဗျာ။ ၀ံသာနုအရေးလှုပ်ရှားသူတွေ တချိန်မဟုတ်တချိန် ငြိကြမှာဘဲ၊ ဆိုတော့နိုင်ငံရေး နောက်ခံကိုကြည့်ရင် ဂျီစီဘီအေ၀ံသာနုအသင်းကြီးရဲ့ ဟုမ္မရူးတောင်းဆိုချက်နဲ့ အိုင်စီအက်စ် ဗျူရိုကရက် ကရက်ဒေါက်အစိုးရရဲ့ အင်္ဂလိပ်သြဇာခံသက်သက် အုပ်ချုပ်ရေးတို့အားပြိုင်နေကြ တာတွေ့ရမယ်။ အဲ့ဒိအားပြိုင်မှုဟာ ကောလိပ်ပညာရေးမှာလာကူးစက်သွားပြီး ကောလိပ် ကျောင်းသားကြီးများက သူတို့နယ်ပယ်မှာ စတိုက်ပွဲဝင်ကြရာကနေ သမိုင်းဝင် တန်ဆောင်မုန်း လပြည့်ကျော်ဆယ်ရက်နေ့ဆိုတာ ပေါ်လာတာပဲ။ ဒါ့ကြောင့် ကျောင်းသားကိုယ်စားလှယ် ကိုမြင့်ပြောသလို ယူနီဘာစတီဘွိုင်းကော့ဟာ အင်္ဂလိပ်သြဇာအာဏာဥပဒေကို ပထမဆုံး တော်လှန်ပုန်ကန်မှုပဲ။ ဒီတော်လှန်ပုန်ကန်မှုမှာ ၀ံသာနုအရေးလှုပ်ရှားသူတွေက အင်္ဂလိပ် အစိုးရမင်းတွေကို ဘာကိုပြလိုက်သလဲဆိုတော့ ဟေ့ မင်းတို့သင်ပေးမှ တို့စာတတ်မှာ မဟုတ် ဘူး။ ဒို့လူမျိုးမှာ ကိုယ့်လူမျိုးကိုယ်သင်ပေးနိုင်တဲ့ စာတွေရှိတယ်။ မင်းတို့သင်မှ ဒို့စာတတ်မှာ မဟုတ်ဘူး ဆိုပြီးအားနဲ့မာန်နဲ့ကြွေးကြော်လိုက်တာဘဲဖြစ်တယ်၊ ပြောပြောဆိုဆိုပဲ အမျိုးသား ကောလိပ်နဲ့ အမျိုးသားကျောင်းတွေ နိုင်ငံအနှံ့ပေါ်လာတယ်။ ဒီချက်ချင်းဆိုသလို ပေါ်လာတဲ့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေရဲ့ ရည်ရွယ်ချက်တွေ၊ အဲဒိကောလိပ်၊ ကျောင်း တွေမှာ သင်ကြားပေးတဲ့စာတွေကိုကြည့်ရင် တို့လူမျိုးဟာ သူများနှာခေါင်းပေါက်နဲ့မှ ရပ်တည် နိုင်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကို ပြချင်တဲ့စေတနာက လွှမ်းမိုးနေတာကို ရှင်းရှင်းလင်းလင်းတွေ့ နိုင်တယ်။ ဗမာရာဇ၀င်၊ ဗမာစာပေကို ဗမာတွေ ဂုဏ်ယူတတ်အောင်ရည်ရွယ်ပြီး သင်ပေးတာ ဖြစ်တယ်။ သင်တဲ့အကြောင်းအရာတွေဟာ သမိုင်းဖြစ်ရပ်မှန်ဆိုတာထက် လူမျိုးခြားအောက် ရောက်နေတဲ့ ကိုယ့်လူမျိုးကိုယ် ဂုဏ်ယူစိတ်ရှိလာဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းတွေကို တည်ထောင်ကြတာဖြစ်တယ်။ ကိုယ့်လူမျိုးချင်းရိုင်းပင်ရမယ်၊ သူများအားမကိုးဘဲ ကိုယ့်အရေး ကို ကိုယ့်ဘာသာ ကိုယ်အားကိုးရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒီနေရာမှာအထင်အရှားတွေ့ နိုင် တယ်။ ဝေးဝေးမကြည့်နဲ့ ဆရာကြီးမှိုင်းရဲ့ ဟောဒိစာချိုးလေးမှာ ဒီစိတ်ဓာတ်ဟာအထင်းသားပဲ။ ဘယ်လောက် အားမာန်ပြည့်သလဲဆိုတာ ရွတ်ကြည့်။
‘အနောက်ဂိုက်နဲ့ အတူတညီမကွာကြွားကြစေဘို့ 
(အို - ဘေဒါရီရဲ့) မြှောက်လိုက်မကွဲ့ မောက်လိုက်မဟဲ့လို့ 
ဆောက်လိုက်မဲ့ ယူနီဘာစတီတွေအများ’ ၅ တဲ့၊
အမျိုးသားကောလိပ်ထောင်ပြီ၊ အမျိုးသားကျောင်းတွေဖွင့်ပြီဆိုရင်ဘဲ ဆရာကြီးဦးလွန်းဟာ သူရိယသတင်းစာကနေထွက်ပြီး အခမဲ့စာလာသင်ပေးတယ်။ နောက်ဦးဘချို၊ ဦးဘလွင်တို့ ဟာလဲ အစိုးရကျောင်းအုပ်တွေအဖြစ်ကထွက်ပြီး အမျိုးသားကျောင်းတွေ မှာပညာဒါနလာဖြန့် ကြတယ်။ အလားတူပဲ၊ ဆရာကြီးဦးရာဇတ်၊ ဦးဖိုးကြားတို့ဟာလဲ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုးသားကျောင်းတွေမှာ လာဝိုင်းကြသူတွေဖြစ်တယ်။ ဟုမ္မရူးအရေးဆိုသူတွေ၊ အမျိုးသား ကျောင်းတည်ထောင်သူတွေဆီက ပေါ်ထွက်လာတဲ့ နောက်အချက်တချက်ကတော့ အင်္ဂလိပ် အစိုးရဟာ ဒို့ကိုအုပ်ချုပ်နေပင်နေသော်ငြားလဲ ဒို့တကယ်အလိုရှိတာက အင်္ဂလိပ်အုပ်ချုပ်မှု မ ဟုတ်ဘူး၊ အင်္ဂလိပ်မအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုတာကိုဘဲ ဒို့အလိုရှိတယ်ဆိုတာဘဲ။ နောက် ပိုင်း အမျိုးသားကျောင်းတွေ ပျက်ရှာပေမဲ့ အမျိုးသားနေ့ကနေ အရင်းခံလိုက်တဲ့ စိတ်ဓာတ် ကတော့ အမျိုးသားကျောင်းတွေကနေ တိုင်းပြည်အတွက်အားထားရမဲ့ သခင်အောင်ဆန်းတို့ မျိုးဆက် သခင်လူငယ်ကျောင်းသားတွေကို မွေးထုတ်ပေးခဲ့တဲ့ထိရှင်သန်ခဲ့တယ်။ ဒါ့ကြောင့်လဲ တချို့ကပြောကြတယ်။ အမျိုးသားနေ့ဟာ ကိုယ့်တိုင်းကိုယ့်ပြည်ရယ်လို့ပေါ်လာဘို့ ကြိုးပမ်းမှုရဲ့ အစတဲ့။
သူရိန်ကျော်ဇော
၁ ။ တိုက်စိုး ဂျူဘလီဟော
၃ ။ ပညာမင်းကြီး မက်သယူးဟန်းတားရဲ့ ရန်ကုန်ယူနီဘာစီတီအက်ဥပဒေ
၎ ။ သခင်ကိုယ်တော်မှိုင်း ဒေါင်းဋီကာ
၅ ။ သခင်ကိုယ်တော်မှိုင်း မျောက်ဋီကာ (၁၉၂၀ ပြည့်နှစ်၊ ယူနီဘာစီတီသပိတ်)
Posted by
thitsarforce
at
11:58 PM
0
comments
Labels: ဆောင်းပါး
Friday, December 7, 2007
နအဖရဲ့ ရှေ့ခြေလှမ်းကို ရိုက်ချိုးဖို့ပြင်ကြစို့
ဒီတခါ အာစီယံမှာ နအဖတုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါဆွေးနွေးစရာ၊ ငြင်းခုံစရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့တကယ်တော့ ဒီအစည်းအဝေးကရလဒ်ဟာ ဘာကြီးပဲဖြစ် နေနေ ဗမာပြည်ပြည်သူတွေအတွက်၊ အထူးသဖြင့် စစ်အာဏာရှင် စနစ်ဖယ်ရှားရေးအတွက် သိပ်ပြီးအရေးမပါပါဘူး၊ နအဖကို နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ် မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး၊ အဲဒီမှာ ဘာပဲဆုံးဖြတ်၊ ဆုံးဖြတ် နအဖက ဂရုမစိုက်တာသေချာတယ်၊ သံတမာန်ရေးရာနဲ့ နိုင်ငံတကာဆက်ဆံရေး အပိုင်းကို နအဖအစိုးရက နကမ္ပတိလုပ်ထားရတာကြာပြီ၊ ဂမ်ဘာရီနဲ့ပီညဲရိုးတို့အပေါ် ဆက်ဆံ ပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်၊ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့အိန္ဒိယတို့က ထောက်ခံထားတယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး၊ နအဖဟာဒီနယ်ပယ်မှာ သန်းခေါင်ထက်ညဥ့် မနက်ဘူးလို့ တွက် ထားပြီးဖြစ်တယ်၊ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမာန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့ တာကြာပြီပဲ၊ နပေနကတ်လို တုတ်တောင်းနေတာဖြစ်တယ်လို့ ပြောရင်ရမယ်၊ အဲဒီတုတ်ချက် လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ အ ချက်တချက်ကတော့ နအဖတကယ်ကြောက်တာ သူတို့ကိုတကယ်ကိုင်လှုပ်နိုင်တာဟာ ပြည် တွင်းက ပြည်သူတွေရဲ့အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ၊ သူတို့တတွေ အခုထက်ထိ အရေးအ ခင်းရဲ့ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာအဘက်ဘက်မှာ အထင်အရှားတွေ့နေရ တယ်။ အခုထက်ထိ လူတွေကိုလိုက်ရှာဖမ်းဆီးနေတာဟာ၊ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအ မျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့စိုးရိမ်ထိတ်လန့်နေတုန်းပဲ ဆိုတာကိုပြတာဖြစ်တယ်၊ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူခြေတလှမ်းလှမ်းတိုင်း တွေ့နေ ရတယ်၊ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရကလုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုးတောင် တွေ့လာနေရပြီ၊ သူတို့ချင်းထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုးစားလို့ ရပါအုန်းမလားဆိုတာ တောင်မှ တွေးစရာဖြစ်လာနေတယ်၊ နိုဝင်ဘာလ ၂၂ရက်နေ့က ကေအိုင်အေစခန်းကိုသိမ်း တာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီးဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်၊ တပ်ဟာသူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ဆက်ပြီး အုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ၊ အခုတ လောလေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေခွဲတမ်းချဝေခြမ်းပြီးတဲ့နောက် သူတို့ ကိုယ် သူတို့အတော် စိတ်ချသွားဟန်တူတယ်၊ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ကြံ့ဖွတ် တွေကိုပြော တဲ့မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှု ရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့တွေ့ရာမှာပဲဖြစ်ဖြစ်၊ နအဖ က တိုင်းပြည်အခြေအနေ တညငြိမ်နေ ပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီးပြောနေတာသာဖြစ်တယ်၊ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေ အနေတညငြိမ်တယ်။ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ၊ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့အဆင့်လေးကို မဖြစ်မနေလုပ် တော့မယ်ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ဒီဆန္ဒခံယူပွဲဆိုတဲ့ အဆင့်လေးကို အင်မတန်စိတ်ထက် သန် နေရတာလဲ၊ သေချာတာက သူတို့ အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှသံသယရှိစ ရာမလိုဘူး၊ သူတို့ပြချင်တဲ့ကိန်းဂဏန်းကို ပြလို့ရောအင်လုပ်နိုင်တယ်၊ ၁၉၇၄ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစဏတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွား တာတွေကိုပဲကြည့်တော့။
တကယ်က နအဖအခုလုပ်နေပြောနေတာတွေ မှန်သမျှဟာ တခုမှမျက်စိလည်စရာ မရှိဘူး၊ အင်မတန်ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှအငြင်းမပွားကြဘူး၊ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး၊ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါရေခပ်ခိုင်းသလိုလုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမာန်လူထုတောင်သိတယ်၊
ဒီတော့ အတိုက်အခံတွေ။ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံအဆင့်လေးလုပ်လာမှာ အတွက်အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ် သင့်တယ်၊ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့တူတာမဟုတ်ဘူး၊ အာဏာရှိတဲ့ လူကလုပ်ချင်ရင် မြန်တယ်၊ အချိန်ဆိုတာကလည်း ကုန်မှန်းမသိကုန်သွားတတ်တယ်၊ ပြီးခဲ့တဲ့သံဃာ့အရေး အခင်းကြီးတုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုးဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်။ နိဂုံးချုပ်ပြီးရှေ့လုပ်စရာတွေချ မှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့ သူတွေက အဓိကလုပ်သင့်တယ်၊ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီးပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက် သွားရသလဲ၊ နအဖ တကယ်လန့်တာဘာလဲ၊ သူ့တပ်တွင်းကိုဘယ်လို ဂယက်ရိုက်ခဲ့သလဲစတာတွေကို ကိုယ်ဖြစ်စေချင်တာ။ ကိုယ့်ဆန္ဒအစွဲမပါပဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ။ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်။ ဆုံးဖြတ်သင့်ပြီ၊ ပြီးရင် ပြင်ဆင်ရမယ်၊ ဒီတိုင်းပြည်မှာက ဘယ်သူက ပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်။ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင် ဆန္ဒပြတယ်ဆိုတာ တရားတာမှန်တာချည်းပဲ။ ထောက်ခံရမှာချည်းပဲ၊ ဒါကြောင့် ဒါမျိုးဟာအ ချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိပဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင်အကောင်းဆုံးပဲ။
ဗသြ
Posted by
thitsarforce
at
8:59 AM
0
comments
Labels: ဆောင်းပါး
Thursday, December 6, 2007
ခြင်္သေ့မင်းကဲ့သို့သော ပြည်သူ
ခွေးနှင့်တူသော စစ်အုပ်စု
(ကိုရင်ဒေါင်း)
၁။
“ခြင်္သေ့ဟာ သူ့ကိုပစ်လိုက်တဲ့ အဆိပ်လူးမြား လာရာအရပ်ကို ရှာဖွေကြည့်ရှုတယ်။”
“ခွေးသတ္တ၀ါကတော့ သူ့အပါး ကျလာတဲ့ ခဲလုံးကိုသာ ဒေါသတကြီးလိုက်လံ ကိုက်ခဲတယ်။”
ခြင်္သေ့နဲ့ ခွေးသတ္တ၀ါ မကွာလား ?
အမြော်အမြင်ရှိသူများဟာ ပြ၏နာ သန္ဓေတည်မွေးဖွားရာ အကြောင်းတရားကို ရဲရဲရှာဖွေဖော်ထုတ်တယ်။ အရင်းခံအကြောင်းတရားကိုပယ်သတ်ပြီး ဖြစ်ပေါ်နေတဲ့အကျိုး ဆက်ဆိုးကျိုးကို ချုပ်ငြိမ်းစေတယ်။
လူ့အန္တတွေကတော့ ပြဿနာရဲ အရင်းခံအကြောင်းတရားကို မရှာဖွေ။ မပယ်သတ်ဘဲ ဖြစ်ပေါ်နေတဲ့ရလဒ် ဆိုးကျိုးကိုသာ ဆတက်ထမ်းပိုး တိုးပွားစေတယ်။
မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ပင်မအကြောင်းခံတရားဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ် ဆိုတာကို ၂၀၀၇-စက်တင်ဘာ လူထုအရေးတော်ပုံကြီးကတဆင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ဖော်ထုတ်ပြသခဲ့ကြတယ်။ ရလဒ်ဆိုးကျိုးကို ချုပ်ငြိမ်းစေဖို့။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး တွေ့ဆုံဆွေး နွေး အဖြေရှာရေးကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ခရီးနှင်ဖို့လည်း အမြော်အမြင်ရှိစွာ တောင်းဆို ခဲ့ကြတယ်။
နအဖ စစ်အုပ်စုကတော့ သူ့ဆီပစ်လိုက်တဲ့ခဲလုံးကို ဒေါသတကြီး လိုက်ကိုက်တဲ့ခွေးလို ငြိမ်းချမ်းစွာအရေး ဆိုလာတဲ့ ရဟန်းရှင် လူပြည်သူတွေကိုပဲ ရန်မူခဲ့တယ်။ လက်နက်နဲ့အကြမ်း ဖက်ဖြိုခွဲခဲ့တယ်။ လူထုအရေးတော်ပုံများ ရဲ့ ဓမ္မတာအတိုင်း စက်တင်ဘာအရေးတော်ပုံကြီး ဟာလည်း လှိုင်းလုံးသ္ဂန် နိမ်တုံ မြင့်တုံဆောင်ခဲ့ပေမဲ့ ဦးကျိုးမသွားခဲ့ဘူး။ နအဖ စစ်အုပ်စုသာ ပြည်သူတွေရဲ့ တံတွေးမြစ်မှာ ဂျွမ်းထိုးမှောက်ခုံ မြောခဲ့ရတယ်။
ပြည်သူတွေရဲ့ အမြော်အမြင်ရှိတဲ့တောင်းဆိုချက်တွေကို ဥပက္ခာပြုခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ ခံစစ်ဘ၀ကို လုံးလုံးကျရောက်နေရပြီ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီး အပိုင် ကျဆုံးတဲ့အထိ ဆက်လက် တိုက်ပွဲ ၀င်ကြရလိမ့်ဦးမယ်။
၂။
အမှန်နဲ့အမှားရဲ့အားပြိုင်ပွဲမှာ အဆုံးတနေ့ အမှန်ကသာ အောင်ပွဲခံရမှာပဲ။ ဒါဟာ ရှောင်လွဲ မရတဲ့ နိယာမဧကန်သဘောဖြစ်တယ်။ တချိန်တည်းမှာဘဲ တပွဲချင်းနဲ့ ရေတိုသဘောမှာတော့ ပြိုင်ဘက်ထက်သာ လွန်တဲ့ လူထုအင်အားကို မစုစည်းနိုင်ရင် ယာယီအရေးမသာမှုတွေ တွေ့ရ မြဲဖြစ်တယ်။
ဒါကြောင့် အမှန်တရားရဲ့ အဆုံးတနေ့အောင်မြင်ရမှု။ ယာယီအရေးနိမ့်ရမှုနဲ့ အမှား တရားရဲ့ ယာယီအောင်မြင်မှု။ အဆုံးတနေ့မှာရှုံးနိမ့်ရမှုများနဲ့ပတ်သက်လို့ လက်တွေကျကျ ဆင်ခြင်ကြည့်မြင်ကြဖို့လို တယ်။ အကောင်အထည်မဲ့ ယုံကြည်မှုသက်သက် တခုတည်းနဲ့တော့ အမှန်တရားရဲ့အောင်ပွဲကို ဆုပ်ဆုပ်ကိုင် ကိုင် ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှန်နေပါ လျက်နဲ့ ဘာကြောင့် အရေးနိမ့်ရသလဲ။ ဆန့်ကျင်ဘက်က မှားနေပါလျက်နဲ့ ဘာကြောင့် အရေးသာသွားရသလဲ ဆိုတာတွေကို မှန်ကန်စွာနားလည်နိုင်မှာမဟုတ်ဘူး။ ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲရဲ့ သင်္ခန်းစာတွေကိုလည်း မှန်ကန်စွာနိဂုံးချုပ်နိုင်မှာမဟုတ်ဘူး။ ဒီအခါမျိုးမှာ မမြင်ရတဲ့ ကံတရားဟာ ကိုးကွယ်ရာ ဖြစ်လာတတ်ပြီး ကိုယ့်အချင်းချင်းကဲ့ရဲ့သင်္ဂြိုလ် အတင်းဆိုမှုတွေနဲ့ ညီညွတ်ရေး ထိခိုက်မှုဆီ ဦးတည်သွားတတ်ကြတယ်။
တကယ်တော့ အမှန်တရားဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်တည်ရှိနေတာ မဟုတ် ဘူး။ ကျနော့်တို့ ပြောဆိုနေတဲ့ အမှန်တရားဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ ဘ၀တိုက်ပွဲအတွင်း က အတွေ့အကြုံအဆက် ဆက်ကို စုစည်းပေါင်းချုပ်ထားတဲ့ အကောင်အထည်မဲ့ တန်ဖိုးသဘောတရားတခုပဲ။ ပြည်သူတွေအတွက် မှန်ကန် တဲ့တန်ဖိုး သဘောတရားတခုဟာ ဖိနှိပ် အုပ်စိုးသူ အဓမ္မ၀ါဒီတွေအတွက်တော့ အမှားတရားသာဖြစ် တယ်။ ပြည်သူတွေက ဖိနှိပ်မှု အောက်က လွတ်မြောက်အောင်ရုန်းကန်တိုက်ပွဲဝင်တာကို မှန်တယ်လို့ယုံကြည် ပေမဲ့ ဖိနှိပ် အုပ်စိုးသူတွေကတော့ အဲဒါကိုဆူပူအုကြွမှု မင်းမဲ့လုပ်ရပ်လို့မြင်တယ်။ လူထုအုကြွမှုကို အကြမ်း ဖက်ဖြိုခွဲတဲ့ သူတို့လုပ်ရပ်ကို တရားတယ်လို့မြင်တယ်။ ဒါကြောင့်လဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လူမျိုးတိုင်း တန်းတူသွေးစည်း ရေးလှုပ်ရှားမှုတွေကို ဆူပူသောင်းကျန်းမှုတွေအဖြစ် လက်နက် အားကိုး ဖြိုခွဲကြတာဖြစ်တယ်။
တရားဆိုတာ အကောင်အထည်မဲ့သဘောပဲ။ အမှန်တရားတခုဟာ မှန်နေပေမဲ့ အခိုင် အမာအကောင်အထည်ဖြစ်လာအောင် အသက်မသွင်းနိုင်ရင် သူရဲ့မှန်ကန်မှုနဲ့ အစွမ်းသတ္တိ ခွန်အားကို မပြနိုင်ဘူး။ စိတ်ကူးပုံပြင်ထဲက တန်ခိုးရှင်ထက် ဘာမှမလိုဘူး။ ဖိနိုပ်မှုအောက်က လွတ်မြောက်လိုကြတဲ့ ပြည်သူတွေဟာ မိမိတို့ဘ၀တိုက်ပွဲ များစွာအတွင်းက စုစည်းပေါင်းချုပ် ချက် အကောင်အထည်မဲ့ အမှန်တရား ကို အကောင်အထည်ဖြစ်လာအောင် လက်တွေ့နဲ့ အသိရှိရှိပေါင်းစပ်ကြရမြဲဖြစ်တယ်။ အဲဒီအခါကျမှသာ အကောင်အထည်မဲ့ အမှန်တရား ၀ိဥာဉ်ဟာ အခိုင်အမာကိုယ်ထည် ဖြစ်တည်လာပြီး အံ့မခန်းတဲ့တိုက်ပွဲဝင် အင်အားကြီးအဖြစ် အသက်ဝင် ရုန်းကြွလာတာ ဖြစ်တယ်။ ဒါကို ပြည်တွင်း ပြည်ပ ပြည်သူ့အရေးတော်ပုံ များစွာက သက်သေပြခဲ့ပြီးပြီ။
၃။
အားပြိုင်ပွဲတခုအတွင်းမှာ ပေါင်းစည်းနေတဲ့ ဘက်နှစ်ဘက်ဟာ နှစ်ဘက်စလုံးက အနိုင်ရချင် ကြသလို။ နှစ်ဘက်စလုံးကပဲ အရှုံးမပေးလိုကြဘူး။ ဒါပေမဲ့ အခိုင်အမာအားပြိုင်မှုဆိုတာ ကာလအကန့်အသတ်မဲ့ မဟုတ် ဘူး။ ကာလအကန့်အသတ်ဆုံမှတ်တခု ရောက်ရင်တဘက် ကရှုံးပြီး။ တဘက်ကနိုင်ရမှာပဲ။
အများသိတဲ့အတိုင်း အဆုံးတနေ့မှာ အမှန်က အမှားအပေါ်မုချအောင်ရမှာပဲ။ ဒါပေမဲ့ ဒါဟာ အကောင်အထည်မဲ့ သဘောတရားမျှသာ ဖြစ်တယ်ဆိုတာ သတိချပ်သင့်တယ်။
အခိုင်အမာကျတဲ့ အနိုင်အရှုံးဆိုတာကတော့ အကောင်အထည်မဲ့သဘောတရား သက်သက်မဟုတ်ဘူး။ လက်တွေ့အခိုင်အမာတိုက်ပွဲရဲ့ သင်္ကေတဖြစ်တယ်။ တိုက်ပွဲတပွဲချင်း ရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာဟာ ဘယ်ဘက်ကမှန်တယ်။ မှားတယ်ဆိုတာ တချက်တည်း အပေါ်မှာမတည်ဘူး။ ဘယ်ဘက်က တိုက်ပွဲလိုအပ်ချက်အင်အား (လူ။ စိတ်ဓာတ်။ ရုပ်ဝတ္တု) တွေကို ဆန့်ကျင်ဘက် ထက်သာလွန်အောင် စုစည်းအသုံးချနိုင်ခြင်း ရှိမရှိအပေါ်မှာတည် တယ်။ အမှန်တရား (ပြည်သူ) ဘက်ကရပ်တည်တဲ့တိုင်အောင် အဲဒီအမှန် တရား သက်ဝင်ရုန်း ကြွလာစေမယ့် လက်တွေ့စည်းရုံးပြင်ဆင်မှုတွေမဲ့နေရင်။ ဒါမှမဟုတ် အနိမ့်ဆုံးလိုအပ်ချက် မပြည့်မီရင် တပွဲချင်းမှာ မလွဲမရှောင်သာ အရေးမသာမှုကြုံရမှာပဲ။
ပြည်သူဆန့်ကျင်ရေး အဓမ္မ၀ါဒီများဖြစ်နေတဲ့တိုင်။ လက်နက်တခုတည်းကိုသာ အင် အားအဖြစ် အကြွင်းမဲ့ယုံကြည်ထားတဲ့ စစ်ဝါဒီများဖြစ်နေတဲ့တိုင် သူတို့ကိုင်စွဲထားတဲ့ အမှားတ ရားကို ခိုင်မာတိကျတဲ့ စည်းရုံးပြင်ဆင်မှုများနဲ့ အသက်သွင်းပြီး လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် တပွဲချင်းအရအရေးသာမှုတွေ ရကြတာပဲ။ အဓမ္မ၀ါဒီတွေဟာ သူတို့ရဲ့ဒီလိုတပွဲချင်းအရ အရေး သာမှုတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းရင်း သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြတာဖြစ် တယ်။ ဒါကိုလည်း ပြည်တွင်းပြည်ပ အမှန်နဲ့အမှားတို့ရဲ ရှည်ကြာတဲ့ တိုက်ပွဲသမိုင်းအတွေ့ အကြုံက သက်သေပြ၊ အတည်ပြုပေးခဲ့ပြီးပြီ။
၎။
အာဏာလက်ရှိ အဓမ္မ၀ါဒီ နအဖစစ်အုပ်စုဟာ အာဏာကိုအသုံးပြုပြီး ပြည်သူကိုဖိနှိပ် သတ်ဖြတ်ဖို့ စစ်တပ်၊ ပုလိပ်၊ တရားရုံး၊ အကျဉ်းထောင် စတဲ့ဖိနှိပ်ရေးယနျွှရားတွေကို အသင် ထူထောင်ထားပြီးဖြစ်တယ်။ သူတို့ရဲ့ ပြည်သူဖိနှိပ်ရေးပေါ်လစီတွေကို အသက်ဝင်လှုပ်ရှား လာအောင် အခိုင်အမာစည်းရုံးဖွဲ့စည်းမှုတွေနဲ့ လက်တွေ့ ပေါင်းစပ်ကြတာဖြစ်တယ်။ ဒါကြောင့် လည်း အဓမ္မ၀ါဒီစစ်အုပ်စုဟာ ပြည်သူဖိနှိပ်ရေးအတွက် အခိုင်အမာ ဆောင်ရွက်ရာမှာ ပြည်သူ တွေထက်သာလွန်ပြီး လက်ဦးမှုရယူနိုင်ကြတာပဲ။ ဒီလိုလက်ဦးမှုရယူနိုင်လို့ လည်း တပွဲချင်းမှာ အသာရသွားကြတာဖြစ်တယ်။ တခွန်းတည်းပြောရရင် လက်ဦးမှုဆိုတာ တပွဲချင်းအရ အာဏာ ရနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာပဲ။
အဖိနှိပ်ခံပြည်သူလူထကြီးဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်လိုကြတာဓမ္မတာပဲ။ အဲဒီအတွက် ရုန်းကန်တိုက်ပွဲဝင်ကြတာဟာလည်း တရားတာပဲ။ ဒါပေမဲ့လူတန်းစား။ လူ့ အလွှာတွေအဖြစ် အထပ်ထပ်။ အလွှာလွှာကွဲပြားနေတဲ့ ပြည်သူလူထကြီးကို အတွေးအခေါ် အရ။ နိုင်ငံရေးအရ။ စည်းရုံးရေးနဲ့လုပ်ဟန်အရ မစုစည်းနိုင်ရင် စစ်အုပ်စုထက်သာလွန်တဲ့ တိုက်ခိုက်ရေးအား ဖြစ်မလာနိုင်ဘူး။ ခိုင်မာသွေးစည်းတဲ့ လူထုညီညွတ်ရေး ဆိုတာမျိုးဟာ အလိုအလျောက်ဖြစ်လာနိုင်တာမျိုးမဟုတ်။ သိစိတ်ရှိရှိ အခိုင်အမာစုစည်းမှရနိုင်တာမျိုးဖြစ် တယ်။ စုစည်းညီညွတ်တဲ့ လူထုအားနဲ့ ရန်သူကိုတိုက်ရင်း လက်ဦးမှုမဲ့ရာက ရှိရာကိုကူးပြောင်း ယူရတာဖြစ်တယ်။ လက်ဦးမှုကို အဆက်မပြတ် တိုးချဲရာက နောက်ဆုံးလက်ဦးမှုကို ပိုင်ပိုင် နိုင်နိုင်မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့အချိန်ဟာ အောင်ပွဲရချိန်ပဲ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲမှာလက်ဦးမှုရအောင်။ တိုက်ပွဲအဆုံးသတ်အထိ လက်ဦးမှုကို မလွတ်တမ်းဆုပ်ကိုင်ထားနိုင်အောင် အားလုံးဝိုင်းဝန်းပြင်ဆင်ကြရမှာပဲ။
၅။
နောက်ထပ်လာမယ့် လူထုတိုက်ပွကြီးအတွက် ပြင်ရေးကို ဘယ်သူတွေ တာဝန်ယူမ လဲ။ ဘယ်နည်းနာ တွေနဲ့ပြင်ကြမလဲ။
ဓမ္မတာပဲ ရှည်ကြာတဲ့ လူထုတိုက်ပွကြီးအတွင်းက ထွက်ပေါ်လာတဲ့။ သက်ဆိုင်ရာ လူတန်းစား။ လူ့အလွှာ အသီးသီးကို ကိုယ်စားပြုတဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ဥပဒေတွင်း။ ဥပဒေပနိုင်ငံရေးပါတီများ တက်ကြွတဲ့တိုက်ပွဲဝင် အစုအဖွဲ့များ။ တကိုယ်တော်တိုက်ခိုက်ရေးသမားများစတဲ့ ပြည်သူ့ဘက်တော်သားများ က ကိုယ်နိုင်တဲ့ဝန်ကိုထမ်းပြီး ပြင်ဆင်ကြရမှာပဲ။
ပြင်တဲ့နည်းနာကတော့ လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်း နည်းနှစ်နည်းနဲ့ပြင်ကြရ မယ် လို့ယူဆတယ်။
ပြောင်ပြင်ဆင်ရေးလုပ်ငန်းကို တရားဝင်NLD ပါတီနဲ့ အခြားပါတီများက သက်ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဗဟိုပြုပြီးရသမျှ အခွင့်အရေးကို အသုံးချလုပ်ကိုင်ကြရမှာပဲ ဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးမှာတော့ ဥပဒေပနိုင်ငံရေးပါတီများ။ အစုအဖွဲ့များ။ တသီးပုဂ္ဂလ များနဲ့ လျို့ဝှက်နည်းအရ။ စုစည်းထားတဲ့ ခေါင်းဆောင်မှုအဖွဲ့တခုရှိသင့်တယ်။ ဒါမှသာ တပြည် လုံးလက္ခဏာအရ လမ်းညွှန်သဘောထား။ စီမံချက်စတာတွေနဲ့ လိုအပ်သလို ထိန်းကျောင်း နိုင်မှာဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးလုပ်ငန်းတွေထဲက အခြေခံကျတဲ့အချက်အချို့ကို အကြမ်းဖျင်း တင်ပြရရင် လျို့ဝှက် ခေါင်းဆောင်မှုအောက်ရှိ လိုင်းအသီးသီးဟာ အလုပ်သမား၊ လယ်သ မား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အမှုထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူထု လူတန်းစားအလွှာအသီးသီးအတွင်းက တက်ကြွသူအမာခံများကို မွေးမြူစုစည်းတာ။ တက်ကြွ သူအမာခံတွေကို အခြေခံပြီး လူတန်းစား။ လူ့အလွှာ အလိုက် သမဂ္ဂတွေဖွဲ့စည်းတာ။ စစ်တပ်။ ရဲ၊ ကြံဖွံ့၊ မီးသတ်၊ ကြက်ခြေနီစတဲ့ စစ်အုပ်စုရဲ့အဖွဲ့အစည်းများနဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ ‘လူထုတိုက်ပွဲ ထောက်ခံရေး’ အင်အားစုတွေ လျို့ဝှက်စုစည်းတာပါပဲ။ အနိမ့်ဆုံး အားဖြင့် ကြားနေအင်အားစုများ ရှိလာအောင် လုပ်ရေးဖြစ်တယ်။ ဒီလိုပြင်ဆင်ထားနိုင်မှ ဖွဲ့စည်းထားတဲ့ သမဂ္ဂ တွေ၊ လူထုတိုက်ပွဲ ထောက်ခံရေးအစုတွေကို မဏ္ဏိုင်ပြုပြီး တောရောမြို့ပါမကျန် လူထု ပါဝင်လာရေး ဖြစ်နိုင် စရာရှိတယ်၊ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တိုအတွင်း ကူးပြောင်း နိုင်မှာဖြစ်တယ်။ လက်ဦးမှု ကိုလျင်မြန် စွာတိုးချဲ့ပြီး အဆုံးအဖြတ်ကျချိန်အထိဆုပ် ကိုင်ထားနိုင် မှာ ဖြစ်တယ်။
သင့်လျော်တဲ့ ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲကာလအတွင်းမှာမှ လူထုလူတန်းစားအဖွဲ့အ စည်းတွေကို အရေးပေါ် ဖွဲ့စည်းရတာမျိုးဟာ တိုက်ပွဲလိုအပ်ချက်ကို အချိန်မီဖြည့်ဆီးနိုင်ဖို့ မလွယ်ဘူး။ အထွေထွေ သပိတ် ကြီးအဖြစ် အချိန်တို အတွင်း ကူးပြောင်းနိုင်အောင် လုပ်ဖို့ခက် တယ်။
ဒီလိုပြောလို့ အလုံးစုံပြင်ပြီးမှ တိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ လူထုတိုက်ပွဲဆို တာ အင်မတန် ကျယ်ပြန့် ရှုပ်ထွေးလေ့ရှိပြီး ကိုယ်ခန့်မှန်းတွက်ချက်ထားသလို ဖြစ်ချင်မှဖြစ် တတ်တာမျိုး ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းအချက်ပေါ်အခြေခံပြီး စတင်ပေါက် ကွဲမယ်ဆိုတာလဲ ဘယ်သူမှ အတတ်သိနိုင် တာမဟုတ်ဘူး။ တိုက်ပွဲမဖြစ်ခင် ပြင်နိုင်သမျှပြင်။ တိုက်ပွဲဖြစ်လာတဲ့အခါ ပြင်ဆင်ပြီးသမျှနဲ့ အားဖြည့်၊ တိုက်ပွဲ တွင်းပြောင်းလဲလာတဲ့ အခြေအနေသစ်တွေရဲ့ တောင်းဆိုမှုအရလည်းထပ်ပြင်။ ပြင်နေရင်း တိုက်ပွဲတိုက် ဆိုတဲ့ နည်းနဲ့ ပျော့ပြောင်းစွာ ပေါင်းစပ်ရတာမျိုးလို့ သဘောပေါက်တယ်။ ဒါကြောင့်ကြိုပြင်တာ ဟာ မပြင်တာထက်၊ နောက်ကျပြင်တာထက် အကျိုးများတာအမှန်ပဲ။
၆။
နောက်ဆက်တွဲလူထုတိုက်ပွကြီးအတွက် ပြောင်လုပ်ငန်း၊ လျို့ဝှက်လုပ်ငန်း နည်းနှစ် နည်းနဲ့ ပြင်ဆင်သင့် တယ်လို့ပြောခဲ့ပြီ။ ဒီနှစ်ခုဟာ အပေါ်ယံအရ လှုပ်ရှားရပုံမတူပေမဲ့ အတွင်းသဘောအရ လူထု လှုပ်ရှားမှု အောင်မြင်ရေး ရည်မှန်းချက်အတွက်ပဲဖြစ်တယ်။
တကယ်က ပြောင်လုပ်ငန်းနဲ့လျို့ဝှက်လုပ်ငန်းဟာ တခုကိုတခုဆန့်ကျင်နေတာ မဟုတ်ဘူး။ အပြန်အလှန် ထောက်ကူနေသာဖြစ်တယ်။ အထူးသဖြင့် ဥပဒေမဲ့စစ်အာဏာရှင် စနစ် အုပ်ချုပ်မှုအောက်မှာ လျို့ဝှက်လုပ်ငန်း ကောင်းအောင်လုပ်နိုင်လေ။ ပြောင်လုပ်ငန်း အတွက် အကျိုးများလေပဲ။ အပြန်အလှန် အားဖြင့် ပြောင်လုပ်ငန်းကို မိမိရရ အသုံးချနိုင်လေ။ လျို့ဝှက်လုပ်ငန်းကို ကျယ်ပြန့်နက်ရှိုင်းစွာလုပ်နိုင်လေပဲ။
လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်းဟာ အပြန်အလှန်ကူးပြောင်းတဲ့ သဘောလည်းရှိ တယ်။ တိုက်ပွဲစဉ်အတွင်း အခွင့်မသာတဲ့အခါ ပြောင်လုပ်ငန်းဟာ လျို့ဝှက်လုပ်ငန်းအဖြစ်ကူး ပြောင်းသွားလေ့ရှိပြီး။ အောင်ပွဲရတဲ့အခါ လျို့ဝှက်လုပ်ငန်းဟာ ပြောင်လုပ်ငန်းအဖြစ် ကူး ပြောင်းသွားတတ်တယ်။ ဒီသဘောကို အမျိုး သားလွတ်မြောက် ရေးကာလ လှုပ်ရှားမှုများနဲ့ လွတ်လပ်ရေးခေတ် လူထုတိုက်ပွဲများအတွင်းမှာ လေ့လာတွေ့ ရှိနိုင်တယ်။
၂၀၀၇ စက်တင်ဘာအရေးတော်ပုံကြီး အတွင်းမှာလည်း သံဃာနဲ့ကျောင်းသားများဟာ တိုက်ပွဲလိုအပ် ချက်အရ ပြောင်လုပ်ငန်းနဲ့ လျို့ဝှက်လုပ်ငန်း အကြားအဆက်အစပ်ကို အပြန်အလှန်ကူးပြောင်း လှုပ်ရှား ခဲ့ကြတာ သတိပြုလိုက်မိတယ်။ ဒီလိုပြောင်းလွယ်ပြင်လွယ် လုပ်နိုင် တာဟာ လူထုတိုက်ပွဲအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာအရေး တော်ပုံလှုပ်ရှားမှုမှာ ပြောင်လုပ်ငန်းသဘောက အဓိက လွှမ်းမိုးနေတယ်လို့ ယူဆရတယ်။ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့သာ ကြိုပြင်ထားနိုင်ခဲ့ရင် စက်တင်ဘာအရေး တော်ပုံကြီးကို ဒီထက်ပိုမိုအားဖြည့်ပေးနိုင်မှာအမှန်ပဲ။
၇။
နိဂုံးချုပ်ရရင် တပွဲချင်းအရ အာဏာကိုအသုံးချပြီး ပြည်သူအပေါ် အနိုင်ယူနေတဲ့ နအဖ စစ်အာဏာရှင် စနစ်အတွင်းမှာ မုချကျဆုံးရမယ့် အကြောင်းတရားတခုပါရှိနေတယ်။ အဲဒါ ကတော့ ပြည်သူကို ဖိနှိပ်ဆန့်ကျင် တဲ့ ရပ်တည်မှုအမှားပဲ။ အဲဒီအမှားကို အကြောင်းပြုပြီး အတွေးမှား၊ အမြင်မှား၊ အလုပ်မှားတွေကို အဆက်မ ပြတ် ကျူးလွန်ကာ နောက်ဆုံးကျဆုံး ခန်းဆီ ဦးတည်စေတာဖြစ်တယ်။ ဒါပေမဲ့ သူ့အလိုလျောက် ကျဆုံးမှာ တော့မဟုတ်ဘူး။ စည်းလုံးညီညွတ်တဲ့ လူထုအားနဲ့ တိုက်ပွဲဝင်မှ အပြီးသတ်ကျဆုံးမှာဖြစ်တယ်။
တပွဲချင်းအရ အရေးနိမ့်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထကြီးအတွင်းမှာလည်း အဆုံး တနေ့ မုချအောင်ပွဲခံရမယ့် အကြောင်းတရားတခုရှိနေတယ်။ အဲဒါက စစ်အုပ်စုလက်တဆုပ် စာရဲ့ အကြမ်းဖက် ဖိနှိပ်မှုအောက်က ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင် ရေးဆိုတဲ့ ရပ်တည်မှုအမှန်တရား ပဲ။ ဒီရပ်တည်မှုအမှန်တရားကို အကြောင်းခံပြီး ပြည်သူတွေ ဟာ အတွေးမှန်။ အမြင်မှန်။ လုပ်နည်းမှန် တွေကို ရရှိပြီး တပွဲချင်းအရေးနိမ့်မှုက အောင်မြင်မှုကို တက်လှမ်းလာနိုင်မှာဖြစ်တယ်။ လက်ဦးမှုမဲ့ရာက ရှိရာသို့ အဆက်မပြတ်တိုးချဲ့ပြီး အောင် ပွဲကို အရယူနိုင်မှာဖြစ်တယ်။
တသက်စာ အမှားဝန်ထုပ်ကြီးကို မချိမဆန့်ပိုးထားတဲ့ နအဖ စစ်အုပ်စုကို အမှန်တရား အရ အားကောင်းမောင်းသန်စုစည်းထားတဲ့ ပြည်သူ့အားနဲ့တွန်းရင် စစ်အုပ်စုဘုံးဘုံးလဲ ရမှာပဲ။ ဒီအတွက်လိုအပ် သမျှကို ၀ိုင်းဝန်း ပြင်ဆင်ရင်း လာမယ့်တိုက်ပွကြီးကို ကြိုကြဦးစို့။
ကိုရင်ဒေါင်း
Posted by
thitsarforce
at
7:57 AM
1 comments
Labels: ဆောင်းပါး
Saturday, November 17, 2007
လူထုအတွက် လူထုဖက်က လူထုဒေါ်အမာ
ဝင်းတင့်ထွန်း
အောင်မင်္ဂလာ - နဲ့အစချီ လိုက်တဲ့ အောင်မင်္ဂလာသီချင်းကြီး သီချင်းခံသံကြီးကို ကြားလိုက် ရလေတိုင်းလဲ ရင်ထဲ တလှပ်လှပ် ခံစားခဲ့ရဖူးပါတယ်။ ‘ ... ကော်ရော်သံ - ကော်ရော်သံ ... ဆင်ပန်းလက်စုံမိုးတယ် ... မျိုးလေးပါး - ရာရာကျော် ...သက်တော်ရှည်စေကြောင်းငယ် ...တောင်းဆုချွေ ...’ဆိုတဲ့ ဆုတောင်းမေတ္တာပို့ သသံအပိုဒ်နဲ့အတူ‘ - - ဘုံဝေယံ ...နိုင်ငံ ပြည်သူ ...အေးစေဗိုလ်လူ ...’ဆိုတဲ့ အပိုဒ်ကတော့ ရင်ထဲမှာ အမြဲလိုလိုလှိုင်းခတ်နေတတ်ခဲ့ပါတယ်။ ကျနော်ငယ်ငယ်လေးက ကျနော်တို့အိမ်အိုလေးရဲ့ထရံစုတ်လေးပေါ် မှာ အမေမှတ် မှတ်ရရ၀ယ်လာ ချိတ်ဆွဲထားတဲ့ ‘မန်းရာပြည့်’ ပြက္ခဒိန်လေးပေါ်က မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရိပ် ရေပြင်ညို့ညို့ မန္တလေးအမှတ်အသား မန္တလေးပန်းချီကားလေးကိုလဲ အဲဒီတုန်းကတည်းက ခဏခဏ ငေးကြည့်မိရင်း အိပ်မက်ထဲအထိ မကြာမကြာမက်တတ် ခဲ့ဖူးပါတယ်။ ကျနော်မှတ်မိသမျှ ကျနော့်အမေ လယ်သူမကြီးရဲ့တသက်တာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပုံတချပ်နဲ့ မဟာမြတ်မုနိ ဘုရားကြီးပုံတော်တချပ်ပြီးရင်၊ ပြက္ခဒိန်အဖြစ် ၀ယ်ဖူးတာဆိုလို့ အဲဒီမန္တလေးရာပြည့် အထိမ်းအမှတ် မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်ညို့ညို့ပါ ပြက္ခဒိန်တခုပဲ ၀ယ်ခဲ့ဖူးပါတယ်။ အမေခမြာ တော်တော်ကို ကြိုက်လွန်းလှလို့ဝယ်ခဲ့တာဖြစ်သလို၊ ကျနော့်ဘ၀မှာလဲ ပထမဆုံး အိမ်မှာစမြင်ဖူး စွဲလန်းနှစ်သက်ဖူး တဲ့ပန်းချီကားဟာ အဲဒီမန္တလေးနန်းမြို့ရိုးပုံ ပန်းချီကားလေးပဲ ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရောင်စုံခဲ တံဗူးလေး စရတော့၊ ကိုယ့်ဟာ ကိုယ် မကြာမကြာလိုက်လိုက်ပြီး ကူးယူဆွဲကြည့်ခဲ့ဖူးတာဟာလဲ အဲဒီပြက္ခဒိန်ပေါ်က မန္တလေးနန်းမြို့ရိုးပန်းချီကားလေးပါပဲ။ ကျနော်ပထမဆုံး မန္တလေးကိုစရောက်တော့၊ နန်းရှေ့ ဖက်ရောက်အောင်သွားပြီး၊ ငယ်ငယ်တုန်းကတည်းက အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ မန်းရာပြည့် ပြက္ခဒိန်ပေါ်မှာပါခဲ့တဲ့ ပန်းချီကားထဲက ရှုခင်းလေးနဲ့တူမယ့်နေရာ သေချာရွေးပြီး တမေ့တမော ထိုင်ကြည့်ခဲ့ဖူးပါတယ်။
မန္တလေးဟာ ရွှေဘိုနဲ့ဘာမှမဝေးလှပေမဲ့၊ မန္တလေးကို ငယ်ငယ်ကတည်းက စွဲစွဲလန်း လန်းရှိခဲ့ပေမဲ့၊ ဘ၀အခြေအနေအရ ကျနော့်ရဲ့လူငယ်ဘ၀နှစ်ပေါင်းများစွာဟာ မန္တလေးကို ကျော်ပြီး ရန်ကုန်မှာ သွားကြီးပြင်းခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် မန္တလေးကိုရောက် ဖြစ်ရင်လဲ တပတ်ဆယ်ရက် ဆယ့်ငါးရက်တွေထက် မပိုခဲ့ရသလို ဖြစ်ခဲ့ရပြီး မချင့်မရဲ ခံစားခဲ့ ရဖူးပါတယ်။ အဲဒီလို မချင့်မရဲ ခံစားခဲ့ရတဲ့ မန္တလေးကို ကြုံမယ့်ကြုံ ဆုံမယ့်ဆုံရတော့လဲ ၀ရမ်း
ပြေးဘ၀နဲ့ပဲ ရက်ပေါင်းများစွာ လရှည်နှစ်ပေါက် ရင်ချင်းအပ်ပွေ့ဖက်နွေးထွေးခဲ့ရပါတော့ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ အရေးတော်ပုံကြီးရဲ့အကျိုးဆက် နိုင်ငံရေးပါတီ တွေ အလျှိုအလျှိုပေါ်ထွက်အပြီး၊ သိပ်တောင် များများစားစားမလှုပ်ရှားလိုက်ရပါဘူး၊ နိုင်ငံ ရေးနဲ့ပဲ ၀ရမ်းပြေးဘ၀ ထပ်ရောက်ရပါတယ်။ ဟိုဟိုဒီဒီကနေ နောက်ဆုံးမှာ မန္တလေးကို ရောက်လာ ရပါတော့တယ်။ ကျောင်းရိပ်ကန်ရိပ် သံဃာ့အရိပ်ပေါင်းစုံမှာခိုရင်း၊ ရဲဘော်တကာ မိတ်ဆွေ တကာရဲ့ခြံပေါင်းများစွာ အိမ်တကာမှာခိုရင်း၊ မန္တလေးမြို့ရဲ့နေရာပေါင်းစုံ လမ်းကြို လမ်းကြား ချောင်ကြားမကျန် အနှံ့ရောက်ရကျင်လည်ရပါတော့တယ်။ လူက ၀ရမ်းပြေးဖြစ်တဲ့ အပြင်၊ စက်ဘီးမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာစက်ဘီးမစီးတတ်တဲ့ကျနော်ဟာ မြေလျှောက်ဝိဇ္ဇာတပိုင်း ဖြစ်ရပါတော့တယ်။ ဘယ်လောက် အထိတောင် မြေလျှောက်ဝိဇ္ဇာ ဖြစ်နေရသလဲဆိုတော့၊ ယူဂျီ တပိုင်းအဖြစ်နေနေရတဲ့ ကာလတချို့မှာ မန္တလေး ကမိတ်ဆွေ ရဲဘော်တချို့က အထူးသဖြင့် ဟာသကြွယ်ကြွယ်လူငယ်တချို့က ကျနော့်ကွယ်ရာမှာ သူတို့ အချင်းချင်းလျှို့ဝှက်နာမည်ပေးခေါ်နေကြတာက ‘မြေလျှောက်ဝိဇ္ဇာကြီး’ ဆိုတဲ့ အထိပါပဲ။ နောက်ပိုင်းကျတော့ တချို့က ‘၀ိဇ္ဇာ’ ကြီးလို့ သူတို့ဟာသူတို့နာမည်ပြောင်ပေးပြီး လျှို့ဝှက် ခေါ်ဆိုနေကြရာကနေ၊ ‘ပထမံကြီး’ လို့ပြောင်းလဲခေါ်ဝေါ်တဲ့ သူတွေလဲ ရှိခဲ့ရတဲ့အထိပါပဲ။ လူက လဲ ဟိုနေရာရောက်လိုက် ဒီနေရာရောက် လိုက်နဲ့မန္တလေးအနှံ့ ခြေစကြာဖြန့် နေခဲ့ရပါတော့ တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အညာသားဖြစ်တဲ့အပြင် အသားအရောင်ကလဲ ကြေးနီရောင် မက ကြေးညိုကြေးမဲရောင်ပေါက်နေတော့၊ လွယ်အိတ်တလုံး ပခုံးပေါ် လွယ်ပြီး လမ်းတကာ ပေါ်ကုန်းကြောင်း လျှောက်နေတဲ့ ကျနော့်ကို မြင်ရသူ မသိကြသူအပေါင်းကတော့၊ ဘယ်က တောသား-မြို့တက် ဈေးလာ ၀ယ်သလဲလို့ပဲ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုတောင် ရောက်လိုက် မြောက်ရောက်လိုက်နဲ့ မန္တလေး ရွှေမြို့တော်ကြီးရဲ့နှလုံးသား တည့်တည့်ပေါ် မကြာမကြာ သွားလာလှည့်လည်နေတတ်တဲ့ ကျနော်ဟာ မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာ
(ဂ၄) လမ်းမကြီးပေါ်ရောက်ရလို့ ‘လူထု’ တိုက်ရှေ့က မကြာခဏ ဖြတ်သန်းသွားရလေ တိုင်း ဖျတ်ကနဲ ရင်ခုန်တတ်လေ့ ရှိပါတယ်။ ဒီအနီးအနားဝန်းကျင်မှာ အမြဲလိုလို ထောက်လှမ်း ရေး ဒလျှိုဒလံတွေ ချထားတတ်တယ် - လို့ပြောကြဆိုကြ သတိပေးကြဖူးတဲ့ လုပ်ဖော်ကိုင် ဖက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားသံတွေကို ပြန်ပြန်ကြားမိ သတိရမိနေတာ ကြောင့်တော့ မဟုတ်ပါ။
‘လူထု’ ဆိုတဲ့ စာလုံးလေးနှစ်လုံးနဲ့ရေးထိုးထားတဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးဟာ ဆိုင်း ဘုတ်အနေနဲ့ကတော့ ဘာမှကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမရှိပါ။ ဒုတိယမြို့တော်ကြီး ဖြစ်နေတဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဧရာမဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ရှိပါတယ်။ ထိုးမုန့်ဆိုင် တခုရဲ့နာမည်ဆိုင်းဘုတ်၊ လဖက်ရည်ဆိုင်တခု၊ လွယ်အိတ်ဆိုင်တခုရဲ့ အမည်ဆိုင်းဘုတ် လောက်တောင် ကြီးကြီးမားမားထည်ထည်ဝါ၀ါ ဟိတ်နဲ့ဟန်နဲ့နေရာယူထားတာ မရှိပေမဲ့၊ တခြားတခြားသော ဆိုင်းဘုတ်ကြီးတွေနဲ့ယှဉ်လိုက်ရင် ဆိုင်းဘုတ်လေးဟာ ခပ်သေးသေးပါပဲ လို့တောင် ပြောရမှာဖြစ်ပေမဲ့၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးဟာ ထူးထူးခြားခြားသက်ဝင် လှုပ်ရှားနေပါတယ်။ ‘လူ’ ဆိုတဲ့ ပထမစာလုံးလေးကိုက ‘လ’ နဲ့တဆက်တည်း နှစ်ချောင်းငင် ဟာတချောင်းနဲ့တချောင်း-ခွဲမနေပဲ ခပ်သော့သော့လက်ရေးအသွင် တဆက်တည်းဆက်နေပါ တယ်။ ‘ထု’ ဆိုတဲ့ စာလုံးလေးက နောက်ဆုံးတချောင်းငင်လေးကလဲ လှိုင်းတွန့်လေးလို ကွေးတက်သွားပြီး ရိုးရိုးလေးနဲ့ထူးထူးခြားခြားဖြစ်နေရင်း လူနဲ့အတူဟန်ချက်ညီအချိုးကျနေ တယ် ထင်မိတယ်။ ဒါကိုက ‘လူထု’ တိုက် ရဲ့လူထုအထိမ်းအမှတ် ‘လူထု’ လိုဂို၊ ‘လူထု’ မူပိုင် ထရိတ်မတ်လေးသဖွယ် လူထုကြားမှာ အသားကျနေခဲ့တာ နှစ်ပေါင်းနဲနဲနောနော မဟုတ် တော့။ ‘လူထု’ ဆိုတဲ့ စာလုံးလေးက ရိုးရိုးလေး နဲ့အားပါနေသလို၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုဆက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ဗမာဝေါဟာရ၊ ‘လူထု’ ဆိုတဲ့ ဝေါဟာရရဲ့အနက် အဓိပ္ပါယ်ကလဲ ရိုးရိုးလေးနဲ့အားမာန်ပြည့်နေရုံမက ကျယ်ကျယ် ပြန့်ပြန့်လေးလေးနက်နက်နဲ့ အခြေခံကျကျ အနှစ်သာရသဘောကို ဖေါ်ညွှန်းနေပါတယ်။ ‘လူထု’ ဆိုတာ အခြေခံအကျဆုံး သော အကျယ်ပြန့်ဆုံးသော အများတကာ့အများစုကြီးဖြစ်သော ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုထားတဲ့ ဝေါဟာရမဟုတ်လား။
ကနေ့ကာလမှာတော့ ‘လူထု’ဆိုတဲ့ဝေါဟာရဟာ ရေပန်းအစားဆုံးဝေါဟာရတခု ဖြစ်နေတာ ကြာပါပြီ။ ‘လူထုသဘောထား’ ‘လူထုစစ်တမ်းကောက်ယူချက်’ ‘လူထု တိုက်ပွဲ’ ‘လူထုခေါင်းဆောင်’ ‘လူထုထောက်ခံမှု’ ‘လူထု ဆန္ဒ’။
‘လူထု’ တိုက် နားက ဖြတ်သန်းသွားရလေတိုင်း၊ ‘လူထု’ဆိုတဲ့ ဆိုင်းဘုတ်လေးဆီလှမ်း ကြည့် မိလျက်သားဖြစ်တတ်ခဲ့ပြီး၊ နိုင်ငံရေးဝရမ်းပြေးတယောက်ဘ၀ပေမို့ တခါမှမ၀င်ဖြစ်အောင် သတိထားရှောင် ကွင်းခဲ့ရပေမဲ့၊ အဲဒီနားက ဖြတ်သန်းရတိုင်း ရင်ခုန်မိတတ်တာတော့ မှတ်မှတ်ထင်ထင်ပါပဲ။
ဒီ ‘လူထု’ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့‘လူထု’ဆိုတဲ့ တိုက်အိမ်လေးထဲမှာ အမေလူထုဒေါ်အမာ ရှိနေလိမ့်မယ်၊ အမေဒေါ်အမာဟာ လူထုဒေါ်အမာဆိုတဲ့အတိုင်း လူထုရပ်တည်ချက်နဲ့ လူထု ဖက်က လူထုအတွက် စာပေတွေကို အိုကြီးအိုမပေမဲ့၊ ကလောင်မချ တက်တက်ကြွကြွ ရေးသားဖေါ်ကျူး နေလိမ့်မယ် - ဆိုတာတွေကို မှန်းမျှော်တွေးဆကြည့်မိရင်း စိတ်ထဲကနေ ဂါရ၀ပြုမိခဲ့တာကလဲ အကြိမ်ကြိမ်ပါပဲ။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးစာပေတွေကို အသည်းအသန် ဖတ်ရှုစအရွယ်က လူထုတိုက်ထုတ်စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ ရတာနဲ့ အမေလူထု ဒေါ်အမာရဲ့ ‘ဘ၀ချင်းမတူသည့် တရုတ်ပြည်’၊ ‘အို - ယန်းကီးတို့’ ‘ငွေနဲ့လက်နက်’ တို့အပါ အ၀င် လူထုဦးလှရဲ့ ‘လှောင်ချိုင့်တွင်းက ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’ ‘သတင်း စာများက ပြောသော သမိုင်း’ စတဲ့စာအုပ်တွေအကြောင်း ဖျတ်ကနဲဖျတ်ကနဲသတိရမိတတ် ပါတယ်။
ကျနော်တို့ဗမာပြည်စာပေသမိုင်းမှာ အလေးထားရမယ့် စံတင်လောက်တဲ့ အမျိုးသမီး ကလောင်ရှင်တွေ ခေတ်အလိုက် ခေတ်အလိုက်ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပဒေသရာဇ်ခေတ်တွေ လောက်ဆီကိုခဏထား၊ အနီး ခေတ်ကာလလောက်အထိပဲ ခွဲကန့်ကြည့်မယ်ဆိုရင် ဒေါ်ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယုနဲ့ အမေလူထုဒေါ်အမာ တို့ကို အားကောင်းမောင်းသန်တကယ့်ကလောင်ရှင်ကြီးတွေအဖြစ် တွေ့ရပါလိမ့်မယ်။ ဗမာ စာပေအနုပညာ လောက မှာ မှတ်တိုင်ကိုယ်စီ စိုက်ထူထားနိုင်ကြပြီးသား၊ အနုပညာအရည် အသွေးပြည့် ကလောင်ရှင်ကြီးတွေ ဖြစ်သလို၊ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး နဲ့ အမေလူထုဒေါ်အမာတို့ဟာ သတင်းစာနဲ့ပါ ပတ်သက်နေ ကြတဲ့ ရှားရှားပါးပါး အမျိုးသမီး သတင်းစာပညာရှင်ကြီးတွေလဲ ဖြစ်ခဲ့ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက ယုဝတီဂျာနယ်နဲ့ ယုဝတီ သတင်းစာကို ဦးစီးထုတ်ဝေခဲ့သူ၊ အမျိုးသမီးကလောင်ရှင်တွေကို ယုဝတီကလောင် ရှင် ဘွဲ့ပေးပြီး အမျိုးသမီးကလောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သလို၊ ဂျာနယ်ကျော် မမလေး ဆိုတာကလဲ ခင်ပွန်းသည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးကတည်းက ဂျာနယ်ကျော်နဲ့ ‘ပြည်သူ့ဟစ်တိုင်’ နေ့စဉ်သတင်းစာတွေကို မိန်းမသားတန်မယ့် နေ့စဉ်အပတ်စဉ်မပျက် ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အမေ အမေလူထု ဒေါ်အမာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာ တို့ရဲ့ဖခင်ဟာ လူထုဦးလှ ဖြစ်ခဲ့ပြီး၊ လူထုဂျာနယ်နဲ့ လူထုသတင်းစာတို့ရဲ့မိခင်ရင်းအစစ်ဟာ လူထုဒေါ်အမာပေပဲပေါ့။ ခင်ပွန်းသည် လူထုဦးလှ တယောက် ဖဆဆိုရှယ်တွေရဲ့ ယုတ်မာမှုနဲ့ နရသိန်ထဲ ထောင်ထဲ ကြွရောက်စံမြန်းနေရစဉ် ကာလတလျောက် လုံးမှာလဲ အမေလူထု ဒေါ်အမာ ကပဲ အဆက်မပြတ်ဦးစီးထုတ်ဝေရှေ့ဆောင်ခဲ့ရတယ် မဟုတ်လား။ ဂျာနယ် ကျော်နဲ့
ကနေ့ခေတ်ကာလလို မဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ့ လှုပ်ရှားမှုတွေအတွင်းအထိ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ရှားရှားပါးပါး ဗမာအမျိုး သမီးကလောင်ရှင်တွေအဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ထားရမှာကလဲ ဂျာနယ်ကျော် မမလေး နဲ့လူထုဒေါ်အမာပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ် လောက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့၊ အနုမြူဗုံးပိတ်ပင်ရေး၊ အနုမြူဗုံးမစမ်းသပ်ရေး၊ စစ်ဆန့်ကျင်ရေးညီလာခံကွန် ဖရင့် ကြီးသို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် မြန်မာနိုင်ငံမှ ကိုယ်စား လှယ် တဦးအဖြစ်တက်ရောက်ခဲ့ဖူးပါတယ်။ အမေလူထုဒေါ်အမာဟာလဲ ၁၉၅၃ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘ကမ္ဘာ့အမျိုးသမီးများညီလာခံကြီး’ကို မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တောမှိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွင်း တက် တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှားရှားပါးပါး အမျိုးသမီးကလောင်ရှင်တွေထဲမှာ ဂျာနယ်ကျော် မမလေး နဲ့အမေလူထုဒေါ်အမာတို့ဟာ ရှေ့တန်းအခန်းက ပါခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
အနီးခေတ်ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတလျောက်မှာ၊ အမှန်တရားဘက်ကနေ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့၊ သမိုင်းတာဝန်ကြေပြွန်ခဲ့ကြတဲ့၊ ထက်မြက်တဲ့ ကလောင်တွေလဲ အဆက်မပြတ်လိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော့်တဦးချင်းခံစားနားလည်မှုအရ ပြောရရင်၊ နိုင်ငံရေးအရပါ နိုးကြားတက်ကြွတဲ့ ကလောင်ရှင်တွေထဲမှာ အမျိုးသမီးတွေထက် အမျိုးသား ကလောင်ရှင်တွေက ပိုပြီးများပါတယ်။ အဲဒီလို နိုင်ငံရေးအရပါ တိုးတက်တဲ့၊ နိုးကြားထက်မြက် တဲ့ ရှားရှားပါးပါး အမျိုးသမီး ကလောင်ရှင်တွေထဲမှာတော့ ကျနော့်အမြင်မှာ အမေလူထု ဒေါ်အမာ ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
အမေလူထုဒေါ်အမာဟာအားကျစရာကောင်းလောက်အောင်စာစုံရေးနိုင်ခဲ့တဲ့ ကလောင် ရှင်လဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေရော ပင်ကိုရေးတွေပါ၊ ရသရော သုတပါ၊ နိုင်ငံရေးရော လူမှုရေးတွေပါ၊ အမျိုးဘာသာသာသနာအရေးတွေရော၊ အနုပညာယဉ်ကျေးမှု အမွေအနှစ် တွေပါ၊ ဘာဆိုဘာမှ မလပ်ရအောင် ထောင့်စုံအောင် စာစုံရေးနိုင်ခဲ့တဲ့ တကယ့်ကလောင်ရှင် ဆိုတာ စစ်မှန်တဲ့ဗမာပြည် စာပေအနုပညာသမားတိုင်းသိပါတယ်။ စာပေအနုပညာ ၀မ်းစာ ကလဲ ကုံလုံကြွယ်ဝသူဆိုတော့၊ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ တကယ့်ပန်းချီကျော် တဦးလို၊ မြင်မြင်သမျှ ကြားကြားသမျှ၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးပြနိုင်စွမ်းရှိတဲ့ စာပေအနု ပညာရှင်လဲဖြစ်ပါတယ်။ ဘာတွေရေးရေး၊ ရည်ရွယ်ချက်နဲ့စေတနာ အတိုင်းသားပါနေတာက တော့ အမေလူထုဒေါ်အမာရဲ့ စာပေလက်ရာတွေတိုင်းပေါ်မှာပါပဲ။
အမေလူထုဒေါ်အမာဟာ မန္တလေးသူပါ။ မန္တလေးဆိုတာ ကုန်းဘောင် (၁၁) ဆက်ရဲ့ (၁၀) ဆက်မြောက်မင်း၊မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမင်းနေပြည်မြို့တော်ကြီးဖြစ် သလို၊ နောက်ဆုံးမင်းဆက် သားတော်သီပေါမင်းလက်ထက်မှာ ထီးကျိုးစည်ပေါက် သူ့ကျွန် ဘ၀ရောက်ခဲ့ရပြီး ကုန်းဘောင်ခေတ်ရဲ့နေ၀င်ချိန်မှာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးထီးစိုက် နန်းစိုက်ခဲ့ရာ မြို့တော်ကြီးလဲ ဖြစ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး အမှတ်အသားလို့ ဆိုပေမဲ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းရဲ့ပြယုဂ်၊ ရာဇ၀င်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်တွေနဲ့ပြည့်နှက် ထုံမွှမ်းနေဆဲနေရာ၊ ဗမာအမျိုးသားတွေရဲ့ထင်ရှားတဲ့ အမျိုးသားယဉ် ကျေးမှု အမှတ်လက္ခဏာသင်္ကေတတခုလဲပဲ ဖြစ်ခဲ့ပါတယ်။ မန္တလေးဟာ ထင်ရှားတဲ့ ကိုယ့်မူ ကိုယ့်ဌာန် ကိုယ့်သဏ္ဍာန်နဲ့ကိုယ်ပိုင်ဟန်ရှိတဲ့ မြို့တော်ကြီးတခုလဲပဲ မဟုတ်လား။ စကားမှာ တောင် ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေနဲ့‘မန်းစကား’ ဆိုတာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်မဟုတ်လား။
ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ကတော့ မန္တလေးသူဖြစ်တဲ့ အမေလူထုဒေါ်အမာ ရဲ့ ရေးဟန်ကို ‘မန်းသံ အပြည့်နဲ့အသုံးထူးအလင်္ကာတွေ ဝေေ၀ဆာဆာနဲ့ဗြန်းဗြန်းကွဲ ရေးလေ့ ရှိတယ်’ လို့ မှတ်ချက်ပြု ဖေါ်ပြခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ရေး ဟန်ဟာ မန်းသံ မန်းဟန်အပြည့်နဲ့ တကယ့်ကို ထူးထူးခြားခြားကိုယ်ပိုင်ဟန်ရှိတဲ့ ရေးဟန်ပါ။ မန္တလေးဟာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးနန်းစိုက်ခဲ့ရာ မင်းနေပြည်မြို့တော်ကြီးတခု ဖြစ်ခဲ့လေ တော့၊ တချို့ကတော့ - ‘မန်းဟန်’ ‘မန်းသံ’ ဆိုတာ ‘နန်းဆန်’ တာ လို့ပဲမြင်ချင်မြင် ကြနိုင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ မန်းသံ မန်းဟန်ကတော့၊ ကျနော့်အမြင်မှာ အင်မတန် ကို ‘လူထုဆန်’ ပါတယ်။ လူထုကြားမှာ လူထုတွေ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ လူထုသုံး စကားတွေနဲ့ပဲ ဝေေ၀ဆာဆာဖြစ်အောင် ပေါ်ပေါ်လွင်လွင်ဖြစ်အောင် ရေးသားဖေါ်ကျူးပြလေ့ ရှိပါတယ်။ လူထုကြား ခိုင်းနှိုင်းပြောဆိုသုံးစွဲနေကြတဲ့ ပြောထုံးဆိုထုံးလေးတွေ၊စကားပုံလေး တွေ၊ ဆိုရိုးစကားလေးတွေ၊ ဒေသိယလေလေးတွေ၊ လူထုအလင်္ကာလေးတွေကတော့၊ သူ့ နေရာနဲ့သူ၊ ‘ဂွင်’ ကို ကျလို့ပေါ့။ တမင်ဟန်လုပ်ပြီး ရေးထားတာမဟုတ်ပဲ၊ ရင်ထဲကလာတဲ့ အသံနဲ့ရေးထားတဲ့ အမေရဲ့လက်ရာတွေဟာ၊ အမေ၀မ်းစာဘယ်လောက်ရှိတယ် ဆိုတာ၊ ဝေါဟာရတွေ ဘယ်လောက်ကြွယ်တယ်ဆိုတာ၊ အမျိုးသားယဉ်ကျေးမှုအနှစ်သာရနဲ့ ဘယ် လောက် တသားတည်းဖြစ်နေသလဲဆိုတာ လှစ်ကနဲလှစ်ကနဲ
ထင်ဟပ်ပြနေသလိုပါပဲ။
အမေလူထုဒေါ်အမာဟာ စာပေနယ်မှာ သူကိုယ်တိုင် အင်မတန်အရိပ်အာဝါသကြီးတဲ့ စာပေပင်ရိပ်ကြီးတပင်ဖြစ်နေပေမဲ့၊ နောက်ထပ် နောက်ထပ်သော စာပေပင်ရိပ်ပျိုပင်ရိပ်ငယ် လေးတွေရဲ့အဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားတိုးတက်လာရေးကိုလဲ ဂရုတစိုက် အရေးတယူ ဖေး ကူ လမ်းပြသွန်သင်တတ်လေ့ရှိတာ သတိထားမိပါတယ်။ သူ့မြေးအရွယ်လောက်ပဲ ရှိမယ့်၊ ‘ချောအိမာန်’ ဆိုတဲ့ မန္တလေးသူ ကလောင်ရှင်မလေးရဲ့ ‘ကောင်းကင်အနမ်း’ဆိုတဲ့ စာအုပ် ကလေး အတွက် အမှာစကား ရေးသားချီးမြှင့်ပေးရာမှာ၊ အမေလူထုဒေါ်အမာက
‘ အမေလျှောက်ခဲ့တဲ့ လမ်းကို ခေတ်လူငယ်တယောက်အနေနဲ့ လျှောက်ဖော်ရတဲ့အတွက် အမေအရမ်းဝမ်းသာတယ်။ စာကစေတနာနဲ့များများရေးလေ ကောင်းလေလေပဲ၊ ဟန်လုပ်ပြီး ရေးရင် မကောင်းတော့ဘူး။ အမေမှာချင်တာကတော့ လူငယ်တွေ စာတွေများများဖတ်ပြီး၊ စာတွေများများ ရေးကြပါလို့ ...’ တဲ့။
လူငယ်တွေ စာတွေများများဖတ်ပြီး စာတွေများများရေးကြမှာကို လိုလိုလားလားရှိလွန်းလှ တဲ့ အမေလူထုဒေါ်အမာဟာ ကိုယ်တိုင်လဲ စာတွေများများဖတ်ပြီး များများရေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ အမေရေးခဲ့တဲ့ စာတွေနဲရော့သလား။ လူထုဂျာနယ် လူထုသတင်းစာ ပုံမှန်ထုတ်ဝေနေ တုန်းကတည်းက ညနက်သန်းကောင်အထိစာတွေဖတ်၊ ပရုဖ်တွေပါ ဖတ်ရလွန်းလို့၊ အသက် (၃၉)နှစ် လောက်ကတည်းက မျက်မှန် စတပ်ခဲ့ရတဲ့အမေဟာ အိုကြီးအိုမအရွယ်အထိလဲ စာတွေဖတ် စာတွေရေးနေလိုက်တာ အားကျစရာပါပဲ။
ကျနော်တို့ကအမေလူထုဒေါ်အမာကို သည့်ထက်သည် အသက်ရာကျော်ရှည်စေချင်ပြီး၊ လူထုအတွက် လူထုဖက်က အမေ့စာတွေကို သည့်ထက်သည်များနိုင်သမျှ များများကြီး၊ များလေ ကောင်းလေ ဖတ်ချင်ပေမဲ့၊ မတရားအာဏာယူထားတဲ့၊ လူထုက လုံးဝမကြည်ဖြူတဲ့ နအဖစစ်အစိုးရနဲ့စစ်အစိုးရ ရဲ့လက်ကိုင်ဒုတ်တွေ ၊ ကပ်ဖားရပ်ဖား လူရမ်းကားတွေကတော့ အမေ့ကို မလိုမုန်းထား ရန်ငြိုးထားရင်း၊ အမေ့စာတွေအပေါ် မရှုစိမ့်နိုင်ရုံမက တတ်နိုင်ရင် အမေ့ကို မြန်မြန်သေစေချင်နေကြတဲ့အထိတောင် အကုသိုလ်ပွားနေကြတာကိုလဲ ကြားနေ သိနေရပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ၁၉၉၇ ခုနှစ်လောက်တုန်းကလဲ၊ အသက်(ဂ၂) နှစ်အရွယ်မှာရာသီဥတုက ပူလောင်လွန်းလို့ မေမြို့တက်နေရရှာတဲ့ အမေ့ကို၊ နအဖဖက်က သူတောင်းစားတွေက ‘ဒေါ်အမာ အိမ်မှာရှိသလား’ လို့သုံးကြိမ်လောက် ဖုန်းဆက်မေးရုံနဲ့ တောင် အားမရလို့ အိမ်အထိတောင်လာပြီး၊ ‘ဒေါ်အမာ သေတယ်ကြားလို့ဟုတ်သလား’ လို့ လာမေးခဲ့ကြဆိုပဲ။ အမရပူရ တောင်လေးလုံးကျောင်းက ဆရာတော်ဦးပညာ ဆီကိုလဲ ‘ဒေါ်အမာ သေတယ် ကြားတယ်၊ ဟုတ်သလား’ လို့မေးတဲ့သူက လာမေးကြသေးတယ် ဆိုပဲ။ အဲဒီတုန်းက အဖြစ်အပျက်ကိုတော့၊ အမေလူထုဒေါ်အမာကိုယ်တိုင် ပင်တိုင်ရေးနေတဲ့ ‘မိုး - ဂျာနယ်’ ကနေ ‘တုံးကျော်မ’ ဆိုပြီး ပြန်ရေးပြခဲ့ဖူးတာ ကျနော်တို့ဖတ်ရဖူးပါတယ်။ ဒါကြောင့် (၂၀၀၅)ခုနှစ်ကအမေ့အသက် (၉၀)ပြည့်အဖြစ် တောင်သမန်အင်းစောင်းက ကိုပညာရဲ့ တောင်လေးလုံးကျောင်းမှာ အခမ်းအနားပွဲ လုပ်ကြတဲ့အခါ၊ အရင်က ‘လမင်းတရာ အငြိမ့်’ ကို ခေါင်းဆောင်ကခဲ့တဲ့ မဌေးဌေးမြင့်(ပန်တျာ ဌေးဌေးမြင့်)က အမေ့ရဲ့ရှေ့မှောက်မှာပဲ ပထမဆုံး ဂုဏ်ပြုအဖွင့်အဖြစ် နာမည်ကျော် လေဘာတီရဲ့ ‘တုံးကျော်မ’ သီချင်းကို သီဆိုပြီး ဂါရ၀ပြု ဖွင့်လှစ်ပေးခဲ့တာကိုလဲ ဗွီစီဒီအပြားပေါ်ကနေတဆင့် ကျနော်တို့မှတ်မှတ်ရရ ကြည့်လိုက်ရဖူး ပါတယ်။ အမေကအတီးမပါ အဆိုပိုင်ပိုင်နဲ့သီဆိုပြသွားတဲ့ မဌေးဌေးမြင့်ရဲ့တုံးကျော်မသီချင်း ကိုနားဆင်ရင်း လှလှပပကြီးပြုံးလို့မဟုတ်လား။ ဟော..မကြာသေးခင် တလောလောက်ကပဲ၊ မန္တလေးမှာ နအဖဖက်သား လူရမ်းကားနွယ်ဝင် မသမာအဖွဲ့ဝင်တချို့က အမေလူထုဒေါ်အမာ ကို အောက်လမ်းနည်းတွေနဲ့ ဟိုလိုလိုဒီလိုလိုစကားတင်းဆိုလာကြတဲ့အသံတွေ တကျော့ပြန် ထွက်ပေါ်လာတာ ကြားလိုက်ရပြန်ပါတယ်။
အမေ့ကလောင်ကို ရောင်ခြည်မထွက်နိုင်အောင် အမှောင်ချ၊ ပိတ်ကြ ပင်ကြဦးမလား တောင် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေကတော့သတ္တိရှိရှိ နှလုံးသွေးနဲ့တုံးကျော်မ သီချင်းသံကို နားဆင်ရင်း လှလှပပကြီးပြုံးနေဦးမှာပါပဲ။
(၃)
အမေလူထုဒေါ်အမာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးသက္ကရာဇ် အတူတူ တခုတည်း ဖွား၊ ၁၉၁၅ ခုနှစ်ဖွား ဆိုတော့၊ ဒီနှစ်ဆိုရင် အသက် (၉၂) နှစ်တောင် ရှိပါပြီ။ မကြာမီ ရက်ပိုင်း အတွင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့ဆိုရင်အသက် (၉၂) နှစ်တင်းတင်းကြီး ပြည့်တော့မှာပါ။
နှစ်စဉ်လိုလို မွေးနေ့ကျင်းပနေကျ၊ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းမှာ အသက် (၉၀) ပြည့်ပွဲကို (၂၀၀၅)ခုနှစ်က ကျင်းပနိုင်ခဲ့ပေမဲ့၊ မနှစ်က (၂၀၀၆) ခုနှစ်ကတော့ အသက် (၉၁) နှစ်ပြည့်ပွဲကို ကျင်းပနိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီနှစ်ကော - ကျင်းပနိုင်ခွင့် ရပါ့မလား။
ဒီနှစ်ဟာ အမေလူထုဒေါ်အမာရဲ့အသက် (၉၂) မြောက်ဖြစ်သလို၊ အမေလူထုဒေါ်အမာ ရဲ့ - အမေကိုယ်တိုင် ခေါင်းစည်းတပ်ပြီး မကြာမကြာရေးဖွဲ့လေ့ရှိတဲ့ (ငယ်ကကျွမ်းတဲ့ ခင်ပွန်း သည်သို့) ဆိုတဲ့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တာ (၂၅) နှစ်မြောက်လဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူထုဦးလှ ဟာ ၁၉၁၀ ပြည့် ဇန်န၀ါရီ (၁၉) ရက်နေ့ဖွားပါ။ အခုချိန်အထိ ရှိဦးမယ်ဆိုရင် (၉၇) နှစ်တောင် ကျော်ပြီပေါ့။ နောက် (၂) နှစ်ကျော်ကျော် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထဲဆိုရင် လူထုဦးလှရာ ပြည့်ပေါ့။ ကျနော်တို့ကတော့ လူထုဦးလှရာပြည့်ပွဲကို အမေလူထုဒေါ်အမာကိုယ်တိုင် ဦးစီး ကျင်းပသွားတာမြင်ချင်သလို၊ အမေကိုယ်တိုင် အမေ့ရာပြည့်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင် သွားရေးကိုလဲ တမ်းတမ်းတတ ဆန္ဒပြုမိနေပါတယ်။
ကျနော်ဟာ အမေလူထုဒေါ်အမာရဲ့စာတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရ ဖူးပေမဲ့၊ အမေလူထုဒေါ်အမာကို စတင်တွေ့ဖူးတာကတော့ ကျနော်အသက် (၃၀) ကျော်မှပါ။ အမေလူထုဒေါ်အမာတို့ လူထုဦးလှတို့ကိုယ်တိုင်လဲ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီး၊ နာမည် ကိုတောင် မခေါ်ချင်လွန်းလို့- ‘ဟိုအထဲ’ လို့အမှတ်သညာပြုထားကြတဲ့ ‘ထောင်ထဲ’ ကနေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ စတင်တွေ့ရဖူးတာပါ။ နှစ်ကတော့ ၁၉၈၆ လား၊ ၁၉ဂ၇ လား၊ သိပ်မကွဲပြားလှတော့ပေမဲ့၊ စာဆိုတော်လကြီး ဆိုတာကိုတော့ မှတ်မှတ်ရရ မှတ်မိနေပါတယ်။
အဲဒီနှစ်မှာ ထောင်ထဲမှာတုန်းက အတူနေဘက် တကသ - ဗကသခေါင်းဆောင်ဟောင်း အကို ကြီးကိုလှရွှေတို့ရဲ့ ဘိုကလေးစာပေဟောပြောပွဲ ထူးထူးခြားခြား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး တော့ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေတို့နဲ့ လုပ်တူကိုင်ဖက် ကျောင်းဆရာမဟောင်းကြီး တယောက်က ‘နှစ်စဉ် ဘိုကလေးမြို့မှာ ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့စာပေဟောပြောပွဲတွေ ဟာ မဆလနွယ်ဝင် စာပေသမားယောင်ယောင် တဦးကချည်းပဲ၊ သူ့ခြေသူ့လက်လုပ်ပြီး ဖိတ် တာကြားတာ ဦးစီးလုပ်ကိုင်နေတာဟာ တနှစ်မှလူသူလေးစားစရာ တူတူတန်တန်စာရေးဆရာ စာရေးဆရာမကြီးတွေ မပါဖူးဘူး၊ ဒါကြောင့် ဒီနှစ်တော့ အတိုက်ခံလုပ်ပြီး တူတူတန်တန်စာပေ ဟောပြောပွဲဖြစ်အောင် လုပ်ပြမယ်ဆိုပြီး တာဝန်ယူလာခဲ့ပြီ၊ အဲဒီအတွက် ၀ိုင်းပြီးအကူအညီ ပေးကြပါအုန်း’ ဆိုပြီး ကိုလှရွှေအားကိုးနဲ့ ကိုလှရွှေနေထိုင်ရာ ရန်ကုန်ကို ဆင်းလာရာကနေ ကျနော်နဲ့ပါ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေက ‘ဟေ့ကောင် - မင်း အကူအညီပေး အုန်း ’ဆိုပြီး ကျနော့်ကိုပြောတော့၊ ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ မနုနုရည် (နုနုရည် - အင်းဝ) တို့ကိုပြောပြပြီး ထပ်ဆင့်အကူအညီ တောင်းပါတယ်။ မနုနုရည်က မန္တလေးက လူထုဒေါ်အမာ ကိုပါ ရအောင်ဖိတ်ပေးမယ် တာဝန်ယူပြီး သူပါဘိုကလေးဟောပြောပွဲကို လိုက်ဟောဖို့တာဝန် ယူပါတယ်။ အဲဒီနှစ်က ဘိုကလေးမှာကျင်းပတဲ့ စာပေဟောပြောပွဲဟာ ဘယ်နှစ်ကနဲ့မှမတူ အောင် တူတူတန်တန် စည်စည်ကားကား ဖြစ်မြောက်သွားခဲ့ပါတယ်။ (ဆရာဂျမ်းတို့၊ ဆရာစွမ်း တို့တောင် ပါဝင်ဟောပြောဖြစ်သေးတယ် ထင်ပါတယ်။ ကောင်းကောင်းတော့ မမှတ်တော့ပါ။)
ကျနော်မှတ်မိနေတာကတော့ ဘိုကလေး စာပေဟောပြောပွဲအတွက် အမေလူထုဒေါ် အမာ မန္တလေးကနေ ရန်ကုန်ကိုဆင်းလာတော့၊ အကိုကြီးကိုလှရွှေနဲ့ကျနော်ဟာ အမေလူထု ဒေါ်အမာကို သွားကြိုကြပါတယ်။ မနုနုရည်တို့လင်မယားရဲ့ အကူအညီနဲ့အမေလူထုဒေါ်အမာ တည်းနေကျ ရန်ကုန်ကဦးအေးကြည်ရဲ့အိမ်အထိ သွားတွေ့ဖြစ်ကြတာပါ။ အမေလူထု ဒေါ်အမာကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အဲဒီတုန်းက အမေဒေါ်အမာဟာ အသက်(၇၀) ကျော် အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သွက်သွက်လက်ရှိတုန်း၊ သွားနိုင် လာနိုင်တုန်းပေါ့။
အမေလူထုဒေါ်အမာနဲ့ကျနော် ဒုတိယအကြိမ် ဆုံဖူးရတာကတော့ လူချင်းမဟုတ်ပါ။ စာ ချင်းလဲ မဟုတ်ပါ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်တခုအဖြစ် တိုက် တိုက်ဆိုင်ဆိုင် မှတ်မှတ်သားသားဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံလှုပ် ရှားမှုကြီးနဲ့လဲ ဆက်စပ်ပတ်သက်နေတာကြောင့်မို့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန် ဟီးအောင် ပေါ်ထွန်းနေစအချိန်ကြီးမှာ၊ ဘားကောင်စီကျေညာချက် ထွက်ပေါ်လာပြီး မကြာခင် မှာပဲ၊ ကျနော်တို့စာပေအနုပညာရှင်တွေကလဲ မဆလစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေညာချက်တစောင် လက်မှတ်တွေရေးထိုး လှုပ်ရှားခဲ့ကြပါတယ်။ တာဝန်ယူ ဆောင်ရွက်သူ တွေက နေရာအသီးသီးခွဲပြီး လက်မှတ်ရေးထိုး ကောက်ခံရယူရာမှာ ကျနော့်ရဲဘော် အယ်ဒီတာတဦးက ကျနော့်ဆီ လက်မှတ်ယူဖို့ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ‘ချယ်ရီ မဂ္ဂဇင်း’ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ‘ကိုထွဋ်’ ရဲ့စားပွဲပေါ်မှာပါ။ လက်မှတ်ရေးထိုးဖို့ ပေးလာသူကတော့ ဆရာမောင်ကိုယုရဲ့လူရင်း၊ ဆရာမောင်ကိုယု နာယကလုပ်နေတဲ့ ‘မြတ်လေး’ မဂ္ဂဇင်းက နောက်ကွယ်အယ်ဒီတာတဦး ဖြစ်ပါတယ်။ ကျနော်က တက်တက် ကြွကြွနဲ့ လက်မှတ်ရေးထိုးပေးဖို့၊ ကျနော့်ဆီ ထိုးပေးလာတဲ့ စာရွက်ဖြူကို သေသေချာချာ ကြည့်လိုက်တော့၊ အပေါ်ဖက်မှာ လက်မှတ်တွေ တချို့အစီအရီ ထိုးထားပြီးသား ဖြစ်နေပါပြီ။ ကျနော့်ဆီ ပေးလာတဲ့ စာရွက်ဖြူပေါ်မှာ၊ ကျနော် လက်မှတ်ရေးရထိုးရမယ့်နေရာရဲ့အပေါ်မှာ နောက်ဆုံးလက်မှတ်ရေးထိုးထားတာကတော့ ဆရာ ‘လူထု စိန်ဝင်း’ ပါ။ ဆရာလူထုစိန်ဝင်းရဲ့ အပေါ်မှာ ကပ်လျက်သား တွေ့ရတာကတော့၊ အမေ ‘လူထုဒေါ်အမာ’ ပါပဲ။ အမေလူထု ဒေါ်အမာနာမည်နဲ့ လူထုဒေါ်အမာ ကိုယ်စားဆိုပြီး ဆရာလူထုဦးစိန်ဝင်းကပဲ လက်မှတ်ထိုး ထားပါတယ်။ ‘လူထုဒေါ်အမာရဲ့ ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားချက်အရ’ ဆိုပြီးလဲ ဆရာလူထု ဦးစိန်ဝင်းက ဖေါ်ပြရေးသားထားပြီး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ကျနော့်ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားရပြန်ပါတယ်။ အမေလူထုဒေါ်အမာဆိုတာ အဲဒီလို အမေမျိုးပါကလား။ လူထုအရေး လူထုတိုက်ပွဲတွေနဲ့ပတ်သက်ရင်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ ရှိရာနေရာ ကြားရာ အရပ်ကနေ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းတတ်သူပါကလား။ လူထုအရေးအတွက် လူထု ဖက်ကနေ လူထုတိုက်ပွဲတွေနဲ့အစဉ်ထာဝရ တသားတည်း ကျနေတတ်သူမျိုးပါကလားလို့ မှတ်မှတ်သားသား ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ အမေတို့လူထုဦးစိန်ဝင်းတို့ရဲ့ အောက်ခြေကပ် လျက်သားကနေ ဂုဏ်ယူစွာနဲ့ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။ ကျနော်ပြီးတော့ အဲဒီစာရွက် ပေါ်မှာပဲ အဲဒီနေရာနားမှာပဲ လက်မှတ်ထိုးပေးသူကတော့ ကာတွန်းကိုဝင်းထွန်း (အခု ပြည်ပ ရောက် - ကာတွန်း မစ္စတာဘားမား) လို့ပဲ စိတ်ထဲမှာ စွဲထင်မှတ်မိနေပါတယ်။
အမေနဲ့လူချင်း နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တာကတော့၊ ၁၉ဂဂ ခုနှစ်အကုန် ဂ၉ ခုနှစ်ဆန်း ကာစထဲမှာပါပဲ။ အမေ့ရဲ့အိမ် အမေ့ရဲ့ ‘လူထု’ တိုက်ထဲမှာပဲ သွားရောက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါ တယ်။ ကျနော်တို့အကိုကြီးကိုလှရွှေတို့ပါ ပါဝင်ဖွဲ့စည်းဖြစ်ခဲ့ကြတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ပေါက်ပြီးစ၊ သိပ်တောင်ကာလ မကြာမြင့်လှသေးတဲ့ အချိန်အတောအတွင်းမှာပါပဲ။ မှတ်မှတ်ရရ နှင်းတွေဝေနေဆဲ ဆောင်းကာလကြီးအတွင်းမှာပါပဲ။
မန္တလေးသား ရဲဘော်ကြီးတဦးနဲ့အတူ အမေ့အိမ်ကို ရောက်အောင်သွားခဲ့ကြတာပါ။ လူထုတိုက်ရဲ့ ဧည့်ခန်းလေးအတွင်း ကျနော်တို့ကိုလှရွှေတို့ ရောက်ရှိသွားချိန်မှာ အမေက အပြုံးလဲ့လဲ့လေးနဲ့ကြိုဆိုပါတယ်။ ဘေးနားမှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တအုပ်နဲ့ အဲဒီ စာအုပ်လေးပေါ်မှာ မျက်မှန်လေးတလက် တင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီကျတော့မှပဲ ကျနော်က အမေ့မျက်နှာကို သေသေချာချာသတိထားပြီး ကြည့်မိပါတယ်။ အသက်အရွယ် တော်တော်ကြီးနေပြီဖြစ်ပေမဲ့ အမေ့ရဲ့မျက်နှာဟာ အိုကြီးအိုမနဲ့ ဇရာထောင်းနေတဲ့ပုံ၊ အားအင် ကုန်ခမ်း ညှိုးနွမ်းဖျော့တော့နေတဲ့ပုံ မပေါက်သေးပါ။
ကျနော်က အမေလူထုဒေါ်အမာကိုယ်တိုင် တချိန်ကရေးဖွဲ့ပြခဲ့ဖူးတာလို့ စိတ်ထဲမှာ ရေးတေးတေးထင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံဘွဲ့စာပန်းချီခြယ်သချက် စကားလုံးစာပိုဒ်တချို့ကို ဖျတ်ကနဲအမှတ်ရမိလိုက်ပါတယ်။ အမေရေးသားပြုစုခဲ့တဲ့ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ အတ္တုပ္ပတ္တိစာအုပ်ကြီးထဲမှာပဲလို့ ထင်မိနေပါတယ်။ အဲဒါကတော့ - ‘ - - ဗမာပီသတဲ့ရုပ်ဆိုတာ ဘယ်လိုဟာလဲ မေးလာရင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ထိုးပြ လိုက်စမ်းပါ၊ ဆရာကြီးရဲ့ရုပ်ရည်ဟာ အင်မတန် ဗမာပီသလှပါတယ်။ ဆရာကြီးရဲ့နှာတံဟာ သေသေချာချာပန်းပုထုပြီး တင်ထားသလို ဖြောင့်ဖြောင့်စင်းစင်းနဲ့ နှာတံပေါ်ပေါ် လှပလှပါ တယ်’ လို့ဆိုတဲ့ ဖွဲ့ဆိုရေးသားထားချက်ပါပဲ။ တိတိကျကျတော့ မမှတ်တော့ပါ။ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေးသားပြခဲ့တာလို့ပဲ စိတ်ထဲမှာ ဝေေ၀၀ါးဝါး စွဲထင်နေမိခဲ့ပါတယ်။
အဲဒီလိုပါပဲ၊ အမေလူထုဒေါ်အမာကိုလဲ လေးလေးစားစားငေးမောကြည့်မိရင်း ကျနော်က ‘ဗမာအမျိုးသမီးတယောက်ရဲ့ ရုပ်ပုံဟာဘယ်လိုများပါလဲလို့ နိုင်ငံခြားသားဒါမှမဟုတ် လေ့လာ သိရှိလိုသူ တဦးဦးကများမေးလာရင်၊ ကျနော်တို့ရဲ့အမေ လူထုဒေါ်အမာရဲ့ရုပ်ပုံကိုပဲ နမူနာ အဖြစ် ထိုးပြလိုက်စမ်းပါ’ လို့ပဲပြောလိုက်ချင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့မျက်နှာဟာ အင်မတန်ဗမာပီသလှပါတယ်။ ထူးထူးခြားခြားပေါ်လွင်နေတာကလဲ နှာတံလို့ပဲ ထင်ပါတယ်။ မျက်ခုံးမွှေးကလဲ ရှည်လျားလှတဲ့ နှာတံနဲ့လိုက်ဖက်ညီအောင် ပေါ်ပေါ်လွင်လွင် ရှိလှပါတယ်။
အမေလူထုဒေါ်အမာက ကျနော်တို့ကို လဖက်ရည်တွေ မုန့်တွေနဲ့လဲ ဧည့်ခံလိုက်ရုံမက၊ (လဖက်ရည်အချိုတွေ မုန့်ပဲသရေစာတွေနဲ့ မဆီမဆိုင်နိုင်လိုက်တာလို့ပဲ ဆိုချင်ဆို) အညာ ထွက်ပစ္စည်းစစ်စစ် အညာဇီးချိုသီးတွေနဲ့လဲ ဧည့်ခံလိုက်ပါသေးတယ်။ ဇီးချိုသီးတွေကို ပန်းကန်ပြားလေးထဲမှာ ထည့်လို့ပေါ့။
အမေလူထုဒေါ်အမာဆီကို ကျနော်တို့လာခဲ့ကြတာက အမေ့ကို လာရောက်နှုတ်ဆက် ချင် စကားစမြည် ပြောချင်လို့သာမက၊ ကျနော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းလှုပ်ရှား နေပြီ၊ အဲဒီအတွက်ပါတီရံပုံငွေ အလှူငွေထည့်ဖို့ လာရောက်အလှူခံကြတာလဲ အကြောင်း တချက်အဖြစ် ပါပါတယ်။
အမေက ပြည်သူ့တိုးတက်ရေးပါတီအတွက် အလှူငွေ (၂၀၀) လားပဲ ထည့်လိုက်ပါသေး တယ်။ အဲဒီတုန်းက အလှူငွေ (၂၀၀) ဆိုတာ သိပ်နည်းလှတဲ့ငွေ မဟုတ်ပါ။ ပါတီဖွဲ့စည်းမှတ် ပုံတင်ကြေးတခုလုံးမှ ကျပ် (၅၀၀) ပဲ သတ်မှတ်ထားတဲ့ အချိန်မဟုတ်လား။
( ၄ )
ပြည်တွင်းမှာ နေလို့မရတော့လို့ ပြည်ပကိုထွက်လာရတော့တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံးထွက်လာခဲ့ရတဲ့ နေရာဟာလဲ မန္တလေးပါပဲ။ အခုလို နှင်းတွေ တဝေ့ဝေ့ဝေနေတဲ့ ဆောင်းတွင်းကာလကြီးမှာပါပဲ။ အရုဏ်တောင် မလာတတ်သေးတဲ့ ဆောင်းတွင်းနံနက်စော စော မြူရိပ်ဝေေ၀တွေကြားထဲမှာ လွမ်းစရာ့မန္တလေးကို ဆွတ်ဆွတ်ကျင်ကျင် နှုတ်ဆက်ခဲ့ရပါ တယ်။ ကျနော်ငယ်ငယ်တုန်းက စွဲလန်းခဲ့ဖူးတဲ့မြင်ကွင်း၊ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရိပ်ရေပြင် ညို့ညို့ဟာ မလင်းနိုင်သေးတဲ့အမှောင်စတွေကြားထဲမှာ မှိုင်းမှုန်ဝေရီ ကျန်ရစ်ခဲ့ပါတယ်။
နယ်စပ်တဖက်ခြမ်းဆီ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလဲ အမေလူထုဒေါ်အမာရဲ့ အသံ ကို လေလှိုင်းပေါ်တွေကတဆင့် အခါအားလျော်စွာ ကြားနေရပါတယ်။ အမေလူထုဒေါ်အမာရဲ့ (ဂ၀) ပြည့်မွေးနေ့ … (၉၀) ပြည့်မွေးနေ့ ... စသဖြင့်စသဖြင့်တွေသာမက၊ အခါအားလျော်စွာ ပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်တဲ့၊ ဒီမိုကရေစီရေးအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမေလူထုဒေါ်အမာရဲ့ အမြင်၊ လူထုဒေါ်အမာရဲ့သဘောထား၊ လူထုဒေါ်အမာရဲ့အသံတွေ ...
အသက်အရွယ်တွေ ဘယ်လောက်ကြီးလို့ဇရာတွေ ဘယ်လောက်ထောက်ထောက်၊ ဒေါ်အမာဆိုတဲ့ နာမည်နဲ့ပညတ်သွားရာ ဓာတ်သက်ပါလောက်အောင် ကိုက်ညီနေလွန်းလှတဲ့ အမေဒေါ်အမာရဲ့ ခိုင်မာလွန်းလှတဲ့ လူထုရပ်တည်ချက် လူထုအတွက် အသံတွေကဖြင့် - ကြားရ ကြားရလေတိုင်း ဦးညွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ‘လူထုဒေါ်အမာ’ ဆိုတာ ‘လူထု ဒေါ်အမာ’ ဖြစ်ခဲ့ရတာကိုး - လို့လဲ ရင်တွင်းကပါ နက်နက်ရှိုင်းရှိုင်း ကျေကျေနပ်နပ် နားလည်ခဲ့ ရပါတယ်။ ။
( ၀င်းတင့်ထွန်း)
၁၅-၁၁-၂၀၀၇
(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မယ့် အမေလူထုဒေါ်အမာရဲ့အသက် (၉၂) နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြု ဦးညွှတ်လိုက်ပါတယ်။ )
Posted by
thitsarforce
at
8:24 PM
0
comments
Labels: ဆောင်းပါး
ရန်သူနှင့်စကားပြောခြင်း
ကြိုးစင်ပေါ်မှမှတ်တမ်းများ (အိုးဝေဦးထွန်းအောင်နှင့်ဦးစံရွှေ) ချက်ဘာသာမှ မြန်မာပြန်ဆိုသည်
အမြင့်ပျံပြည်သူ့ လင်းယုန်အားဂုဏ်ပြုခြင်း
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ