ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Friday, June 13, 2008

နာဂစ်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းနေ

ဖနိဒါ
သောကြာနေ့၊ ဇွန်လ 13 2008 16:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူအသေအပျောက် များခဲ့သည့် မုန်တိုင်း အကျိုးဆက်ကြောင့် နိုင်ငံ၏ စီးပွားရေးကို ထိုင်းမှိုင်းလာစေသည်ဟု စီးပွားရေး ပညာရှင်များနှင့် ကုန်သည်များက သဘောတူညီ သုံးသပ်မှု ပြုထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်း အားကောင်းရာ ဧရာဝတီတိုင်းနှင့် နိုင်ငံ၏ စီးပွားရေးအရ အားအကောင်းဆုံး မြို့ဖြစ်သည့် ရန်ကုန်တွင် နာဂစ်မုန်တိုင်းကြောင့် မြန်မာ့ ရာဇဝင်တွင် မကြုံစဖူး ထူးကဲသည့် သေကြေ ပျက်စီးမှုများ ခံခဲ့ရ၍ တိုင်းပြည် စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

“စီးပွားရေး ကျသွားတော့ ဝယ်လိုအား အရမ်းနည်းသွားတယ်။ နောက် မိုးတွင်းလည်း ဖြစ်နေတယ်လေ။ နောက် အသီးအရွက်တွေ မစိုက်နိုင် တော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးက အောက်ပိုင်းမှာ ပိုဆိုး၊ အပေါ်ပိုင်းမှာ အသွားအလာ နည်းလာ။ အရေးကြီးတာက ဆန်ဈေး တက်တာ။ စားစရာဆန်က အဓိကဆိုတော့ ဝယ်သူတွေ လျော့နည်းသွားတာပေါ့နော်။ အခု အောက်ပိုင်း (မြန်မာနိုင်ငံ တောင်ဘက်အရပ်) မှာက ဆန်အချိန်မှာ စပါး၊ ငှက်ပျော၊ ပီလောပီနံဥတို့ ရစရာတွေ ရှိတယ်။ အခုတော့ လယ်ထဲမက ကန်တွေမှာတောင် ရေဝင်နေတော့ အများကြီး ဒုက္ခရောက်တယ်” ဟု ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က မဇ္ဈိမကို ပြောသည်။

ဦးခင်မောင်ညိုက တိုင်းပြည်အတွင်း အခြေအနေတခုမှ တခုသို့ ရုတ်တရက် ပြောင်းလဲခြင်းနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းတို့ ဖြစ်ပေါ်တိုင်း ဈေးနှုန်း အတက်ကြမ်းလေ့ရှိသဖြင့် နိုင်ငံ့စီးပွားရေး ကျဆင်းတတ်သည်ဟု ဆိုသည်။

“တခုခု အကြီးအကျယ် ပြောင်းလဲမှုတိုင်း၊ ပြောင်းလဲမှုတိုင်းမှာ စီးပွားရေး ကျတတ်ပါတယ်။ အမြဲတမ်း အတက်လည်း ရှိတယ်။ အကျလည်း ရှိတယ်။ စီးပွားရေး လောကမှာ ဒီလိုအချိန်မှာ အခွင့်အရေးယူကြတော့ အတက်အကျ ရှိတယ်နော်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ဆန်ဈေးနှုန်းမှာ ၁၅ ရာခိုင်နှုန်းကျော် အသီးသီး တက်သွားသည်။ ပေါ်ဆန်းမွေး တအိတ်လျှင် ကျပ် ၃၆ဝဝဝ ရှိရာမှ ၄၂ဝဝဝ ကျပ်၊ ဇီယာဆန်သည် ယခင်က ၂၄ဝဝဝ ကျပ်မှ ယခုအခါ ၂၈ဝဝဝ ကျပ်ဖြစ်သည်။ ရေစို၍ အဝါရောင် သန်းသွားသော ဆန်များကို စားသုံးလာရာ တအိတ်လျှင် ၁၇ဝဝဝ ကျပ် ဈေးပေါက်သည်။

စားသုံးဆီဈေးမှာ ပဲဆီဆိုလျှင် ၄ဝ ရာခိုင်နှုန်းကျော် မြင့်တက်သွားရာ ပဲဆီ တပိဿာ ၄၂ဝဝ ကျပ်မှ ၆ဝဝဝ ကျပ် ဖြစ်သွားသည်။

လောင်စာဆီဈေးများတွင် ဓာတ်ဆီဆိုလျှင် ပြင်ပပေါက်ဈေးအရ ၃ဝ ရာခိုင်နှုန်းကျော် မြင့်တက်သွားရာ တဂါလံလျှင် ၄၅ဝဝ ကျပ်မှ ၆ဝဝဝ ကျပ်၊ ဒီဇယ်တဂါလံက ၄၂ဝဝ မှ ၄၇ဝဝ ဖြစ်လာသည်။

ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ထိပ်တန်း ကုန်သည်ကြီးတဦးကလည်း နိုင်ငံတွင် စီးပွားကျဆင်းမှု ဖြစ်ပေါ်နေခြင်းကို သဘောတူ လက်ခံထားသည်။

“ရောင်းအားကျတာ မုန်တိုင်းကြောင့်။ နာဂစ်ဖြစ်ပေါ်မှုရဲ့ နောက်မှာ ကယ်ဆယ်ရေးရော၊ ပြန်လည် ထူထောင်ရေးရော အကုန် လုပ်နေရတယ်လေ။ လူတသန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာကိုး၊ နည်းတာ မဟုတ်ဘူးလေ။ အသက်ရှင်နေတဲ့လူတွေအတွက် စားရေး၊ သောက်ရေး၊ ဝတ်ရေး အကုန်လုံး စီစဉ်ပေးရတဲ့အခါမှာ ဒီလို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အာဏာပိုင်များက အငြိုးထားတုံ့ပြန်မှု လုပ်မှာ စိုးရိမ်ကြောင့်ကြ၍ အမည် ထည့်မပြောရန်တော့ သူက မဇ္ဈိမကို မေတ္တာရပ်ခံခဲ့သည်။

ဒိုမီနို သက်ရောက်မှု (Domino effect) ဟု စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့်အတိုင်း စီးပွားရေး ကျဆင်းမှုမှာ မီးခိုးကြွက်လျှောက်ဖြစ်ပြီး အရောင်းအဝယ်တွင်လည်း လက်ကား လုပ်ငန်းရှင်ကြီးများရော လက်လီရောင်းသူများ၊ တနေ့လုပ် တနေ့စားများကိုပါ ထိခိုက်ကုန်သည်။

ရန်ကုန်ရှိ သိမ်ကြီးဈေး ကုန်စိမ်းပွဲရုံများတွင်လည်း မုန်တိုင်း မဖြစ်ခင်က တနေ့ ရောင်းအား ကျပ်ငွေ ၂ သိန်းမှ ၃ သိန်းအထိ ရှိသော်လည်း ယခုရက်ပိုင်းတွင် ၃ သောင်းမှ ၄ သောင်းခန့်သာ ရသည်ဟု မျိုးမိသားစု ကုန်စိမ်းပွဲရုံက ပြောသည်။

“ဒီလပိုင်းကနေ အရောင်းအဝယ်တွေ အေးသွားတာပေါ့။ ကျမတို့က တောဘက်ကို အားထားပြီး ရောင်းရတာဆိုတော့ ဈေးရောင်းရတာ ကျတာပေါ့ရှင်။ ဘယ်လောက်အထိ ကျသွားလဲဆိုတော့ ဒီလိုကြီး ပြောလို့ မရဘူးလေ။ လာဝယ်တဲ့လူက နည်းသွားတယ်နော်။ အဝယ် ပါးသွားတယ်ပေါ့။ ဟိုရက်ကလေးကတော့ အဝယ်သွက်တယ်။ တောကလူတွေက ဒုက္ခရောက်သွားတော့ ဘယ်ဝယ်တော့မှာလဲ” ဟု ပွဲရုံမှ ပုဂ္ဂိုလ်တဦးက ပြောသည်။

အဆိုပါ ကုန်စိမ်းရုံမှာ အဓိကအားဖြင့် ဧရာဝတီတိုင်း လပွတ္တာ၊ ဘိုကလေး၊ ပုသိမ်မြို့နယ်များမှ ကုန်ပစ္စည်းများကို အဓိက ရယူကာ ပြန်လည် ရောင်းချနေခြင်း ဖြစ်သည်။

လှည်းတန်းဈေး ကုန်စုံဆိုင်တခုမှ ကုန်သည်တဦးက “ဆိုင်ကတော့ အရမ်းပါးတယ်။ တယောက်စ နှစ်ယောက်စပဲ လာတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ တနေ့ကလည်း (Ready made) ရခိုင်မုန့်တီ လာရောင်းတာတောင် အရောင်းပါးလို့ မတင်ဘူးလေ။ တခြား အထည်ဆိုင်တွေဆိုရင် ပိုဆိုးတာပေါ့။ ဘေးက ဆိုင်ခန်းတွေတောင်မှ ဆိုင်ခန်း ရောင်းချင်တာ တပုံကြီး ဖြစ်နေတယ်၊ ရောင်းမကောင်းကြဘူးလေ။ အဝယ် မလိုက်ဘူးတဲ့” ဟု ပြောသည်။

စားသုံးကုန်များ ဈေးတက်နေသည့်အပြင် မိမိရရှိသည့် လခနှင့် အိမ်သုံးစရိတ် မကိုက်သည့်အပြင် လေဘေး ကယ်ဆယ်ရေးတွင်လည်း ကူညီ လှူဒါန်းချင်သဖြင့် မီးဖိုချောင် သုံးစရိတ်များကို ချွေတာနေရသည်ဟု ရန်ကုန်မြို့ပေါ်ရှိ အိမ်ရှင်မတဦးက ပြောသည်။

“ကျမတို့က ဝင်ငွေနဲ့ စားဖို့သောက်ဖို့က မကိုက်ဘူးလေ။ အခု ကျောင်းဖွင့်တော့ ကလေးကျူရှင်ခတွေပေါ့။ သမီးကလည်း ဝန်ထမ်းသမားတွေ ရတဲ့လစာနဲ့ ဘယ်လိုလုပ် စားလောက်မှာတုန်း။ မုန်တိုင်းပြီးကတည်းက ငါးလည်း မစားတော့ဘူး။ ကြက်သားကလည်း တက်။ နောက် ဆန်ဈေးကလည်း မကျဘူး၊ တက်နေတာပဲ။ လူတွေက မုန်တိုင်းအတွက် သွားလှူကြတာမလား၊ အန်တီတို့တောင် နှစ်ခါလောက် လေဘေးအတွက် သွားလှူကြတော့ မီးဖိုသုံးဘက် ချွေတာကုန်ကြပြီ။ ဟိုဘက်မှာက စားစရာ သောက်စရာမရှိ။ အဲဒါကြောင့် လူတွေ အကုန်လုံးက မျှမျှတတ ချွေတာနေရတာပေါ့” ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မ တဦးက ပြောသည်။

တာမွေမှ အိမ်ရှင်မက “မိုးရာသီလည်းဖြစ်လို့ ဈေးရောင်းပွဲတော်တွေ ရှိတယ်။ ဒါပေမဲ့ သူတို့ မဝယ်နိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ စားသောက်ကုန်တွေက မဖြစ်မနေ စားနေရတော့ ဝယ်စားနေရတာပဲလေ။ တခြား ပစ္စည်းတွေက ဘယ်ဝယ်စားနိုင်မလဲ။ ဝန်ထမ်းတွေ၊ မရှိဆင်းရဲသားတွေဆို ပိုဆိုးတာပေါ့။ မဝယ်စားနိုင်ဘူးလေ” ဟု ပြောသည်။

ယခင်နှစ်က ရောင်းအား သွက်ခဲ့သော လသာမြို့နယ်ရှိ ကျောင်းကျောပိုးအိတ် ဆိုင်ပင်လျှင် ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ထက်ဝက်ခန့် ရောင်းအားကျသွားသည်။

“ကျနော်တို့ ဆိုင်ကတော့ အရောင်းကျသွားတယ်။ ဝယ်သူတွေတောင် မလာဘူး။ ကျောင်း စဖွင့်ကတည်းကလည်း အရင်နှစ်ကဆို ကျောင်းဖွင့်ချိန်မှာ ပိုရောင်းရတာ၊ အခုတော့ မုန်တိုင်း ကျသွားတယ်လေ” ဟု ဆိုင်ရှင်တဦးက ပြောသည်။

အင်းစိန်မှ အိမ်ရှင်မကမူ “စားသုံးသူတွေက ဈေးပေါတာပဲ ကြည့်တော့တယ်။ အပေါဆုံးဟာ ဘယ်ဟာလဲ ဆိုတာပဲ ကြည့်လိုက်တယ်လေ။ လူတွေက စားဖို့အတွက်ကို အတင်းရုန်းကန်နေရတဲ့ အခါကျတော့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ ဆိုရင်လည်း ကိုယ့်လုပ်အားခကို ကြည့်ပြီးတော့ မဝယ်စားနိုင်တော့ဘူးလေ” ဟု ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ရွှေဖားစည် ကုန်စည်ပို့ဆောင်ရေး ကားဂိတ်မှ တာဝန်ရှိသူတဦးလည်း မုန်တိုင်း မဖြစ်ခင်က တနေ့လျှင် ကုန်ကား ၃-၄ စီးခန့် ကုန်စုံပစ္စည်းများ သယ်ယူ ပို့ဆောင်ခဲ့သော်လည်း ရောင်းအားကျခြင်း၊ မိုးတွင်းကျခြင်းတို့ကြောင့် ယခုရက်ပိုင်းတွင်မူ ၄ ရက်ကြာမှ ကုန်ကားတစီးသာ ထွက်နိုင်တော့ကြောင်း ပြောသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က “တကယ့် တကယ်တော့ နည်းနည်းလေးတော့ စောင့်ရလိမ့်မယ်။ မစောင့်လို့တော့ မရဘူး။ စီးပွားရေးကပ် ကျတာပေါ့နော်။ အနည်းဆုံး ၆ လလောက် စောင့်ရလိမ့်မယ်။ ကျနော်တို့ နိုင်ငံခြား အကူအညီပဲ မျှော်လို့မရဘူး။ ကိုယ်တိုင်လုပ်ဖို့က တကယ်တော့ စီမံခန့်ခွဲတဲ့ လူကောင်းကောင်း ဦးဆောင် လုပ်ပေးလိုက်ရင်တော့ အနည်းငယ်တော့ ပြန်ကောင်းလာဖို့ ရှိမယ်လို့ သုံးသပ်တယ်” ဟု ပြောဆိုလိုက်သည်။
မဇ္ဈိမ

No comments: