ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Wednesday, June 18, 2008

ဒေါ်စု မွေးနေ့အတွက် တယ်လီဖုံး မက်ဆေ့ခ်ျများ ပေးပို့နေကြ

ဂျေမိုး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 14:30 - မြန်မာစံတော်ချိန်

စင်္ကာပူ။ ။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ ကဗျာရွတ်ပွဲနှင့် အခြားစိတ်ဝင်စားစရာ အစီအစဉ်များ အကြောင်းကို စင်္ကာပူ ရောက် မြန်မာများအကြား တယ်လီဖုန်း မက်ဆေ့ခ်ျများ ပေးပို့နေကြသည်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ် ကျင်းပမည့် အစီအစဉ် သိရှိစေရန် မြန်မာများအကြား ဖုန်းမက်ဆေ့ခ်ျနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးပို့နေကြခြင်း ဖြစ်သည်။

မွေးနေ့ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် အလှူပွဲ၊ ကဗျာရွတ်ဖတ်ပွဲများဖြင့် စင်္ကာပူရှိ တိုပါရိုး မြန်မာဘုန်းကြီးကျောင်း၌ သူမကို ထောက်ခံသူများက ဦးစီးကျင်းပသွားရန် စီစဉ်ထားသည်။

မွေးနေ့အခမ်းအနားတွင် ကဗျာရွတ်ဆိုမည့်သူ တဦးဖြစ်သော ကိုပေါက "ကဗျာဆရာ ဖုန်းဆိုးရဲ့ ၅၄ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်" ကို ရွတ်ဖို့ ရွေးချယ်ထားတယ် အဲဒီကဗျာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် မျိုးရိုးကနေ ဆင်းသက်လာတယ်။ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိက ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ အတိတ် ပြဿနာသေတ္တာရဲ့ သော့တချောင်းဖြစ်သလို အနာဂတ်ဥယျဉ်တံခါးရဲ့ သော့တချောင်းလည်း ဖြစ်ပြန်တယ်လို့ ဆရာဖုန်းဆိုးက ရေးထားတယ်ဗျာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံတာတွေ၊ သူရဲ့ ထက်မြက်မှုတွေကို ဒီကဗျာထဲမှာ ဖေါ်ကျူးထားပြီးတယ်။ ဒီကဗျာကို ပြန်ဖတ်ရတာကလဲ ဒေါ်စုမွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရယ်၊ နောက်လူတွေကို ကိုယ်လုပ်ရမယ့် တာဝန်တွေကို သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ ရွတ်မှာ" ဟု ပြောဆိုသည်။
မဇ္ဈိမ

အပြည့်အစုံသို့...

မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

“မြန်မာထရီဗျုး” ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

“ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။ ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။ လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။ အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ အတူတူ အလုပ်လုပ်တဲ့ သူတွေကိုတော့ မနေ့ကပဲ စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း လေဘေး ဒုက္ခသည်များကို ဝိုင်းဝန်းကူညီနေသူ စေတနာရှင်များအား အာဏာပိုင်များဘက်က မေးမြန်းစစ်ဆေးခြင်း၊ လိုက်လံတားဆီး နှောင့်ယှက်ခြင်းများ အပြင် ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာသည့်အပေါ် စာပေအနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “သူတို့ (အစိုးရ) ကိုယ်တိုင်က မလုပ်နိုင်တဲ့ ကိစ္စတွေကို လူထုဘက်က စေတနာရှင်တချို့က တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးတာ ကောင်းတဲ့အချက်ပါ။ ဒါကို လိုက်ပြီး နှောင့်ယှက်တာမျိုး၊ တားဆီး ပိတ်ပင်တာမျိုးလုပ်တာ ဒုက္ခ ရောက်နေတဲ့ လေဘေးဒုက္ခသည်တွေ ပိုပြီး ဒုက္ခ ရောက်စေပါတယ်” ဟု ပြောသည်။

ဦးအောင်ကျော်ဆန်းသည် “မြန်မာထရီဗျူး” ဂျာနယ်ကို လွန်ခဲ့သည့် ၂ လခန့်ကပင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်း ခဲ့ကာ နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသည့် ရုပ်အလောင်း အကြွင်းအကျန်များကို မြေမြှုပ်သဂြုင်္ိဟ်သည့် လုပ်ငန်းတွင် လုပ်အားဒါနဖြင့် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။
မဇ္ဈိမ

အပြည့်အစုံသို့...

Tuesday, June 17, 2008

နောက်ထပ်ရေကြီးမှာကို မိုးကုတ်မြို့သားများစိုးရိမ်

အေးလဲ့ | ဇွန် ၁၇၊ ၂၀၀၈

လွန်ခဲ့သည့်အပတ်က မိုးကုတ်မြို့ရှိ ရေနီချောင်းရေလျှံခဲ့ပြီး နောက်ထပ်မိုးရွာသွန်းမည့် အရိပ်လက္ခဏာများ တွေ့နေရသော် လည်း အာဏာပိုင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ မရှိသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။

“အခုမြေပြိုတာ မိုးဦးပိုင်းပဲရှိသေးတယ် … နောက်ပိုင်းမှာ မိုးရွာဖို့ရှိသေးတယ်။ အစိုးရကလည်း နောက်ထပ် ထပ်မဖြစ် အောင် ကာကွယ်မပေးဘူး။ အပေါ်ယံလောက်ပဲ စည်ပင်သာယာက အမှိုက်သိမ်းတယ်၊ တံတား ပြန်ပြင်ပေးတာလောက်ပဲ ရှိတယ်။ အမှန်ဆိုရင် ချောင်းထဲက ကနယ်မုံ (နှုန်းမြေ) တွေကို မြေသယ် စက်တွေနဲ့ ကော်ထုတ်တာတွေလုပ်ရမှာ။ ပြဿနာအရင်းအမြစ်ကို အရင် ရှင်းမပေးဘူး” ဟု မိုးကုတ်မြို့ခံတဦးက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ ည သန်းခေါင်ယံအချိန်မှစပြီး မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ၁၂ ရက်နေ့ နံနက် ၄ နာရီတွင် မိုးကုတ်မြို့ ဆင်ခြေဖုံး ပိတ်ဆွဲ၊ ဟိုမိုင်း ဘက် စွန်းလွန်း ဒေသအောက်ရှိ တောင်လေးစွန်းတွင် တောင်ကျချောင်းရေကြောင့် မြေပြိုမှုဖြစ်ပွားကာ လူ ၁၂ ဦး သေဆုံးခဲ့သည်။

ကျောက်တူးသည့်အခါစွန့်ပစ်သည့် နှုန်းမြေကြီးများကို ၎င်းမြို့တွင်းကိုဖြတ်စီးနေသော ရေနီချောင်းအတွင်းစွန့်ရာမှ ချောင်း ပိတ်ဆို့ပြီှး မိုးအခါ ချောင်းရေလျှံတက်ရသည်ဟု ဒေသခံများက ပြောသည်။

“နောက်တခါထပ်ဖြစ်ရင် လူများကတော့ ပစ္စည်းသိမ်းထားပြီး မြင့်တဲ့အပိုင်းဘက်က အသိအိမ်တွေမှာ နေဖို့ လောက်ပဲ ပြင်ဆင်ထားနိုင်တယ်၊ အစိုးရက ပြင်ဆင်ထားပေးတာမရှိဘူး” ဟု တခြားမြို့ခံတဦးက ပြောသည်။

မိုးကုတ်မြို့တွင် လွန်ခဲ့သော သုံးနှစ်ဆက်တိုက်မှစပြီး မိုးကုန်ပိုင်းမှသာ ရေကြီးမှုဖြစ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ရေကြီးမှု အကြီးဆုံးဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မူ မိုးဦးကာလမှာပင် ရေကြီးခဲ့ပြီး လူအသေအပျောက်ဖြစ်ခဲ့သည်။

လွန်ခဲ့သည့်အပတ် ရေကြီးခဲ့ခြင်းနှင့်ပတ်သက်၍ “မိုးကုတ်မြို့ရဲ့ အဓိကကျောက်ဝိုင်းဖြစ်တဲ့ ပန်းခြံထာပွဲကျောက်ဝိုင်း တခုလုံးလည်း ပျက်စီးသွားတယ်၊ မိုးကုတ်တမြို့လုံးမှာရှိတဲ့ အိမ်တိုင်းကတော့ရေလျှံတာပါပဲ” ဟု ဒေသခံက ပြောသည်။

“ကျောက်ဝိုင်းမှာ ကနယ်မုံ (နှုန်း) တွေက ခါးလောက်အထိတက်တယ်။ ချောင်းကအိမ်တွေရဲ့ အပေါ်မှာလိုဖြစ်ပြီး အိမ်က ချောင်းအောက်ကိုရောက်သလိုဖြစ်တာ” ဟု ၎င်းကဆက်ပြောသည်။

မိုးကုတ်မြို့သည်တောင်ပတ်ပတ်လည်ဝိုင်းနေသည့် ဒယ်အိုးပုံစံမြို့တည်ဆောက်ထားခြင်းဖြစ်သည်။ မြေပြန့်နေရာများတွင် လူနေအိမ်များတည်ဆောက်ထားပြီး တောင်အောက်ခြေပိုင်းတွင် ပတ္တမြား တူးဖော်သည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည် ၎င်းရေနီချောင်းသည် မြို့ကို အလယ်မှ စီးဆင်းနေသည်။

မိုးကုတ်မြို့ မြေပြိုခြင်း၊ ရေလျှံခြင်းများသည် ရပ်ဝေးမှရောက်ရှိလာသည့် စီးပွားရေးသမားများ၏ မဆင်မခြင် စီးပွားရှာ ကြခြင်းကြောင့် ဖြစ်ရသည်ဟု ဒေသခံများက ယုံကြည်လျက် ရှိသည်။

“အရင်တုန်းကဆိုရင် မိုးကုတ်မြို့ခံတွေက တနိုင်တပိုင် ကိုယ့်ကျင်းနဲ့ကိုယ်လုပ်ကြတာလောက်ပဲ ရှိတယ်။ အစိုးရနဲ့ ဖက်စပ် လုပ်တဲ့ကုမ္ပဏီတွေဝင်လာပြီးနောက်ပိုင်း အရမ်းတူးဖော်လာကြတော့ အခုလို ကနယ်မုံတွေက တနှစ်ထက်တနှစ်ပိုများ လာတာပေါ့နော်” ဟု အထက်ပါ မိုးကုတ်မြို့ခံတဦးကပြောသည်။

မိုးကုတ်မြို့၌ ယနေ့ ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိသော်လည်း ပန်းခြံထာပွဲကျောက်ဝိုင်း ပြန်လည် ဖွင့်၍ထားကြောင်း စုံစမ်းသိရှိရသည်။
ဧရာဝတီ

အပြည့်အစုံသို့...

လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် စစ်အစိုးရကို နိုင်ငံတကာ သတင်းစာအဖွဲ့ကြီးက တောင်းဆို

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 20:47 - မြန်မာစံတော်ချိန်

ဘဲလ်ဂိတ်။ ။ ကမ္ဘာတဝှမ်းမှ ထိပ်သီး စာနယ်ဇင်းသမားများ ကွန်ယက်တခုဖြစ်သော နိုင်ငံတကာ သတင်းစာ အင်စတီကျူ (အိုင်ပီအိုင်) ၅၇ ကြိမ်မြောက် အထွေထွေ အစည်းအဝေးက နာဂစ်မုန်တိုင်းဒါဏ်သင့် ဒေသများတွင် သတင်းယူနေသော သတင်းစာ ဆရာများ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မာ စစ်အစိုးရအနေဖြင့် လေးစား ကာကွယ်ရန် တောင်းဆိုလိုက်သည်။

မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သော မုန်တိုင်းကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း လူ တသိန်း သုံးသောင်းရှိခဲ့သော မုန်တိုင်းဒါဏ်သင့် ဒေသများတွင် လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုရန် ပျက်ပြားခဲ့သည့်အတွက် ဆားဗီးယား နိုင်ငံ မြို့တော် ဘဲလ်ဂိတ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာ စစ်အစိုးရကို အိုင်ပီပီ အဖွဲ့ဝင်များက ရှုတ်ချ ပြောဆိုလိုက်သည်။

မုန်တိုင်းတိုက်ပြီးလို့ အစားအသောက်၊ သောက်သုံးရေ၊ နေထိုင်ဖိုနဲ့ ဆေးဝါးကုသခံဖို့ လိုအပ်တဲ့လူတွေ တသန်းကျော် ရှိနေတာတောင်မှ မြန်မာ စစ်အစိုးရက သတင်း အချက်အလက်တွေကို ဆင်ဆာဖြတ်နေလို့ ကောင်းတုံး ဟု အိုင်ပီအိုင် တင်္နလာနေ့က ထုတ်ပြန်သော ဆုံးဖြတ် ကြေညာချက်တွင် ပါရှိသည်။

ယခုကဲ့သို့သော မြန်မာပြည်နှင့် ပတ်သက်သော ပြောဆိုချက်သည် အိုင်ပီအိုင် ကမ္ဘာတဝှမ်းရှိ အစိုးရများကို စာနယ်ဇင်းသမားများ အခွင့်အရေး။ အထူးသဖြင့် သဘာဝ ကပ်ဘေးများနှင့် ပတ်သက်သော သတင်းများ ရေးသားပေးပို့ နေသူများကို သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရန်။ သတင်းယူခြင်းကို ခွင့်ပြုရန်စသည့် တိုက်တွန်းထားချက် တစိတ်တဒေသ ဖြစ်သည်။

“မြေငလျင်တွေ၊ ဟာရီကိန်းတွေ၊ ရေကြီးတာတွေနဲ့ တခြား ကပ်ဘေးတွေ ကျရောက်တဲ့အခါ မီဒီယာ သတင်းပေးပို့ချက်တွေက အလွန့်အလွန် ကိုပဲ မရှိမဖြစ် လိုအပ်တာပါ၊ သူတို့ရဲ့ အင်တိုက်အားတိုက် ချက်ခြင်း လုပ်ဆောင်မှုတွေကြောင့် လူပေါင်း မြောက်များစွာရဲ့ အသက်တွေ ကယ်တင် နိုင်ပြီး သင့်တင့်လျောက်ပတ်တဲ့ ကယ်ဆယ်ရေးနဲ့ ကူညီ လုပ်ဆောင်မှုတွေ ပါလာနိုင်တာ” ဟု အိုင်ပီအိုင်က ပြောသည်။

မြန်မာပြည်တွင်းမှာတော့ အစိုးရက မုန်တိုင်းဒါဏ် သင့်သူတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်အားဒါန အလှူရှင်များကို ဖမ်းဆီးလျှက်ရှိရာမှာ အပတ်စဉ်ထုတ် ဂျာနယ်တခု အယ်ဒီတာဟောင်း ဦးဇော်သက်ထွေးလည်း ပါဝင်သွားသည်။

အိုင်ပီအိုင် ၅၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ယခင် ယူဂိုဆလားဗီးယား နိုင်ငံမြို့တော်လည်း ဖြစ်သည့် ဘဲလ်ဂိတ်မှာ ကျင်းပရာ နိုင်ငံပေါင်း ၆ဝ ကျော်မှ ထိပ်သီး သတင်းစာ အယ်ဒီတာ။ မီဒီယာ အလုပ်အမှုဆောင်ချုပ်များ အပါအဝင် သတင်းစာဆရာ ၆ဝ ကျော် တက်ရောက်ခဲ့သည်၊ မဇ္ဈိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက မဇ္ဈိကို ကိုယ်စားပြု တက်ရောက်ခဲ့သည်။

အိုင်ပီအိုင်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်နှင့် စာနယ်ဇင်းသမားများ လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း လုံခြုံရေး ကာကွယ်မှု ပေးနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။


အပြည့်အစုံသို့...

ဒေါ်စု မွေးနေ့ပွဲ နိုင်ငံတကာရောက် မြန်မာများ ကျင်းပမည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:19 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသွားရန် နိုင်ငံတကာရှိ မြန်မာ အင်အားစုများက ပြင်ဆင်နေကြသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကျင်းပသွားရန် အတွက် ပြင်ဆင်နေကြောင်း လက်ရှိ သတင်းရထားသည်။

စင်္ကာပူတွင် ကျင်းပမည့် အစီအစဉ်ကို မျိုးချစ် မြန်မာများအဖွဲ့မှ ကိုစိုးထွန်းက “ဘုန်းကြီးကျောင်းမှာ လာမယ့် တနင်္ဂနွေမှာ လုပ်မှာပါ။ အခမ်းအနားကို မနက် ၁ဝ နာရီမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ပွဲနဲ့ ဓာတ်ပုံပြပွဲကို စင်္ကာပူမှာ ရှိတဲ့ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံ Puchong ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) (မလေးရှားဌာနခွဲ) ရုံးတွင် ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်တွင် ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင်တဦးက “စကားဝိုင်းတွေ လုပ်ဖို့ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေမှာ စကားဝိုင်း လုပ်တာတွေ ရှိမယ်။ မဲဆောက် ဒေသမှာရှိတဲ့ နေရာတနေရာမှာ အခမ်းအနား လုပ်မှာပါ။ ဓာတ်ပုံပြပွဲမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေပါတဲ့ ဓာတ်ပုံတွေကို အခမ်းအနားမှာ ပြထားမယ်။ အခမ်းအနားအတွင်းမှာ ဆုတောင်းပွဲနဲ့ တပါထဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်ထဲတွင် မွေးနေ့ပွဲနှင့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ စီစဉ်ထားသည်။

အခန်းအနား စီစဉ် ဆောင်ရွက်မည့်သူ ဒေါ်ချိုချိုအေးက “ဂျပန် အမျိုးသမီး အမတ်တွေက ကမကထပြု စီစဉ်ပေးတာပါ။ ကျမတို့က “လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခြေအနေ” ခေါင်းစဉ်နဲ့ ဂျပန်ပါလီမန်မှာ ဟောပြောမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (ဂျပန်) မှ ကိုနိုင်ကျော်ဦးက “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်ဖမ်း ထားတဲ့ အပေါ်မှာရယ်၊ လက်ရှိ နာဂစ်မုန်တိုင်း အချက်အလက်တွေရယ်ကို မြန်မာ့အရေး ကူညီပေးနေတဲ့ အမတ်တွေက စုံလင်အောင် တင်ပြ ပြီးတာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဒေသခံ ဂျပန်အဖွဲ့များ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူမ၏ ဓာတ်ပုံများ ပါရှိသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ၊ ပိုစတာ ဓာတ်ပုံများ ကိုင်ဆောင်၍ တိုကျိုမြို့ရှိ ရှိပူးရာ Shi Puya အရပ်မှ ရွပ်ပွန်းဂီး Roppon Gi အရပ်အထိ ၁ နာရီကြာ လမ်းလျှောက် ချီတက်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နယူးဒေလီ မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အနောက်ဖက်ဒေသ) က ကြီးမှူးကာ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် တရားနာပွဲ ကျင်းပ သွားမည်ဟု သိရသည်။

ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပွတ်ချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာတွင် မွေးနေ့ပွဲကို ကိုရီးယား လွှတ်တော်အမတ်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ကာ ကျင်းပခဲ့ပြီး ဖြစ်သည်။

“ကဗျာတွေ၊ တေးသီးချင်းတွေနဲ့ ဂုဏ်ပြုပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အာရှ နိုင်ငံလုံးဆိုင်ရာ ဖျော်ဖြေရေးပြပွဲ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ဖိလစ်ပိုင် နိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ကိုရီးယား ပညာရှင်တွေရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကြုံတွေ့နေရတဲ့ အနက် အဓိပ္ပာယ်ကို ပေါ်လွင်တဲ့ ဖျော်ဖြေရေးတွေကို ပြသ သွားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်၊ ကိုရီးယားဌာနခွဲ) မှ ကိုရန်နိုင်ထွန်းက ပြောသည်။

အပြည့်အစုံသို့...

ခေါင်းစဉ် သန်းရွေ ရဲ့ ယုတ်မာတဲ့အကြံ အစည်ဗူးပေါ်သလိုပေါ်လာပြီ

ဗိုလ်မှုးအောင်လင်းထွဋ် က ပြည်သူဖက်က ရပ်တည် အမှန်တရားကိုဖေါ်ထုတ် (click)

အပြည့်အစုံသို့...

အပြည့်အစုံသို့...

Monday, June 16, 2008

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ဦးဆောင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား


ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို အနုပညာရှင်များ သွားရောက်ကူညီနေပုံ (ဓာတ်ပုံ - ဧရာဝတီ)
ကိုသက် | ဇွန် ၁၆၊ ၂၀၀၈

လူရွှင်တော် ဇာဂနာနှင့် အာကစားအယ်ဒီတာ ဇော်သက်ထွေးတို့ ၂ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်း ထားသဖြင့် ၎င်းတို့ဦးဆောင်လုပ်ကိုင်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူတဦးက “တယောက်ပြီး တယောက် အဖမ်းခံနေရလို့ အဲဒီလုပ်ငန်းကို ကျနော်တို့ ခဏဆိုင်းထားပါတယ်။ နောက်ဆုံး အသုတ်အနေနဲ့ လပ္ပတ္တာကို ဦးအောင်လွင် ဦးဆောင်ပြီးသွားလှူတာ မနေ့ညက ပြန်လာခဲ့ပြီ။ တဘက်က (အာဏာပိုင်က) ကိုင်တွယ်တာတွေက သိပ်ကြမ်းတယ်လေ … တယောက်တလေမှာ သူတို့မကြိုက်တာရှိရင် အကုန်လုံး တနွယ်ငင် တစင်ပါ ဖြစ်သွားမှာ ဆိုးရိမ်တယ်။ အဲဒါကြောင့် တိုင်ပင်ပြီးရပ်လိုက်တာ၊ အလှူရဖို့လည်း မကြိုးစား တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်အမည်ရှိ အင်အားကြီး မားသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်ခဲ့ရာ အသက်ပေါင်းတသိန်းကျော်ဆုံးရှုံးခဲ့ပြီး လူသန်းချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကြေညာခဲ့သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့သည် စာပေနှင့် ရုပ်ရှင်အသိုင်းအ၀န်းရှိ လုပ်ဖော်ကိုင်ဖက် များအပါအ၀င် လူမှုကယ်ဆယ်ရေးလုပ်ကိုင်လိုသူများနှင့် ပူးပေါင်းကာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။

အာဏာပိုင်တို့က ဇွန်လ ၁၃ ရက်နေ့က ကိုဇော်သက်ထွေးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ပြီး ကိုဇာဂနာအား ယခုလ ၄ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကိုဇော်သက်ထွေးအား ရန်ကုန်မြို့ အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားကြောင်းကို မိသားစုမှတဆင့် စုံစမ်းသိရှိရသည်။

၎င်းတို့ ၂ ဦးကို မည့်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အာဏာပိုင်တို့က မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိပေ။

၎င်းတို့ ၂ ဦးသည် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်အတောအတွင်း အကူပစ္စည်းများအား အာဏာ ပိုင်အဖွဲ့အစည်းများက အလွဲသုံးစားပြုလုပ်ပုံနှင့် ဝေးလံသီခေါင်သည့် ရွာများရှိ လေဘေးဒုက္ခသည်များ ကူကယ်ရာမဲ့နေပုံ များကို လွတ်လပ်သည့်သတင်းဌာနများအား ပြောဆိုခဲ့ရာ ယင်းလုပ်ရပ်များကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

“ကျနော်တို့ကတော့ အမျိုးသားရေးအမြင်နဲ့ ကူညီရတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်လိုက်ရပေမယ့် ကျနော်တို့က တဆင့် လှူဒါန်းချင်တဲ့ အလှူရှင်တွေရှိပါသေးတယ်။ လေဘေးဒုက္ခသည်တွေမှာလည်း အကူအညီ လိုအပ်နေဆဲပါ” ဟု ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သူက ပြောသည်။

အပြည့်အစုံသို့...

ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 16 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။

သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။

ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ရှေ့နေ ဦးအောင်သိန်းက ဓထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။

ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။
မဇ္ဈိမ

အပြည့်အစုံသို့...

ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 16 2008 15:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။

ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။

နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။

သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။


အပြည့်အစုံသို့...

ဒေါ်အောင်ဆန်း၏ ၆၃ နှစ်မြောက်မွေးနေ့မင်္ဂလာ


ပေးပို့သူthein hlaing

အပြည့်အစုံသို့...

ရေဘေးအလှူထွန်စက်တွေ အာဏာပိုင်တွေက ရောင်းချနေ


ချောင်းသာက လယ်သမားတဦး ကိုယ်တိုင် တည်ဆောက်ထားတဲ့ လယ်ထွန်စက်နဲ့ ထွန်ယက်နေစဉ်။(ဖွန်၃ရက်၂၀၀ဂ)
နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ်ခံရတဲ့ ဒေသတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ လုံလောက်မှုတွေ မရှိဘူး၊ အားနည်းချက်တွေ ရှိနေတဲ့အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ဒေသခံတွေ၊ အကူအညီပေးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။ အထူးသဖြင့် လေဘေးဒဏ် ခံခဲ့ရတဲ့ ဒေသက ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထောက်အကူပစ္စည်းတွေ လိုအပ်နေလို့ အချိန်မီ စိုက်ပျိုးနိုင်မယ့် အရေး အလှမ်းဝေးနေသေးတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးလို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင် နေပါတယ်လို့ ပြောနေချိန်မှာပဲ၊ စေတနာ့ဝန်ထမ်း အကူအညီပေးရေး လုပ်နေကြသူတွေ၊ ဒေသခံတွေကတော့ လိုအပ်ချက် တွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ပြောနေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အထောက်အကူပစ္စည်းတွေ မလုံမလောက် ဖြစ်နေတာမို့ လုပ်ငန်းတွေ ပြန်မစ နိုင်သေးပဲ ဖြစ်နေတာပါ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူ တယောက်က သူ့အတွေ့အကြုံကို ပြောပြတာကတော့ -

"ကျွန်တော်တို့ မြို့မှာက လယ်ဧက သုံးသိန်းကျော်ကျော်လောက်ရှိတယ်။ လက်ရှိ ကျွန်တော်ကိုယ်တိုင် ထွန်စက်နဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ဘိုကလေးမြို့ကို ထွန်စက် ၁၃၈၈စီး ရောက်တယ်။ သက်ဆိုင်ရာက တာဝန်ရှိတဲ့သူတွေ ခွဲဝေယူလိုက်ကြတာ။ ဥက္ကဌက ၅စီးတောင် ယူထားတယ်ဗျာ။ တာဝန်ရှိတဲ့သူတွေ လက်သိပ်ထိုးပြီးတော့မှ ကျန်တာကိုမှ လယ်သမားတွေကို ပေးတယ်။ မရတဲ့သူတွေက အများကြီးပဲ။ ကျွန်တော်တို့ ထွန်စက် ၁ စီးကို ဧက ၅၀ နှုန်းနဲ့ ၁၃၈၈စီး ဆိုတော့ ဧကပေါင်း ၇၀၀၀၀လောက်ပဲ ထွန်ယက်နိုင်တယ်။ မြို့နယ်တခုလုံအတွက်ဆိုတာက အများကြီးကို လိုသေးတာ။ နောက်ထပ်လျှောက်လွှာတောင် လက်မခံတော့ဘူး။ ပိတ်လိုက်ပါပြီလို့ဆိုတော့ ဒီအတိုင်းဆို ဘယ်လိုမှ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ အနေအထားမရှိဘူး။ မိုးဆိုရင် လယ်သမားက ဘာလုပ်ရမလဲဆိုတဲ့ ပြဿနာရှိတယ်။"

မိုးရာသီကျလို့ စိုက်ရပျိုးရမယ့် အချိန်ရောက်နေပေမဲ့ လိုအပ်ချက်တွေနဲ့ ကြုံနေရလို့ မစိုက်နိုင်မပျိုးနိုင်ဖြစ်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတယောက်ကလည်း အခုလို ပြောပါသေးတယ်။

"တချို့က လယ်ထွန်စက်ရော မျိုးစပါးရော၊ ဒီဇယ်ဆီရော လိုကြတယ်။ အစိုးရနဲ့ အဖွဲ့အစည်း အသီးသီးက ပြန်ပြီး စာရင်းကောက်တဲ့အခါမှာ ထွန်စက် ကောင်းတာတွေလည်း တွေ့ရတယ်။ မျိုးစပါး ကျန်တာလေးတွေလဲ ရှိတယ်။ အဲဒီတော့ ဒီဇယ်လိုအပ်ချက်က အများဆုံးပေါ့။ ဒီဇယ်လိုအပ်ချက်ပေးလို့ရှိရင် စိုက်နိုင်တဲ့သူရှိတယ်။ တချို့ကျတော့လည်း မျိုးစပါးနဲ့ ဒီဇယ်ပေးရင်စိုက်နိုင်တယ်။ ဘိုကလေးမှာ ထွန်စက်ချပေးတာရှိတယ်။ ဒီဇယ် ဂါလံ ၇၀၀၀လောက် ချပေးတာ ရှိတယ်။ မျိုးစပါးက တင်း တစ်သိန်းလောက်ချပေးထားတယ်။ စာရင်းပြုစုတဲ့အခါမှာ နှောင့်နှေးတဲ့ သဘောရှိတယ်။ အခုထိတော့ မစိုက်နိုင်သေးဘူး။ ခွဲတမ်းကျပြီး တပြိုင်တည်းလုပ်နိုင်ဖို့က သိပ်မလွယ်ဘူး။ အင်အားနဲ့ ၀င်ရင်တော့ ရနိုင် တယ်။ နဂိုအခြေအနေအတိုင်းဆိုရင် လူဦးရေရော၊ လယ်စိုက်နိုင်မှုရော အပြည့်အ၀တော့ မရနိုင်တော့ဘူး။"

လေဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်း တစိတ်တဒေသအဖြစ် စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူ တချို့ ရရှိနေပေမဲ့လည်း မထင်မှတ်တဲ့ အခက်အခဲတွေကလည်း ရှိနေတာပါ။

"အခက်အခဲတခုက ဘာရှိသလဲဆိုတော့ အစိုးရက လယ်ထွန်စက်တွေကို တာရာ ဘီးနဲ့ ထုတ်တယ်။ ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသမှာ တာရာဘီးက အလုပ်မဖြစ်ဘူး။ လယ်ထဲမှာ လေးပြီး ကျွံတယ်။ သံဘီးတွေ ပြန်လုပ်နေရသေးတယ်။ အဲဒါပြီးရင်တော့ လယ်ထဲ ဆင်းဖို့ အဆင်သင့်ရှိတယ်။"

ဒီလို လိုအပ်ချက်တွေ ရှိနေသေးတဲ့အပြင် လယ်ယာသုံး အထောက်အကူပြု ပစ္စည်းတွေကို ပေးအပ်ရာမှာ မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ ဒီနေရာမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကူအညီပေးရေး လုပ်ငန်းတွေမှာ မသမာမှုတွေ မမှန်မကန်ဆောင်ရွက်တာတွေတွေ့ရင် အကြောင်းကြား တိုင်ကြားဖို့ ပြောဆိုထားတာ ရှိပေမဲ့လို့ လက်တွေ့မှာ အရေးယူနိုင်အောင် တိုင်တန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

"နောက်တခုကလည်း လယ်ထွန်စက် ငါးထောင်ကို လှူဒါန်းတယ်လို့ သတင်းတွေ သိရတယ်။ တကယ်တမ်းတော့ ရောင်းလို့ စာချုပ်တွေ ဘာတွေနဲ့။ ဒါဟာ ဘယ်လို ဖြစ်တာလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ နိုင်ငံခြားက လှူတဲ့ပစ္စည်းတွေကို ဒီမှာ ရောင်းတယ်။ ဒီမှာ သွားတိုင်ဖို့က ဘယ်သူ့ဆီမှ တိုင်လို့မရဘူး။ အခုက အမိန့်က ဘယ်ကလာမှန်းတောင် မသိရဘူး။ သွားတိုင်ရင် တိုင်တဲ့သူ အရိုက်ခံရမှာပဲ။ ဒါက လက်ရှိဖြစ်နေတဲ့ အနေအထား။"

လေဘေးဒဏ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်တွေနဲ့ ကြုံနေရဆဲဖြစ်တဲ့အကြောင်း မြစ်ဝကျွန်းပေါ် ဒေသခံတွေ ပြောသွားကြတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်းပဲ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တဦးဖြစ်တဲ့ Noeleen Heyzer က လေဘေးဒဏ်သင့်တဲ့ ဒေသက လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် အရေးပေါ် ဒီဇယ်ဆီတွေ လိုအပ်နေတာမို့ အလှူရှင်တွေ၊ အိမ်နီးချင်းနိုင်ငံတွေက ၀ိုင်းဝန်း ထောက်ပံ့ကူညီကြဖို့ ဆော်သြခဲ့ပါသေးတယ်။
သတင်းVOA

အပြည့်အစုံသို့...

ရန်ကုန် မိုးကြီး၊ မော်လမြိုင်တွင် ရေတက်လာ၍ လူအများ ထိတ်လန့်နေ

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ ဇွန်လ 15 2008 14:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် ယနေ့နံနက် လင်းအားကြီးချိန်မှစ၍ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိပြီး အချို့ နေရာများတွင် ရေလျှံမှု ဖြစ်နေသည်။

မိုးလေ၀သဌာန၏ အထူးသတင်း ကြေငြာချက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်မှ နောက် ၇၂ နာရီအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ပါရှိသည်။ မြန်မာ့ ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။

လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း ဂယက်ကြောင့် စိုးရိမ်စိတ် ကြီးထွားနေချိန်ဖြစ်သဖြင့် မိုးလေ၀သသတင်း လိုက်လံစုံစမ်းမှုကို အများအပြား တွေ့နေရသည်။

မုန်တိုင်းအဆင့်မဟုတ်ဘဲ မုတ်သုန်လေ အားကောင်းရာမှ အားအလွန်ကောင်းလာကာ လေပြင်းကျရောက်မည် ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ချုပ် ဦးထွန်းလွင်က မုန်တိုင်းဝင်ခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ပင်လယ်ထွက်သူများအတွက် လေတိုက်နှုန်းက စိုးရိမ်စရာ ရှိသည်ဟု ပြောသည်။

မော်လမြိုင်မြို့တွင် ကမ်းနားတလျှောက် ရေတက်လာနေ၍ လူအချို့ အထိတ်တလန့် ဖြစ်ကာ အမြင့်ပိုင်းကျရောက်ရာ မြို့ထဲသို့ အုပ်စုလိုက် ရွှေ့ပြောင်းနေကြသည်။ မော်လမြိုင်မြို့တွင် ရေကြီးမည်ဆိုသော ကောလဟလများ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့ပြီးနောက် လူအများ စိုးရိမ် ထိတ်လန့်နေခဲ့သည်။

ဘီလူးကျွန်းပေါ်ရှိ ကျေးရွာ ၂ ခုတွင် ရေကြီးမည်ဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းရာ "လူမရှိတော့" ဟု ဒေသခံတဦးက ပြောသည်။

ယနေ့ မော်လမြိုင်မြို့တွင် ရဲအစောင့်အကြပ်များ သိသိသာသာ တိုးမြှင့် ချထားလိုက်သည်။


အပြည့်အစုံသို့...

Saturday, June 14, 2008

မုန်တိုင်းအလွန် - ကြွင်းကျန်ရစ်သော ရုပ်အလောင်းများ ကိုယ်ထူကိုယ်ထ မြုတ်နှံနေသူများ





ဓာတ်ပုံသတင်း၊ အင်တာနက်
ဇွန် ၁၄၊ ၂၀၀၈
မိုးမခမှကူးယူဖော်ပြသည်။

အပြည့်အစုံသို့...