ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Tuesday, May 13, 2008

လေဘေးသင့် ဒုက္ခသည်သစ်များတိုးလာ၊ အကူပစ္စည်းများ အာဏာပိုင်တို့ ပိတ်ဆို့နေဆဲ


ပုဂ္ဂလိက အလှူရှင်များ လှိုင်သာယာမြို့နယ်တွင် ကူညီနေပုံ (ဓာတ်ပုံ မိုးအောင်တင်/ဧရာဝတီ)
ကိုသက် | မေ ၁၃၊ ၂၀၀၈

ဧရာဝတီတိုင်း မအူပင်မြို့သို့ လပ္ပတ္တာ၊ ဘိုကလေးအစရှိသည့် ဒေသများမှ လေဘေးဒုက္ခသည်များ နေ့စဉ် ၅၀ နှင့် ၁၀၀ အကြား ရောက်ရှိနေရာ ယခုအခါ ဒုက္ခသည် ၆၀၀၀ ခန့်ရှိနေပြီး မြို့ခံလူထုနှင့် ပုဂ္ဂလိကအလှူရှင်များက ကျွေမွေး စောင့်ရှောက်ထားရကြောင်း ပုဂ္ဂလိကအလှူရှင်တဦးက ဧရာဝတီကို ပြောသည်။
မအူပင်မြို့ရှိ အလယ်တန်းကျောင်း အမှတ် (၁)၊ အထက်တန်းကျောင်း အမှတ် (၁) အမှတ် (၂)၊ ဗောဓိကျောင်းတိုက်နှင့် မြို့လယ်ကျောင်းတိုက်တို့တွင် မြို့ခံလူထုက ဒုက္ခသည်စခန်းဖွင့်ထားကြောင်း သိရသည်။

“အာဏာပိုင်က မကူညီတဲ့အပြင် တနင်္ဂနွေ နေ့လယ်ပိုင်းက ဒိုက်ဦးကနေ ဒုက္ခသည်တွေကိုဝေဖို့ ၈ ဘီးကားကြီးနဲ့ ရေ၊ ဆန်နဲ့ ပစ္စည်းတွေ လာလှူတယ်။ အဲဒါကို ဗောဓိရပ်ကွက်က ရယက လူကြီး ဦးမျိုးဝင်းက မလိုအပ်ဘူး ပြောလွှတ်လို့ အဲဒီကား ကြီးက ဘာမှမလှူဘဲ ပြန်သွားတယ်။ အဲဒါ ဒိုက်ဦးမြို့က ပုဂ္ဂလိကအလှူရှင်တွေ လာလှူတာ” ဟု ရန်ကုန်မှသွားရောက် လှူဒါန်းခဲ့သူတဦးက ပြောသည်။

မအူပင်မြို့ရှိ ကြံ့ဖွံ့အဖွဲ့၏တာဝန်ရှိသူ ဦးမြင့်ဦးက PMG ကုမ္ပဏီက လာရောက်လှူဒါန်းသည့် သောက်ရေသန့် ကားတစီးစာကို တိုင်းမှူးလာရောက်စစ်ဆေးချိန်တွင် ပြရန်ဟုဆိုကာ ဒုက္ခသည်များအားမပေးဘဲ သိမ်းဆီးထားကြောင်းလည်း ၎င်းက ပြောသည်။

“ပဲခူးတိုင်း သနပ္ပင်မြို့ကအထက်တန်းကျောင်းမှာ ခရမ်း၊ သက္ကလဘက်ကလာတဲ့ ဒုက္ခသည်တွေရှိတယ် … တိုင်းမှူးလာစစ် တဲ့အချိန်မှာ အဲဒီဒုက္ခသည်တွေကိုပေးဖို့ဆိုပြီး ဆန်တွေတင်ထားတဲ့ ဂျစ်ကားတစီး လာရပ်ထားတယ်။ တိုင်းမှူးပြန်သွားတဲ့ အချိန်မှာ ဒုက္ခသည်တွေကို လုံးဝမပေးဘဲ ပြန်မောင်းထွက်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာအနီးရှိ တော်ကူးကြီး၊ တော်ကူးလေး၊ ကျခတ်ကုန်းကြီး၊ ကျခတ်ကုန်း လေး၊ ၀က်ကိုက်နှင့် အလယ်ရွာများတွင် မုန်တိုင်းဒဏ်ကြောင့် လူနှင့် တိရစ္ဆာန်အများအပြား သေဆုံးကြပြီး ယမန်နေ့အထိ ကယ်ဆယ်ရေးများမရောက်ရှိသေးကြောင်း ကွမ်းခြံကုန်းသို့ရောက်လာသည့် ရွာခံတဦးက ပြောသည်။

“ရွာမှာရှိတဲ့ ပိုက်ဆံရှိတဲ့လူတွေက စပါးတွေကိုကြိတ်ပြီးတော့ ဆင်းရဲတဲ့လူတွေကို ကျွေးနေရတယ်။ ပိုဆိုးတာက သောက်ရေ မရှိတာအဆိုးဆုံးပါ … လူတွေတော်တော်အခက်တွေ့နေကြပြီ။ အဲဒီနေရာတွေက လမ်းပန်းဆက်သွယ်ရေး အရမ်းညံ့တယ်၊ ပင်လယ်နဲ့နီးတယ်။ ဖုန်းမရှိဘူး၊ လျှပ်စစ်မီးလည်းမရှိဘူး” ဟု အဆိုပါ ရွာခံက ပြောသည်။

၎င်းရွာများသို့ ကွမ်းခြံကုန်းမှတဆင့် ရေလမ်းကြောင်းဖြင့်သာ သွားလာ၍ရပြီး ကွမ်းခြံကုန်းမှ လက်ခုပ်ကုန်းရွာ အထိ စက်တပ်လှေငှားခသည် ကျပ် ၃၀၀၀၀ ဖြစ်ပြီး အဆိုပါရေးလမ်းခရီးတလျှောက် ယခုအထိ လူနှင့် တိရစ္ဆာန် အသေကောင် များ မျောနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ သိန်းနှင့်ချီသည့်လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးအထောက်အပံ့များကို လုံလောက် စွာမရရှိသေးသော်လည်း ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လေဘေးအကူပစ္စည်းများကို အာဏာပိုင် အဖွဲ့အစည်းများက အလွဲသုံးစားမှုများပြုလုပ်နေသည်ဟု ဒေသခံများက ဧရာဝတီကို ပြောဆိုကြသည်။

ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးဈေးတွင် စစ်ကားတစီးက ထိုင်းနိုင်ငံ ထုတ် မာမားခေါက်ဆွဲခြောက်များကို လာရောင်းသော်လည်း ဈေးသူဈေးသားများက မ၀ယ်ကြကြောင်း ဈေးသူဈေးသား များနှင့် နီးစပ်သူတဦးက ပြောသည်။

အာဏာပိုင်အဖွဲ့အစည်းများက ခိုးယူရောင်းထုတ်နေသည့် လေဘေးအကူပစ္စည်းများကို ညောင်ပင်လေးဈေးကဲ့သို့ လက်ခံ ၀ယ်ယူခြင်းမလုပ်သူများရှိသလို ဈေးပေါပေါဖြင့်လက်ခံဝယ်ယူကာ ပြန်လည်ရောင်းချနေသည့် ဈေးသည်များရှိကြောင်း လည်း သိရသည်။

ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဈေးရှိ ဆိုင်ခန်းတချို့တွင် လေဘေးအကူပစ္စည်းများ ရောင်းချနေသည်ကို တွေ့ခဲ့ ရကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“မနက်ပိုင်းတုန်းက လာသွင်းတဲ့ပစ္စည်းတွေကို ဆိုင်ပေါ်တင်ရောင်းကြတာပေါ့ … သတင်းကချက်ချင်းပျံ့သွားပြီး လူတွေက လာကြည့်၊ ဂျာနယ်သတင်းထောက်တွေက လာကြည့်ဆိုတော့ ဆိုင်ပေါ်တင်ထားတဲ့ပစ္စည်းတွေကို ဆက်မရောင်းရဲတော့ဘူး။ အကုန်ပြန်သိမ်းလိုက်ကြတယ်” ဟု ရန်ကုန်မြို့ခံက ဆက်ပြောသည်။
ဧရာဝတီ

No comments: