ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Tuesday, November 6, 2007

အထွေထွေသပိတ် မှတ်တမ်း (စက်တင်ဘာ ၂၄ - ၂၆)

စက်တင်ဘာလ ၂၆ ရက် ၂၀၀၇

ပခုက္ကူ-မကွေးတိုင်း
- နေ့လယ် ၁ နာရီခန့်က စတင်၍ ပခုက္ကူမြို့တွင် သံဃာတော်အပါး ၂၀၀၀ ခန့်က ဦးဆောင်ပြီး မြို့လုံးကျွတ် နီးပါးရှိသော ပြည်သူများ ပါဝင်ချီတက်ဆန္ဒပြကြောင်း သိရသည်။ ယင်းဆန္ဒပြစစ်ကြောင်းသည် ည နေ ၅ နာရီခန့်တွင် အေးချမ်းစွာ ရုတ်သိမ်းခဲ့သည်ဟု ပခုက္ကူမှ သံဃာတော် တပါးက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း - ယနေ့နေ့လယ်တွင် ချီတက်ဆန္ဒပြနေသည့်သံဃာတော်များကို စစ်တပ်က သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်ကာ ပရိတ်သတ်များကို မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲကြောင်း သိရသည်။

“၈၀-၃၄ လမ်းပေါ်မှာ သေနတ်ကိုမိုးပေါ်ထောင်ပစ်တယ်။ လူထုတွေကို မျက်ရည်ယိုဗုံး ၅ လုံးခွဲတယ်။ သံဃာတော် လေးငါးပါး၊ မျက်ရည်ယိုဗုံးကြောင့် မှုးသွားတယ်။ လူတွေတော့ အထိအခိုက် မရှိသေးဘူး။ သံဃာစစ်ကြောင်းတွေကတော့ ဆက်ပြီး ချီတက်နေကြတယ်။ ပရိသတ်တွေကတော့ သောင်းနဲ့ချီတယ်” ဟု မျက်မြင်တဦးက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း - နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးရှိ ဘုရားကြီး အနီးတ၀ိုက်ရှိ ထီးလင်းတိုက်၊ ဓမ္မိကာရာမ တိုက်နှင့် နန်းအရှေ့ဘက်ရှိ အောင်တော်မူကျောင်း စသည့်ကျောင်းတိုက် တို့မှ သံဃာတော် အပါး တသောင်းခန့် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“ဒီကျောင်းတွေက စစ်ကြောင်းခွဲပြီးတော့ ချီတက် ကြတာပေါ့နော်။ ဘုရားကြီးကျောင်းတိုက်ဘက်က စစ်ကျောင်းဟာ လမ်းပိတ်ထားတဲ့ကြားက အနောက် မုခ်ကနေရှောင်ပြီးတော့ ချီတက်ကြတယ်။ တချို့စစ်ကြောင်းတွေကို ၈၄ လမ်း မန်းမြို့ဈေး နားကနေ လုံထိန်းတွေကလမ်းပိတ်ထားတယ်။ ဒီနေ့က ပရိသတ်တွေ အရင်ထက် အရမ်းများတယ် … သောင်းနဲ့ချီတယ်” ဟု မန္တလေးရှိမျက်မြင်တဦးက ပြောသည်။

မြတောင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်နှင့် ၀ိသုဒ္ဒါရုံကျောင်းတိုက်တို့ရှိရာလမ်းများတွင် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ ရဲနှင့် စစ်တပ်များ တပ်စွဲထားသည်။ သံဆူးကြိုးများနှင့် လမ်းများကို ပိတ်ထားကြောင်း သိရသည်။

အလုံမြို့နယ်-ရန်ကုန် - အလုံတွင် အပစ်ခံရသောကြောင့် သံဃာ ၃ ပါး ပျံတော်မူသည်ဟု မြို့ခံတဦးက ပြောသည်။ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် အနည်းဆုံး အရပ်သား ၂ ဦး အပစ်ခံရကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးကပြောသည်။

ယင်းအပစ်ခံရသူ ၂ ဦးထဲမှ တဦးသေဆုံးသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။

ဆက်လက်၍ စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

အလုံမြို့နယ်-ရန်ကုန် - ယနေ့ နံနက်က အလုံမြို့နယ်ရှိ ဇောတနာရာမကျောင်းတိုက်မှ သံဃာတော် ၂ ပါးကို ဆွမ်းခံ မကြွရန် ရဲများက ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ယင်းကျောင်းတိုက်မှဆရာတော်က မြို့နယ်မှူး ဦးတင့်ဝေကို သွားရောက် မေးမြန်းရာ အမိန့်အရလုပ်ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောသည်။

“အမိန့်လို့သာ ပြောတာ၊ ဘာအမိန့် ဆိုတာလည်း သေသေချာချာမသိဘူး၊ သေချာ ထုတ်ပြန်ထားတာရှိလား အဲဒီ အမိန့်စာရွက်ကို ပြလို့မေးတော့ မဖြေနိုင်ဘူး။ နောက်ဆုံးမှ ဆွမ်းခံလို့ ရပါတယ်လို့ပြောတယ်”ဟု ၎င်းဆရာတော်က ပြောသည်။

ဇောတနာရာမကျောင်းတိုက်နှင့် အောင်မင်္ဂလာကျောင်း နှစ်ကျောင်းကြားတွင်လည်း ပြင်ပနှင့် အဆက်အသွယ် မလုပ်နိုင်ရန် လုံခြုံရေ တင်းကျပ်စွာချထားသည်ဟုလည်း သိရသည်။

မိုးညှင်းမြို့-ကချင်ပြည်နယ် - ယမန်နေ့ည ၁၀ နာရီ ခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ သံဃာတော် ၁၂ ပါးခန့်ကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများတွင် သံဃာတော်များမှာ ပျော်ဘွယ်ကျောင်းတိုက်မှ ဦးစံဒေါ၊ ဇိနလင်္ကာရ ကျောင်းမှ ဦးသီဟရာန၊ တတ်ကုန်းကျောင်းမှ ဦးဥတ္တရနှင့် ဦးသိက္ခာတို့ပါဝင်သည်ဟု ဒေသခံတဦးကပြောသည်။

ယမန်နေ့က သံဃာတော်များ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပြီးနောက် အာဏာပိုင်များက မိုးညှင်းတမြို့လုံး တယ်လီဖုန်း လိုင်းများဖြတ်ထားသောကြောင့် ယခုသတင်းကို တခြားမြို့မှ တယ်လီဖုန်းဖြင့် ပြောရကြောင်း အထက်ပါ ဒေသခံက ဧရာဝတီသို့ပြောသည်။

မိုးကုတ်မြို့-မန္တလေးတိုင်း - ယမန်နေ့ညက အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် ကိုမင်းသူ၊ မပွင့်ဖြူနှင့် မသင်းသင်းတို့ ၃ ဦး အဖမ်းခံရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများမှတဆင့်သိရသည်။့

မန္တလေး-မန္တလေးတိုင်း - နေ့လယ် ၁၂ နာရီ ၀န်းကျင်က မန္တလေးမြို့ မြတောင်ကျောင်း၊ ဘုရားကြီးကျောင်းတိုက်၊ မစိုးရိမ် ကျောင်းတိုက်၊ ဦးပွားဘုရား စသည်တို့တွင် စစ်တပ်နှင့်လုံထိန်းရဲ များက သံဃာတော်များ ထွက်ခွင့်မရရန် ကျောင်းပတ်လည်ကိုဝိုင်းထားသည်ဟု မျက်မြင်များက ပြော သည်။

ဘုရားကြီးမြောက်ဘက် ကွင်းပြင်တွင်လည်း စစ်တပ်၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကို ကွင်း အပြည့်ချထားပြီး ရွေကျီးမျှင် ဘုရားအနှီးတွင် တပ်မ ၉၉ ကို ချထားသည် ဟုလည်း သိရ သည်။ လူစည်းကားရာ အရပ်များတွင်လည်း ရဲများကို ချထားသည်ဟု ဆိုသည်။

“ဘုရားကြီးကျောင်း တောင်ဘက် အာနန္ဒာဘုရားမှာလည်း သံဃာတော်တွေက စာကပ်ထားတယ်၊ စာထဲမှာ “သပိတ်မှောက် ထားသည် လက်နက်ကိုင်များ ဖြတ်သန်းသွားလာခွင့် မပြု” လို့ စာရေး ကပ်ထားတယ်” ဟု မျက်မြင်တဦးကလည်း ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် အသက် ၂၅ နှစ်ခန့်ရှိသော လူ ၃၀ ခန့်ကို အောင်မြေသာဇံ ရှိ ကြံ့ဖွံ့ရုံးတွင် နံပတ် ၇က/၉၁၉၉ ကားဖြင့် လာရောက်ချသွားကြောင်း သိရသည်။

ရန်ကုန် - ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် သံဃာတော်အပါး ၅၀ ခန့်ကို လုံထိန်းများက ရိုက်နှက်၍ မျက်ယိုဗုံးများဖြင့် ပစ်ခတ် ဖြိုခွဲကြောင်း မျက်မြင်များက ပြောသည်။

ရွှေတိဂုံ အလယ်ပစ္စယံတွင်လည်း သံဃာအပါး ၅၀၀ ခန့်နှင့်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရသည်။

ရေတာရှည်လမ်းဘက်တွင် ပိတ်မိနေသူတဦးက ရွှေတိဂုံဘုရားဘက်တွင် မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်သည်ကိုမြင်ရသည်ဟု ပြောသည်။ ယင်းပိတ်မိနေသော သံဃာများနှင့် ပြည်သူများက မေတ္တာသုတ်များ ဆက်လက်ရွတ်ဆိုနေကြောင်း သိရသည်။

ယင်းသို့ မျက်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲစဉ် အမေရိကန် သံရုံးမှ ကားတစီးရောက်လာသည်ဟုလည်း ဆိုသည်။

ရန်ကုန် - ညတနာရီတွင် လူရွှင်တော် ဇာဂနာ၏နေအိမ်ကို ရှာဖွေပုံစံဖြင့် ၀င်ရောက်ရှာဖွေကာ ည ၂ နာရီကျော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သူ၏လက်ကိုင်ဖုန်းကိုလည်း အာဏာပိုင်က သိမ်းထားလိုက်သည်ဟုလည်း သိရသည်။

အမျိုးသားရေး ဦးဝင်းနိုင်ကိုလည်း ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညတွင် စစ်အစိုးရက ည ၉ နာရီမှ မနက် ၅ နာရီအထိ ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို သံဆူးကြိုး ၃ ထပ်ဖြင့်ပိတ်ထားလိုက်ပြီး စက်သေနတ် တလက်လည်း တပ်ဆင်ထားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် လုံထိန်းရဲ၊ စစ်သား ၁၀၀ ကျော်နှင့် ဘုရားပေါ်တွင် ၅၀၀ ကျော်ကို လုံခြုံရေးချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

မန္တလေး-မန္တလေးတိုင်း - ယမန်နေ့ ညပိုင်းတွင် မန္တလေးမြို့မှ ဆန္ဒပြချီတက်ရာ၌ ပါဝင်အားပေးသူ အနည်းဆုံး ၄ ဦး ခန့်ကို စစ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ည ၂ နာရီခန့်က လူရွှင်တော် ပါပါလေးအပါအ၀င် အန်အယ်လ်ဒီပါတီမှ မန္တလေး အနောက်မြောက်မြို့နယ် လွှတ်တော် အမတ် ဦးတင်အောင်၊ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးခင်မောင်သောင်း၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်နှင့် အနောက်တောင် မြို့နယ် လွှတ်တော်အမတ် ဦးမျိုးနိုင်တို့ကို ဖမ်းဆီးသွားကြောင်း မန္တလေး အန်အယ်လ်ဒီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက် အရ သိရသည်။

အန်အယ်လ်ဒီမှ ဖမ်းဆီးခံရသူများသည် အဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ဆန္ဒပြသံဃာများ ဆွမ်းကွမ်းဝေရာဝစ္စအတွက် စည်းရုံး အလှူခံသူများဖြစ်ပြီး လူရွှင်တော် ပါပါလေးသည်လည်း သံဃာတော်များအတွက် အလှူခံ ဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

မန္တလေး အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုကျော်စွာဦး၏ အခန်းကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေ၍ စာရွက်စာတမ်း အထောက်အထားတချို့ကို သိမ်းဆည်းသွားသည်ဟု သိရသည်။

လက်ရှိအခြေအနေအရ မန္တလေးတွင် ယမန်နေ့ညက စစ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပြီး မြို့အနှံ့တွင် စစ်သားများက စောင့်ကြပ်နေသည်။

စက်တင်ဘာလ ၂၅ ရက် ၂၀၀၇

ရန်ကုန်မြို့
- ယနေ့ ဆန္ဒပြ သံဃာတော်များသည် ညနေ ၄း ၃၀ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ ပြန်လည်စု၍ မေတ္တာသုတ် ရွတ်ဆို လမ်းခွဲလိုက်ကြောင်း သိရသည်။

“ဒီနေ့ ရွေတိဂုံကို လက်ယာရစ်တပတ် ပတ်တယ်၊ အရှေ့ဘက် က ပြန်ဆင်း ပြီးတော့ ဆူးလေးဘုရားဘက် သွားတယ်၊ ဆူးလေးဘုရား မှာ အစိုးရသတင်းစာထဲက သံဃာတော် အစစ်က ၂ ရာခိုင်နှုန်းပဲပါတယ် ဆိုတာ ကို ဦးပဉ္ဖင်းတို့ ခေါင်းဆောင်တွေ ကနေပြီးတော့ သံဃာ အစစ်လား အတုလားလို့မေးတယ်၊ နောက် က ဦးပဉ္ဖင်းတွေ က သံဃာ အစစ် ပါ ဆိုပြီး ထောက်ခံ ကြွေးကြော်တယ်” ဟု ဆန္ဒပြ ချီတက် ခဲ့ရာတွင်ပါဝင်ခဲ့ သည့် သံဃာတော် ဦးအာဒိစ္စ က ရောဝတီကို ပြောသည်။

လိုက်ပါအားပေးသည့် ပြည်သူ သိန်းကျော်ပါဝင်ပြီး သောင်းနှင့်ချီသော သံဃာတော်များ ဆန္ဒပြ ချီတက်ရာ လမ်းတွင် သံဃာအတုဟုယူဆရသည့် သံဃာ ၇ ပါးခန့်တွေ့ရကြောင်း၊ သို့သော် သံဃာအစစ်က သံဃာ အတု ကိုခွဲခြားနိုင်ပြီး ဦးဆောင်သည့် သံဃာတော်များက စည်းကမ်းထိန်းသိမ်းမှု ကောင်းသောကြောင့် ယင်း သံဃာအတုများ မည်သည့် လှုပ်ရှားမှု ကိုမျှပြုလုပ်၍ မရဟုလည်း ၎င်းက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း - နေ့လယ် ၁၁နာရီခန့်တွင် ဘုရားကြီးကျောင်းတိုက်ရှိ တိုက်ပေါင်းစုံ၊ မြတောင်ကျောင်း၊ အိမ်တော်ရာ တိုက်၊ မြို့သစ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ နန်းရှေ့ဘက် ကျောင်းတိုက်၊ ဒက္ခိဏရာမ ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၁၀၀၀၀ ကျော် ချီတက် ဆန္ဒပြသည်ဟု သိရသည်။

“ကျောင်းတိုက်တွေအားလုံးက ထွက်ချိန်တော့ မတူဘူး၊ အစောပိုင်းမှာ ဘုရားကြီး ကျောင်းတိုက်က အပါး ၃၀၀၀ ကျော်၊ မြတောင် က ၅၀၀ ကျော်၊ အခြားတိုက်တွေ သူ့အဖွဲ့နဲ့သူ ထွက်ပါတယ်။ ကျနော်တို့ မန္တလေး အရပ်စကားလို ပြောရရင် လေးပြင် လေးရပ်စုံအောင် ထွက်ပါတယ်” ဟု မန္တလေးမှ မျက်မြင်တဦးက ပြောသည်။

ဆန္ဒပြသံဃာများ ဈေးချိုနှင့် ဘုရားကြီးအရောက်တွင် လိုက်လံအားပေးသော ပြည်သူ ၁၀၀၀၀ ကျော်ရှိသည် ဟုလည်း သိရသည်။

မိုးညှင်းမြို့- ကချင်ပြည်နယ် - နေ့လယ် ၁နာရီ ခန့်တွင် မိုညှင်းမြို့ရှိ ပညာရောင်ခြည် ကျောင်းတိုက်မှ သံဃာတော် အပါး ၅၀ ကျော်သည် ပထမ အကြိမ် ဆန္ဒပြ ချီတက်သည် ဟုသိရသည်။

“ဒီနေ့သံဃာတော်တွေ ချီတက်မယ်ဆိုတာကို ပြည်သူတွေ က မသိကြဘူး၊ တချို့သိလို့ ထွက်လာတဲ့ သူတွေတောင် မမီတော့ဘူး၊ သံဃာတော်တွေ ချီတက်တဲ့ လမ်းက လူနေအိမ်တွေကျဲတော့ အားပေးတဲ့သူတွေ နည်းတယ်” ဟု မိုးညင်းမြို့ခံတဦးက ပြောသည်။

အဆိုပါ သံဃာတော်များဆက်လက်ချီတက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

မိုးညှင်းမြို့တွင် ပညာရောင်ခြည် ကျောင်းတိုက်နှင့် အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက် စသည့်ကျောင်း နှစ်ကျောင်း ရှိရာ သံဃာ အပါးပေါင်း ၂၀၀ ခန့်ရှိသည် ဟုသိရသည်။

ဗန်းမော်မြို့- ကချင်ပြည်နယ် - ယနေ့ နေ့လယ် ၁နာရီ ခန့်တွင် ဗန်းမော်မြို့ရှိ သိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် မှ သံဃာတော် အပါး ၂၀၀ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည်ဟု သိရသည်။

သံဃာတော်များနှင့်အတူ ချီတက်ဆန္ဒပြရန် ကျောင်းဝမှ စောင့်နေကြသော ဗန်းမော်ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်တချို့ကို စည်းကမ်းထိန်းသိမ်းရေး ဆရာတော်က လိုက်ခွင့်မပေး ကြောင်း ဗန်းမော် ဒေသခံတဦးက ပြောသည်။

ယင်း ဆန္ဒပြသံဃာတော်များသည် ဗန်းမော်တမြို့လုံးသို့ ဆက်လက် ချီတက်နေဆဲ ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန် - စီအာပီပီ ကြေညာချက်ထုတ်ပြန် အချက် ၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၎င်းအချက်များမှာ သံဃာတော်များဦးဆောင်နေသည့် လှုပ်ရှားမှုတွင် ပြည်သူတရပ်လုံးက ပူးပေါင်း ပါဝင်သည့်အပေါ် ၀မ်းသာ ဂုဏ်ယူကြောင်း၊ လှုပ်ရှားမှုကို တဆင့်ပြီးတဆင့် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် သံဃာတော်များ၏ ဦးဆောင်မှုနှင့်အတူ ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များအပါအ၀င် အလွှာအသီးသီးမှ ပြည်သူလူထုတရပ်လုံး ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် ပေးစပ်ကြရန်တို့ ဖြစ်သည်။

ရန်ကုန် - နေ့လယ် ၁ နာရီ ခန့်က သံဃာတော် အပါး ၅၀၀၀ ခန့်သည် ရွှေတိဂုံဘုရားမှ စတင်ထွက်ခွာ၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြအဖွဲ့သည် ဆူးလေဘုရားသို့ ဦးတည်သွားရောက်ကာ သံဃာများက တရားဟောသည်ဟု မျက်မြင်များက ပြောသည်။

ယင်းဆန္ဒပြအဖွဲ့သို့ ၂၀၀ ခန့်ရှိသည့် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ထောင်နှင့်ချီသော ပြည်သူများက ပူးပေါင်း ပါဝင် ဆန္ဒပြကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း - နံနက်အစောပိုင်းတွင် မန္တလေးရတနာဘုံမိ တက္ကသိုလ်အနီးတွင် စစ်တပ်ကတပ်စွဲ ထားသည်ဟု သိရသည်။

နံနက်ပိုင်းတွင် မန္တလေးတိုင်းမှုးကိုယ်တိုင် အစောင့်အပြည့်နှင့် ၎င်းတပ်စွဲသည့်နေရာကို သွားရောက်ကြည့်ရှု ပြီးနောက် မစိုးရိမ်ကျောင်းတိုက်ဘက် ဆက်သွားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။

“ရယက ရုံးတွေမှာစာကပ်တယ်။ စာထဲမှာ လူနဲ့ကျောင်းသူကျောင်းသားတွေ အပြင်မထွက်ဖို့်၊ မပါဝင်ကြဖို့ ပါရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပါတယ်”ဟု၎င်းက ပြောသည်။

လမ်းမများတွင် အာဏာပိုင်က ဖြန့်ဝေသည်ဟု ယူဆရသောစာများကို မိုးမလင်းချိန်ကတည်းက ဖြန့်ဝေထားကြောင်း သိရသည်။ စာပါအကြောင်းအရာမှာ ဆူပူမှုဖြစ်ပွားပါက အခြားဘာသာဝင်များထက် ဗုဒ္ဓဘာသာဝင်များသာ ပိုမိုဒုက္ခရောက်ကြမည်ဟု ရေးသားထားသည်။

အမေရိကန်နိုင်ငံက မြှောက်ပင့်ပေးသည်များကို လိုက်မလုပ်ရန်လည်း ၎င်းစာတွေင် ရေးသားထားသည်။

“စစ်ကား ငါးစီးဆီ၊ လက်နက်အပြည့်အစုံ ... လယ်ပင်းမှာ အ၀တ်နီပတ်နဲ့ စစ်ကားတွေ ကျုံးတ၀ိုက်နဲ့ ဘူတာဘက် ပတ်သွားနေတယ်” ဟု မန္တလေးရှိ မျက်မြင်တဦးက ပြောသည်။

ရန်ကုန် - အသံချဲ့စက်တပ်ထားသည့် အာဏာပိုင်ကားများက လမ်းမများပေါ်တွင်မည်သူမှ မစုရုံးရန်နှင့် စုရုံးပါက အရေးယူမည်ဖြစ်ကြောင်း လိုက်အော်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

သက်ဆိုင်ရာ မယက များက ရန်ကုန်မြို့အနှံ့အပြားရှိ လူနေရပ်ကွက်များတွင် ကားများဖြင့် လိုက်အော်ခြင်းကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက် ၂၀၀၇


မန္တလေးမြို့-မန္တလေးတိုင်း
- ယနေ့ နံနက် ၈နာ ရီ မှ စတင်သော ပြည်သူလူထုအပါအ၀င် သံဃာတော် အပါး သောင်းချီသည့် ဆန္ဒပြသူများသည် ယခုအချိန်ထိ ဆက်လက်ချီတက် ဆန္ဒပြနေသည် ဟုသိရသည်။

တမြို့လုံးတွင်ရှိသော ကျောင်းတိုက်မှ အချိန်နှင့်အမျှ တဖွဲဖွဲထွက်၍ ဆန္ဒပြ ချီတက်နေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“အခုဘုရားကြီးလမ်း ၈၄လမ်း ၊ ၃၈လမ်း မှာ ဆက်လက် ချီတက်နေတယ်၊ ပြည်သူတွေကလည်း လိုက်လံကြည့်ရူ အားပေးနေတယ်” ဟု ၎င်းကပြောသည်။

ပိတ်စ အနီပေါ်တွင် ငွေရောင် စာတန်းနှင့် စာဝတ်နေရေး ပြေလည်ရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်ဖြင့် ရေးထားကြောင်း၊ မဟာမြတ်မုနိပုံတော်ကိုလည်း ရှေ့ဆုံးတွင် ကိုင်ဆောင် လာကြောင်း၊ သပိတ်မှောက်ကိုင် ထားပြီး သာသနာ့ အလံကိုင်ဆောင်ထားကြောင်းလည်း မန္တလေး မြို့ခံ မျက်မြင်တဦးက ပြောသည်။

သံဃာတော်များ၏ နောက်တွင် အဖြူအစိမ်းဝတ် ကျောင်းသားများ၊ ပင်နီအင်္ကျီ ၀တ်၍ ခမောက် ဆောင်းထားသူများလည်း လိုက်ပါလာကြောင်း သိရသည်။

အမရပူရ-မန္တလေးတိုင်း - နေ့လယ် ၁၂ နာရီ ခွဲ မှ ၂ နာရီ အထိ တွင် မဟာဂန္ဓာရုံ ကျောင်း၊ သုမောင်ကျောင်းများမှ သံဃာတော် အပါး ထောင်ချီ ဆန္ဒပြ ချီတက်သည်ဟု သိရသည်။

ယင်းဆန္ဒပြပွဲသို့ ပင်နီအင်္ကျီဝတ်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀ ဦးခန့် သံဃာတော်များ နောက်မှလိုက်၍ ချီတက်ကြပြီး ပြည်သူများက သံဃာတော်များကို ဖျော်ရည်များ၊ သောက်ရေများ ဆက်ကပ်သည်ဟု မျက်မြင် တဦးကပြောသည်။

ရွှေဘို-စစ်ကိုင်းတိုင်း - ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ သံဃာတော် အပါး ၈၀ ခန့်က မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြကြောင်း မျက်မြင် တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာများကို မြို့လူထုက သောက်ရေနှင့် အစားအသောက်များ ကပ်လှူသည်ဟုလည်း သိရသည်။

စစ်တွေ-ရခိုင်ပြည်နယ် - နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော် အပါး ၂၀၀၀၀ ခန့်က ဦးဆောင်သည့် မြို့လုံးကျွတ်ခန့် ရှိသော ပြည်သူလူထု ၁ သိန်းခန့် ငြိမ်းချမ်းစွာပါဝင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

ဆန္ဒပြ သံဃာတော်များနှင့်အတူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် ဆန္ဒပြသမားများက မေတ္တာသုတ်များရွတ်ဆိုကြကြောင်း၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆိုကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးက ပြောသည်။

ယင်းဆန္ဒပြပွဲကို အာဏာပိုင်များက ဟန့်တားနှောင့်ယှက်မှု လုံးဝမရှိဟုလည်း ၎င်းကပြောသည်။

ရန်ကုန် - ရန်ကုန်ရှိ ချီတက်ဆန္ဒပြပွဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် ၁၅၀ ခန့် ပူးပေါင်းဆန္ဒပြလျက်ရှိသည်။

၎င်း ၁၅၀ တွင် လွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်ပြီး အန်အယ်ဒီအလံနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဟူသည့် ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားသည်။

မော်လမြိုင်-မွန်ပြည်နယ် - ယနေ့နေ့လယ် ၁ နာရီခန့်က မော်လမြိုင်မြို့ရှိ သံဃာတော် အပါး ၁၀၀၀ ခန့်သည် သာသနာ့ အလံများနှင့် သပိတ်ကိုမှောက်ပြီး ကိုင်ဆောင်၍ မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း မျက်မြင်တဦးက ပြောသည်။

ဆန္ဒပြ လမ်းတလျှောက်ရှိ မြို့လူထုက သံဃာတော်များကို သောက်ရေသန့်ဘူးများ၊ ကွမ်းယာများ ကပ်လှူ၍ အားပေးကြကြောင်း သိရသည်။

ဗန်းမော် - ကချင်ပြည်နယ် - ယနေ့နံနက် ၆ နာရီမှ ၈ နာရီအထိ ဗန်းမော်မြို့မှ သံဃာတော် အပါး ၂၇၀ ခန့်သည် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော် တပါးကပြောသည်။

ရှေ့ဆုံးမှ ဆန္ဒပြ သံဃာတော်များက သာသနာ့အလံနှင့် သပိတ်တလုံးကို မှောက်၍ကိုင်ဆောင်ထားသည်ဟု လည်း ၎င်းက ဆိုသည်။

အာဏာပိုင်များက တနင်္ဂနွေနေ့ကပင် လုံခြုံရေးများချထားပြီး ယနေ့တွင်လည်း ဆန္ဒပြသံဃာတော်များနောက်မှ လိုက်လံကြည့်ရှုနေသည်ဟု သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း - ညနေ ၃ နာရီခွဲတွင် သံဃာအပါး ၃၀၀၀ ကျော်နှင့်အတူ ပြည်သူလူထု တသိန်းကျော်ပူပေါင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် ရွှေမော်ဓောဘုရားမှတဆင့် မြို့ပတ်ချီတက်လျက်ရှိပြီး မေတ္တာသုတ်ရွတ်ဆိုကြကြောင်း သတင်းရရှိသည်။

မိုးကုတ်-မန္တလေးတိုင်း - မိုးကုန်မြို့တွင် သံဃာတော်များဦးဆောင်ကာ ပြည်သူလူထုတသိန်းကျော်ပါသည့် ချီတက်ဆန္ဒပြပွဲပြုလုပ်ကြောင်း သိရသည်။

မြို့လုံးကျွတ်ဆန္ဒပြခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

စစ်ကိုင်းမြို့- စစ်ကိုင်းတိုင်း - နေ့လယ် ၁ နာရီ ခန့်တွင် စစ်ကိုင်းမြို့ရှိ ကျောင်းပေါင်းစုံနှင့် ကျောင်းတိုက်ငယ်များ ဖြစ်သည့် ဘုန်းစိုးကျောင်း၊ပေပင်ကျောင်း၊ သိတာရုံ ကျောင်းများမှ သံဃာတော် အပါး ၁၀၀၀ ကျော် ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“ဈေးသစ်နားအရောက်မှာ လူထုတွေက အားပေးထောက်ခံကြတယ်၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး တို့အရေးဆိုပြီး ပြည်သူတွေက အော်ကြတယ်”ဟု စစ်ကိုင်းမြို့မှ ဒေသခံတဦးက ပြောသည်။

ရွှေစည်းခုံဘုရား အနီးတွင် အန်အယ်လ်ဒီ အဖွဲ့မှ ဖျော်ရည်နှင့် လင်ဇီးလိမ်းဆေးများ ကပ်လှူသည် ဟုလည်း ၎င်းကဆိုသည်။

ပဲခူးမြို့ - ပဲခူးတိုင်း - ယနေ့နေ့လယ် ၁ နာရီ တွင် ပဲခူးမြို့မှ သံဃာတော် အပါး ၄၀၀ ကျော်သည် မေတ္တာသုတ်ရွတ်ဆို၍ ဆန္ဒပြချီတက်သည်ဟု ဒေသခံများကပြောသည်။

ဆန္ဒပြချီတက်သည့် လမ်းတလျောက် လမ်းဘေး ၀ဲ၊ ယာမှလည်း ရာနှင့်ချီသော သံဃာတော်များ ဆက်လက် ချီတက် လိုက်ပါကြောင်း၊ ၃၀၀၀ ခန့်ရှိ မြို့လူထုကလည်း သံဃာတော်များ နောက်မှလိုက်ပါ ချီတက်နေကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။

ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။

သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။

“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။

ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။

မုံရွာမြို့-စစ်ကိုင်းတိုင်း - ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။

ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - သံဃာတော်များ အန်အယ်လ်ဒီ ရုံးရှေ့တွင် ပရိတ်ရွတ်အပြီး ရုံးအတွင်း၌ အစည်းအဝေးလုပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်လူငယ်များထွက်လာကာ ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းသည်ဟု ဆန္ဒပြပွဲတွင်
ပါဝင်သူတဦးက ဧရာဝတီကို ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပြီ။ အန်အယ်လ်ဒီ အလံထောင်ပြီး လိုက်လျှောက်တာ။ အခုဗားကရာထိပ်ကို ရောက်နေပြီ လှည်းတန်းကိုသွားနေတာ” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြစစ်ကြောင်းသည် ကြည့်မြင်တိုင် ဘားကရာထိပ်မှ မြေနီကုန်းလမ်းစုံအထိ ရှည်လျှားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) - နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။

“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် - ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး
ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြ လိမ့်မယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဧရာဝတီမှ ကူးယူဖော်ပြသည်။

No comments: