ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Sunday, December 2, 2007

အသက် ၈၈ ဖိုးသက်ရှည် ဗိုလ်ချုပ်ကျော်ဇော … သို့

ဘိုးသက်ရှည်ပေါ့
ထိုစဉ်က ၁၉ နှစ်သား
၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့
ဗိုလ်အောင်ကျော်တို့နဲ့အတူ
ကျောင်းသားလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့
ယ္ခုအသက် ၈၈ နှစ်
သမိုင်းခေတ်တွေထဲမှာ
နှစ်ပေါင်း ၆၉ နှစ်တိုင်စွာ ဖြတ်နေဆဲလေ … ။
နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေး
ဖက်ဆစ်တော်လှန်ရေး
ဒီမိုကရေစီရေး၊ လွတ်လပ်ရေး
ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး …
အို … အဘ ဘိုးသက်ရှည်
ဗိုလ်ချုပ်ရဲ့ သင်္ကေတအမှတ်အသား
ခုခေတ် ဘယ်သူများရထားဘူးပါလိမ့်
အဘ ဘိုးသက်ရှည်တယောက်သာ
ယ္ခုအခါရှိတော့ ။

ကျနော်တို့ခေတ်ရဲ့
ဗမာပြည်ရဲ့ ကျက်သရေဆောင်ဟာ
ဖိုးသက်ရှည် ဗိုလ်ချုပ်ပါ

ဟိုစဉ်ထဲက အမျိုးသားလွတ်မြောက်ရေးတပ်ခေါင်းဆောင်
ပြည်သူ့တပ်မတော်ခေါင်းဆောင်
အမျိုးသားနိုင်ငံရေးခေါင်းဆောင်
ဒီမိုကရေစီ ငြိမ်းချမ်းရေးခေါင်းဆောင်
အဘ ဗိုလ်ချုပ်ဟာ
ဗမာပြည်ရဲ့ ကျက်သရေဆောင်ပါ
တနာရီ အသက်ရှည် ကျန်းမာနေသမျှ
တိုင်းပြည်မှာ ကျက်သရေ တနာရီတိုးစွ
ဒီမျှကျက်သရေဆောင်ပါတယ်
ဗမာပြည်ရဲ့ ကျက်သရေဆောင်ဟာ
ဖိုးသက်ရှည် ဗိုလ်ချုပ်ပါ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူတကွ
ငြိမ်းချမ်းရေးဗိသုကာအဖြစ်
စူးစူးနစ်နစ်ထမ်းရွက်ဦးဆောင်ခဲ့
အိုဘဲ့ … ငြိမ်းချမ်းရေးဗိသုကာ။

လူထုနှစ်သက်လိုလားကြ
လှပအေးချမ်းငြိမ်းချမ်းရေး
အုပ်စိုး ယုတ်မာသူတို့ ဘေးဖယ်ထားခဲ့
စစ်အုပ်စုက ပိုလို့ဘေးဖယ်ထားခဲ့
ဒါနဲ့ … ဒီမိုကရေစီငြိမ်းချမ်းရေးအတွက်
လက်နက်ကိုင်တော်လှန်ရေးခရီးဖောက်
မိခင်ပါတီသို့ပြန်ရောက်လာ
စစ်အာဏာရှင်စနစ်
ဖျက်သိမ်းစစ်မှာ၊ ဖိုးသက်ရှည်ဗိုလ်ချုပ်ပါဝင်ခဲ့ရ။

ဆယ်စုနှစ်
ရာစုနှစ်တွေရဲ့
စော်ကားမိုက်ရိုင်းတဲ့ခေတ်ရဲ့
လေးလံတဲ့ဝန်ထုတ်ဝန်ပိုး
အဘ ဖိုးသက်ရှည်
ခါးကျိုးမတတ် ခါးကိုင်းအောင်ထမ်းသယ်နေခဲ့
ကျနော်တို့လူငယ် လူကြီးတွေ
ပြည်သူတွေ
အဘ ဘိုးသက်ရှည်ကို အားနာနေမိပေါ့။

အတုယူအားကျမိ
ပီတိနဲ့ဆွတ်ပျံ့မိ
အားနာကြေကွဲလှစွာ
စာနာငဲ့ညှာမိပေါ့ အဖဗိုလ်ချုပ်ရယ်
ငါတို့
ပုခုံးပြောင်းတာာဝန်ယူကြရမယ်
တော်လှန်ရေးကို လက်ဆင့်ကမ်းယူရမယ်
အဘလိုခါးကုန်းအောင်ထမ်းကြရမယ်
စစ်ကျွန်ဘ၀လွတ်မြောက်ရေး
အဘဖိုးသက်ရှည်လမ်းပြပေးခဲ့ပြီပဲ
ကျနော်တို့ အရဲဝံ့ဆုံးချီတက်တိုက်ဖျက်ရမယ်
ကတိပြုပါတယ် အဖဗိုလ်ချုပ်

စစ်အာဏာရှင်ဟာ
ဗမာပြည်နိုင်ငံရေး နောက်ဖေးပေါက်က၀င်လာ
မည်းနက်တဲ့ အတောင်ပံတွေနဲ့ ဖြန့်အုပ်ဖိစီး
စစ်မီးတွေတောက်လောင်စေခဲ့ …။

ဖက်ဆစ်စစ်အုပ်စုဟာ
သူတို့ကိုယ်သူတို့
မီးသတ်သမားကောင်းတွေထင်မှတ်ထားပုံပဲ
ဒါပေမယ့်လဲ … ဗမာပြည်ကိုမီးတင်ရှို့နေကြ …။

စည်းလုံးညီညွတ်မှု
ဘာတခုမှ မပြိုကွဲစေရေး … ဆိုဆိုပြီး
ဖိနှိပ်ရေး စစ်ဖနောင့်နဲ့ ဖြိုဖျက်နေခဲ့
ခြေမွှပစ်နေခဲ့ …

အဲဒီစစ်မီးတောက်
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးခြေဖ၀ါးအောက်
ငြိမ်းပျောက်စေရမယ် …
ဒီစစ်မီးတောက်
ဒီမိုကရေစီလူထုအာဏာလက်အောက်မှာ
ငြိမ်းပျောက်စေရမယ် …

ငြိမ်းချမ်းရေးဗိသုကာ
တော်လှန်ရေးသမားကြီး အဘဖိုးသက်ရှည်ထံက
အရယူခဲ့ကြပြီပဲ
လမ်းပြအတွေးအခေါ် သတ္တိခွန်အား
ခမ်းနားတဲ့ စိတ်ဓာတ်တွေ
စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့
တတ်ဆင်ခဲ့ကြ
အဘ ဖိုးသက်ရှည် ဗိုလ်ချုပ်ရဲ့
အလွန်ခမ်းနားတဲ့ဇွဲလုံ့လ

တိုင်းပြည်ကိုချစ်တဲ့
လူမျိုးကိုချစ်တဲ့
အဖိနှိပ်ခံပြည်သူတွေကို သိတ်ကိုချစ်ခင်လေးစား
သနားတတ်တဲ့၊ ကြင်နာလွန်းတဲ့
အဘ ဖိုးသက်ရှည်ရဲ့အသဲနှလုံးကို
ကျနော်တို့ ယူကြုံးထားခဲ့
ဝတ်ဆင်ခဲ့ပါပြီ။

ဗိုလ်ချုပ်ရဲ့
တော်လှန်ရေးသမားဘဝ
မြင့်မြတ် မွန်ရည်တဲ့အဲဒီအလှကို
ကျနော်တို့ဘ၀ အသဲနှလုံးထဲ၊
တစုထဲ ဓာပနာပြုလိုက်ကြ၊ ပန်ဆင်ဦးခိုက်လိုက်ကြ
အဘရဲ့ ကျေးဇူးအထပ်ထပ်ကို
ကျနော်တို့ အဲဒီနည်းနဲ့
ပေးဆပ်နေကြပါပြီ။

အဘဗိုလ်ချုပ် ဖိုးသက်ရှည်
ကျန်းခံသာလို့ မာပါစေ
အသက်ရာကျော်ရှည်ပါစေ
တိုင်းပြည်ငြိမ်းချမ်းတဲ့ ခေတ်နဲ့
တိုးရမည်မှာမလွဲပေ။ ။

မောင်စိုးချိန်
နိုဝင်္ဘာ ၂၇၊ ၂၀၀၇

No comments: