ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, November 26, 2007

ရန်ကုန်တွင် လျှပ်စစ်မီးပျက်မှု ပိုမိုဆိုးရွား


မဇ္ဈိမသတင်းဌာန
Friday, 23 November 2007 20:27 - မြန်မာစံတော်ချိန်
ရန်ကုန်တိုင်းအတွင်း မြို့နယ်များတွင် လျှပ်စစ်မီးပျက်မှုသည် ယခင်ထက်ပင် ပိုဆိုးနေသဖြင့် မြို့ခံများအကြား စိတ်ညစ်ညူး နေကြရသည်။
ဗိုလ်ချုပ်ဈေး၊ တာမွေဈေး အပါအဝင် အခြားဈေး အချို့နှင့် ဆေးရုံ အစရှိသည့် နေရာများတွင်သာ လျှပ်စစ်မီး ပုံမှန်ဆိုသလို ရရှိတတ်ပြီး ကျန်ရှိသည့် မြို့နယ်နေရာ အများအပြားတွင် ပျက်လိုက်၊ လာလိုက်နှင့် ပုံမှန် မရှိသောကြောင့် အခက်အခဲများ ကြုံတွေ့နေရပုံကို ရန်ကုန် ဒေသခံများက ယခုလို ပြောဆိုကြသည်။
“ကျနော်တို့က မီးလာတယ်ဆိုပြီး ထမင်းအိုးလေး တည်လိုက်မိတယ်ဗျာ။ ထမင်းအိုး ပျက်သွားတယ်။ ကွန်ပြူတာမှာ စီဒီလေး ကူးမိပါတယ်ဗျာ၊ မီးက ပျက်ရော။ မီးလာလည်းပဲ မယုံရဘူး။ ပြန်ပျက်တာနဲ့ ဘာမှကို မလုပ်ရဲတော့ဘူး” ဟု လမ်းမတော်မြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
မြောက်ဥက္ကလာပနှင့် မြောက်ဒဂုံတွင်လည်း လျှပ်စစ်မီး အပျက်များနေပြီး ပျက်မည့်အချိန်နှင့် ပြန်လာမည့် အချိန်ကို ကြိုတင် မသိရှိဘဲ၊ ပျက်ချင်သည့် အချိန်ပျက်ကာ လာချင်သည့်အချိန် ပြန်လာနေသည်ဟု ဒေသခံတွေက ပြောသည်။
“တခါပျက်ရင် ၂ နာရီ ၃ နာရီလောက်တော့ ကြာမယ်။ ပျက်လိုက် လာလိုက်ပါပဲ။ အခုမှ ပျက်ခါစဆိုတော့ အတိအကျတော့ မပြောတတ်သေးဘူး” ဟု မြောက်ဥက္ကလာသားက ပြောသည်။
“နေ့လည် ၂ နာရီလောက်က ပြန်လာနေတာ၊ ၅ နာရီလောက်တော့ ပြန်ပျက်တော့မှာ။ ဘယ်အချိန်လာ၊ ဘယ်အချိန် ပျက်မှန်းတောင် မသိတော့ဘူး။ လာလိုက်၊ ပျက်လိုက်နဲ့” ဟု မြောက်ဒဂုံ ဒေသခံက ပြောသည်။
“သိကြတဲ့အတိုင်းပဲလေ။ မီးက မှန်တာမဟုတ်ဘူး။ တိကျတဲ့အချိန်ကို ပြောဖို့တောင် တော်တော်ခက်တယ်လို့ ဆိုရမလားပဲလေ။ အချိန်က မမှန်ပါဘူး။ လာချင်တဲ့အချိန် လာတယ်၊ ပျက်ချင်တဲ့အချိန် ပျက်တယ်လေ။ အခုတောင်မှ မီးက လာလိုက်ပျက်လိုက်နဲ့ ကွန်ပြူတာတွေတောင် ကြွကုန်တော့မယ်။ မီး မမှန်တော့ အင်ဗာတာတွေကလည်း အားမဝင်ဘူးလေ။ မီးစက်နှိုးပြန်တော့လည်း ဓာတ်ဆီက ဈေးကြီးတယ်။ တွက်ချေမကိုက်ဘူးပေါ့” ဟု တာမွေမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ပြောသည်။
လမ်းမတော် မြို့နယ်ရှိ ဒေသခံများကလည်း ယခုလို လျှပ်စစ်မီး ပုံမှန် မရသည့်အတွက် မြို့နယ် လျှပ်စစ်ဌာနသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြသော်လည်း အလှည့်ကျ မီးပေးဝေးသည့် စနစ်ကိုသုံး၍ ဖြေရှင်းပေးရန်အတွက် တိကျသည့် အဖြေ မပေးနိုင်သေးကြောင်းနှင့် အထက်ကို တင်ပြထားကြောင်း တာဝန်ရှိသူများက ဖြေကြားကြသည်ဟု ဆိုသည်။
“ကျနော်တို့က တောင်းဆိုတာပေါ့။ ရပ်ကွက်တွေအလိုက် မီးခွဲဝေပေးဖို့ ဖုန်းနဲ့ပြောတယ်။ လျှပ်စစ်ဌာနက လူတွေက သူတို့လည်း အထက်ကို တင်ပြထားတယ်ပေါ့။ အမိန့် မရသေးဘူးလို့ ပြန်ပြောတယ်။ ကျနော်တို့ မြို့လယ် ၆ မြို့နယ်တောင် အဲလိုဖြစ်နေတာ” ဟု လမ်းမတော် မြို့နယ်မှ ဒေသခံက ဆက်ပြောသည်။
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီး ပုံမှန်မရခဲ့သည်မှာ မိုးရာသီနှောင်းပိုင်း အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ ပျက်လိုက်၊ လာလိုက် ဖြစ်ခဲ့သော်လည်း လှိုင်သာယာမြို့နယ်ရှိ စက်ရုံများတွင်မူ ပုံမှန်ရရှိခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင်မူ လျှပ်စစ်ဌာနမှ လှိုင်သာယာ မြို့နယ်အတွင်းနှင့် စက်ရုံမီးများကို ညနေ ၅ နာရီမှ ည ၁၁ နာရီထိ ဖြတ်တောက်တော့မည်ဟု တရားဝင် အသိပေးစာ ပေးပို့ခဲ့သည်ဟု သိရသည်။
“စက်မှုဇုံအတွက်တော့ အီးဘီစီက တရားဝင် စာရောက်လာတယ်။ မနေ့က စာရောက်တာ။ ညနေ ၅ နာရီကနေ ည ၁၁ နာရီထိ မီးပျက်မယ်ပေါ့။ မနေ့က စပြီးပျက်တာ။ ကျနော်တို့ကတော့ စီမံရုံးဆိုတော့ စက်ရုံ ၅ဝဝ ရုံကို လိုက်အသိပေးလိုက်တာပါပဲ။ စက်ရုံတွေကတော့ များသောအားဖြင့် ကိုယ်ပိုင်မီးနဲ့ပဲ သွားကြတာပေါ့” ဟု လှိုင်သာယာ စက်မှုဇုံမှ စီမံခန့်ခွဲရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
တန်ဆောင်တိုင် မီးထွန်းပွဲရက် ဖြစ်နေသည့်အတွက် အချက်အချာကျသည့် မြို့နယ်များဖြစ်သော လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်နှင့် ဗဟန်းမြို့နယ်တို့တွင် ၃ ရက်ဆက်တိုက် လျှပ်စစ်မီးပေးမည်ဟု ကြားရသည်။
“ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ တဘက်ခါရယ်ကိုတော့ ဆက်တိုက် ၃ ရက်မီးပေးမယ် လို့တော့ ကြားထားတယ်။ တန်ဆောင်တိုင် မီးထွန်းရက်တွေဆိုတော့ ပေးတာပါ။ ဒီနေ့ အခုချိန်ထိတော့ မပျက်သေးဘူး။ ကျန်ခဲ့တဲ့ ရက်တွေမှာတော့ အရမ်းဆိုးတယ်။ တနေ့ကို ၁ နာရီလာလိုက်၊ ၂ နာရီပျက်လိုက် ဖြစ်နေတာ။ လာရင် အများဆုံးကို ၁ နာရီပါပဲ။ တခါတလေဆိုရင် ည ၁ဝ နာရီလောက်ကတည်းက ပျက်တာ၊ မိုးလင်း ၃ နာရီလောက်မှ ပြန်လာတယ်။ တနေ့လုံးမှာ ဆက်တိုက်မဟုတ်ဘူး။ ၆ နာရီလောက်တော့ ရှိမယ်” ဟု လမ်းမတော် မြို့နယ်မှ အခြား ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့တွင်လည်း မီးပျက်မှုနှုန်း များလာနေသည်။

No comments: