ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, November 26, 2007

ဗုဒ္ဓဂါယာတွင် နိုင်ငံတကာ သံဃာတော် ၁ဝဝ ကျော် ထိုင်သပိတ် ပြုလုပ်


အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသဖြစ်သည့် ဗုဒ္ဓဂါယာတွင် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ ၃ နိုင်ငံမှ သံဃာတော် အပါး ၁ဝဝ ကျော်သည် နအဖ စစ်အစိုးရမှ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေသည့်အကြောင်း ဘုရားဖူးများ သိရှိရန်အတွက် ၅ ရက်ကြာ ထိုင်သပိတ်ကို ယမန်နေ့မှ စတင်လိုက်ပြီ ဖြစ်သည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရီလင်္ကာမှ လာရောက် သီတင်းသုံးနေသော သံဃာတော် အပါး ၁ဝဝ ကျော်နှင့် နယူးဒေလီ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) အဖွဲ့ဝင်များသည် ယမန်နေ့မှ စတင်ကာ လာမည့် ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ထိုင်သပိတ်တခုကို မဇ္ဈိမဒေသ ဗုဒ္ဓဂါယာတွင် ပြုလုပ်နေကြခြင်း ဖြစ်သည်။
“မြန်မာပြည်ထဲက ဖြစ်နေတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တာပါပဲ။ ဦးသန်းရွှေက တဖက်မှာ ကုသိုလ်ကောင်းမှု လုပ်တာလိုလိုနဲ့၊ သာသနာ့ ဒါယိကာလိုလိုနဲ့ တဖက်မှာ သံဃာတော်တွေကို သတ်တယ်၊ ဘုရား ဆင်းတုတော်တွေကို ဖျက်တယ်၊ စစ်တပ်တွေကို ဘုရားရင်ပြင်တော်မှာ တပ်စွဲထားပြီးတော့ ဘုရားဖူးတွေကို မလာနိုင်အောင် လုပ်တာတွေကို ကျနော်တို့ ပြောပြနေတာပါပဲ” ဟု ABSL ဥက္ကဌ ဦးကျော်သန်းက မဇ္ဈိမကို ပြောသည်။
သည့်အပြင် ယမန်နေ့ကတည်းက စတင်ကာ ‘သန်းရွှေ နအဖ၏ မကောင်းဆိုးဝါး သာသနာဖျက်၊’ (Than Shwe - Evil Blasphemer of SPDC) ဟု စာတမ်းရေးပြီး ရဟန်းပျိုလေးကို ချုပ်နှောင်ထားပုံ၊ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဖမ်းဆီးကာ ရိုက်နှက် သတ်ဖြတ် ခံထားရသည့် သံဃာတော် နှစ်ပါး၏ ပုံများကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံနှင့်အတူ ပူးတွဲ ဖော်ပြထားသည့် ပိုစတာများကို ဗုဒ္ဓဂါယာ နေရာအနှံ့တွင် လိုက်လံ ကပ်ထားခဲ့သည်ဟု သိရသည်။
ကာလကတ္တားရှိ မြန်မာကောင်စစ်ဝန် ကိုယ်တိုင် ဘုန်းကြီးကျောင်းတိုက် တခုတွင် လာရောက်တည်းခိုကာ လှုပ်ရှားမှုကို အနှောင့်အယှက် ပေးလာပုံကို ဦးကျော်သန်းက ယခုလို ရှင်းပြသည်။
ကျနော်တို့ ရောက်တယ်ကြားတော့ ကာလကတ္တားက မြန်မာကောင်စစ်ဝန် ကိုယ်တိုင် ဘုန်းကြီးကျောင်း တကျောင်းမှာ ရောက်နေတယ်။ ဗမာဘုန်းကြီးတွေကို ခြောက်လှန့် လွှတ်နေတယ်။ သူတို့နားနီးတဲ့ ပိုစတာတွေကို ဆွဲခွာပစ်တယ်။ ကျနော်တို့ အချိန်မီ ပြန်ကပ်တာပေါ့။ သူတို့ ဆွဲခွာလို့ မရတော့ပါဘူး။ ကျနော်တို့က ဒီမှာရှိတဲ့ ရဲတွေကို အကြောင်းကြားထားပြီးပါပြီ” ဟု သူက ပြောသည်။
လာမည့် ၂၉ ရက်နေ့ ညနေ ၆ နာရီတွင် ဗုဒ္ဓဂါယာအမတ် ရာဂျစ်မာန်ဂျီး ကိုယ်တိုင် ပါဝင်မည့် ငြိမ်းချမ်းစွာ လမ်းလျှောက်ပွဲ တခုကို ဂျပန်စေတီမှ မဟာဗောဓိ စေတီကြီးအထိ လမ်းလျှောက် ချီတက်ပွဲ ကျင်းပသွားမည်ဟုလည်း သိရသည်။
မဇ္ဈိမ

No comments: