ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Saturday, November 24, 2007

ဒဂုန်မြိုသစ်ကြံ့ဖွံများလူထုဘဏ္ဍာအလွဲသုံးစားလုပ်


ကိုစိုး | နိုဝင်ဘာ ၂၃၊ ၂၀၀၇

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ရေရရှိရေးအတွက် အများပြည်သူထံမှ ကောက်ခံရယူထားသော ငွေများကို မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က အလွဲသုံးစားပြုလုပ်သည့် ပြဿနာဖြစ် ပွားနေကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ရပ်ကွက် ၅၀ ၌ ငမိုးရိပ်မှ ပိုက်ဖြင့်ရေသွယ်ရန်အတွက် မြို့နယ် ကြံ့ဖွံ့အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်း နှင့် တွဲဖက်အတွင်းရေးမှူး ဦးသန်းဦးတို့က တအိမ်ထောင်လျှင် ကျပ် ၁၇၀၀၀၀ ဖြင့် ၃ ရစ် ပေးသွင်းရန် သတ်မှတ်၍ ပထမ အရစ် ကျပ် ၁ သိန်း ကောက်ခံပြီးနောက် လက်ကိုင်ဖုန်းများဝယ်ကိုင်ခဲ့သည်ဟု ၎င်း ရပ်ကွက် တွင် နေထိုင်သူ တဦးက ပြောသည်။
“တအိမ်ထောင်ကို ၁ သိန်း ၇ သောင်း ပေးရမယ်၊ ပထမ အရစ်ကို ကျပ် ၁ သိန်း၊ ဒုတိယနဲ့ တတိယ အရစ်က ၃ သောင်းခွဲစီ၊ ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး ပစ္စည်းတွေစချတယ်၊ ပထမ သူတို့ပြောထားတဲ့ဈေးအတိုင်း၊ ပြောထားတဲ့ အရည်အသွေးမဟုတ် တော့ဘူး၊ ရေပိုက် ကုမ္ပဏီက လာချတဲ့ ရေပိုက်တွေက ဆိုက်မမှန်တာ၊ အရည်အသွေး မမှန်တာတွေ၊ လက်ကိုင်ဖုန်း တယောက်တလုံးစီတော့ ၀ယ်ကိုင်လိုက်တယ်”ဟု အထက်ပါ ရပ်ကွက် နေသူက ပြောသည်။
ယင်း ကြံ့ဖွံ့အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့၏ လုပ်ရပ်နှင့်ပတ်သက်ပြီးရပ်ကွက်နေသူများအပါအ၀င် ကြံ့ဖွံ့ အသင်းဝင်များနှင့်ရပ်မိရပ်ဖများကပါ မကျေလည်မှုများဖြစ်ပွားပြီး သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
“တိုင်တန်းတာဖြစ်တဲ့ အခါကျတော့၊ စရဖက ခေါ်စစ်တယ်၊ စစ်ပြီးတော့ ဒါက ၀ယ်တဲ့ဆိုင်နဲ့ နားလည်မှုလွဲတာ၊ ဆိုင်က ပစ္စည်းလာချတာ မှားတာ၊ ကုမ္ပဏီက သော်လည်းကောင်း၊ ပစ္စည်းလက်ခံတဲ့သူကသော် လည်းကောင်း မှားတယ်ဆိုတာမျိုး လုပ်လိုက်တယ်၊ ဖုန်းကလည်း သူတို့ကို အပိုင်ပေးတာမဟုတ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ ကုမ္ပဏီက ငှားထားတာတဲ့၊ အဲဒီလိုလုပ်လိုက်တယ်၊ ကိုယ့်လူဖြစ်တယ်ဆိုရင် ကာတာပဲ”ဟု ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူက ပြောသည်။
အဆိုပါ ကြံ့ဖွံ့က ဦးစီးလုပ်ကိုင်သည့် ရေရရှိရေးအတွက် ဆောင်ရွက်ဆဲဖြစ်ပြီး ရေမရရှိသေးကြောင်း၊ နောက်ထပ် ရပ်ကွက် ၄၇ ၊ ၄၈ နှင့် ၄၉ တို့လည်း ပါဝင်ကြောင်း ၎င်းကပြောသည်။
ကံ့ဖွံ့အတွင်းရေးမှူး ဦးစိုးဝင်းနှင့်တွဲဖက်အတွင်းရေးမှူး ဦးသန်းဦးတို့သည် ယခင်ကလည်း ယရက ဖြစ်လိုသူများထံမှ ငွေကြေးတောင်းယူသောကြောင့် ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း ရပ်ကွက် ၅၀ တွင် နေထိုင်သူက ပြောဆိုသည်။
၂၀၀၇ ခုနှစ် ကြံ့ဖွံ့သင်းလုံးကျွတ် ညီလာခံအား နိုဝင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပရာ ညီလာခံ၌ အသင်းဝင်များကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အများပြည်သူနှင့် နိုင်ငံ့အကျိုးအတွက် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ကိုယ်ကျိုးမဖက်ဘဲ ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်း နှစ်ပတ်လည် ညီလာခံသို့ နိုင်ငံတ၀န်းရှိ ကြံ့ဖွံ့အသင်းဝင် ၂၄ သန်းကျော် ကိုယ်စား ပြည်နယ်တိုင်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၅၀၆ ဦး တက်ရောက်သည်ဟု နိုဝင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြ ထားသည်။
ဧရာဝတီမှကူးယူဖော်ပြပါသည်

No comments: