ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Friday, November 23, 2007

နေ့သစ်များအတွက် သာဓုအနုမောဒနာပြုလိုက်ပါ အမေ


(အမေမာ ၉၂ နှစ်ပြည့်မွေးနေ့သို့အမှတ်တရ)

ကျောင်းသား သံဃာ လူထုတွေပေါ့
ရန်သူ့ထံ
အချစ်မေတ္တာတွေကိုသာ အပ်နှံပေးပို့ခဲ့
ဒါပေမဲ့
ရွံရှာစက်ဆုတ်မှုများကိုသာရရှိခဲ့
အမှန်တရားတွေဟာ


လူထုအသက်တွေပေးပြီးမှရောက်လာခဲ့
ပြည်သူနဲ့ဖက်ဆစ်ဟာ
ကမ္ဘာမြေပေါ်မှာ အတူတကွနေလို့မဖြစ်
အဓမ္မနဲ့ ဓမ္မ၊ အတူတကွနေလို့မဖြစ်
ဖိနှိပ်ရန်သူနဲ့ စစ်ကျွန်ခံလူထု
အတူတကွနေလို့မဖြစ်
မျိုးဆက်သစ်လူငယ်တွေကိုယ်တိုင်သိခဲ့
ပျိုမြစ်ကလေးတွေပင်သိခဲ့
… သိခဲ့ပေါ့အမေ။

လူထုဒေါ်အမာ … အမေမာခင်ဗျား
အမေသိမှာပါ၊ ကျနော်တို့တိုင်းပြည်မှာ
သောကနဲ့ဒုက္ခဟာ
အမုန်းနဲ့တွဲမိသွားခဲ့
စိတ်ဓာတ်တွေခိုင်မာလာခဲ့
ကျနော်တို့အားလုံး
လူထုအားလုံးကိုယ်တိုင်
ငေးငိုင်တွေဝေလို့မဖြစ်တော့
ရုန်းကန်နေကြရမှာပေါ့
ဆက်ခါ … ဆက်ခါ … တကြော့ပြီးတကြော့။

ကျနော်တို့ရဲ့အသက်ရှူခြင်းဟာ
နိုင်ငံတကာဖိအားစည်းချက်နဲ့
ရှေ့ဆက်နေခြင်း
အဲဒီတခုထဲမဟုတ်ဖူး
ရှေ့ကိုရဲရဲကြည့်
ယုံကြည်ချက် စိတ်ဓာတ် သတ္တိ
ပွေ့ပိုက်မိရမယ်။

မိစ္ဆာသေမင်း
လက်တကမ်းရောက်လာတဲ့အခါ
သဘောတရားနဲ့မလုံလောက်လို့
ကိုယ်ကျိုးစွန့်လွှတ်ပြန်တိုက်ဖို့
ကျနော်တို့စွန့်စားကြရမှာပါ
တိုက်ပွဲထဲ
အရဲရင့်ဆုံးရောက်လာကြမှာပါအမေ။

လူထုဒေါ်အမာ
အမေသာဓုခေါ်မှာပါ …
မျှော်လင့်ချက်ရောင်စုံပန်းခင်းအနာဂါတ်ကို
အနာဂါတ်ဆိုတဲ့အရုဏ်ဦးကို
တောက်ပသောနေ့သစ်များကို
မျှော်ဖူးစောင့်စားနေကြမှာမဟုတ်
ကျနော်တို့တွေဟာ
ပြည်သူလူထုကိုယ်ဟာ
အရုဏ်ဦးကြယ်နီပွင့်များအဖြစ်
အမှောင်ခေတ်ကို
လှဲကျင်းဖျက်သိမ်းကြမှာပါ။

အမေရဲ့
၉၂ နှစ်မွေးနေ့မှာ
အမေသာဓုခေါ်လိုက်ပါ။

မောင်စိုးချိန်
နိုဝင်္ဘာ ၂၂၊ ၂၀၀၇

No comments: