၂၀၀၇ နိုဝင်ဘာ (၁၄) ထုတ် ၀ီကလီးအဲလဲဗင်းဂျာနယ်တွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံများ
နအဖစစ်အစိုးရ ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ဖော်ပြနေသည်ကို တွေ့ရှိရသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်လာသည့်အချိန်မှစပြီး နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံသည့်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည့်အကြောင်းများကို သတင်းအဖြစ် ရေးသား ဖော်ပြထားသည်။
“အဲဒီအချိန်ကစ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်အရ ဆက်တိုက်ဆိုသလို ဖော်ပြနေတာ ခုတပတ် ထုတ်တဲ့ ဂျာနယ်တွေ အတော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံတဲ့သတင်းနဲ့ ဓာတ်ပုံတွေကို မျက်နှာဖုံးမှာ ဖော်ပြလာကြတယ်” ဟု ဂျာနယ်အယ်ဒီတာတဦီးက ပြောသည်။
အတွင်းစာမျက်နှာများတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟိုအမှုဆောင်များ တွေ့ဆုံကြပုံ၊ စ္စတာဂမ်ဘာရီနှင့် စစ်အစိုးရအရာရှိကြီးများ၊ ကုလသမဂ္ဂ၀န်ထမ်းများ၊ အိုင်အန်ဂျီအိုများ၊ အန်အယ်လ်ဒီအဖွဲ့ဝင်များ၊ စစ်အစိုးရမှ စီစဉ်ပေးသည့် တစညပါတီမှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားပါတီမှ ပုဂ္ဂိုလ်များ စသူတို့နှင့်တွေ့ဆုံကြသည့် ရောင်စုံဓာတ်ပုံနှင့်သတင်းများကို ဝေေ၀ဆာဆာဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းသို့ဖော်ပြခွင့်ရသော်လည်း သတင်းဓာတ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ပုံထက် နှိမ့်ပြီးဖော်ပြရကြောင်း၊ သတင်းစာသားနှင့် ပတ်သက်၍ အပြုသဘောဆောင်သည်များကိုသာ ရေးသားဖော်ပြခွင့်ရှိကြောင်း၊ ပြည်ပမီဒီယာများတွင် ဖော်ပြသကဲ့သို့ လွတ်လွတ်လပ်လပ် ဝေဖန်ရေးသားမှုမျိုးကိုမူ ခွင့်မပြုကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။
ရန်ကုန်မြို့မှ ၀ါရင့်သတင်းစာဆရာကြီးတဦးကမူ “အခုလို သတင်းတွေဖော်ပြပေးနေတာဟာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေတဲ့ကိစ္စကြောင့် ဖော်ပြခွင့်မပြုရင် ပြင်းပြင်းထန်ထန် ဝေဖန်ခံရနိုင်တာရယ်၊ ပြည်သူတွေက စစ်အစိုးရအပေါ် အထွေထွေ မကျေနပ်မှု ဖြစ်ပေါ်နေတာကို အာရုံပြောင်းတဲ့အနေနဲ့ တကယ်ပဲ တွေ့ဆုံဆွေးနွေးတော့ မယောင်၊ အပြောင်းအလဲ လုပ်တော့မယောင် လှည့်စား လိုတာရယ်ကြောင့် ဖြစ်တယ်” ဟု ပြောဆိုသည်။
ပီးခဲ့သည့် ဗုဒ္ဒဟူးနေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် မစ္စတာဂမ်ဘာရီ စင်ကာပူနိုင်ငံ၌ ထုတ်ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကြေညာချက်ကိုပင် ကောက်နုတ် ဖော်ပြခဲ့သည်။
ပြည်သူအတော်များများကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်သတင်းများကို စိတ်ဝင်တစား ၀ယ်ယူဖတ်ရှုကြပြီး စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာလေ မလားဟု မျှော်လင့်နေသူများ ရှိသကဲ့သို့ စောင့်ကြည့်ရမည်ဟု ပြောဆိုသူများလည်း ရှိသည်။
“စစ်အစိုးရက အချိန်ဆွဲတာ၊ မမှန်မကန် လုပ်တာမျိုးဆိုရင်တော့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟုလည်း ပြည်တွင်း နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ဖြစ်ထွန်းရေး အတွက် ကုလသမဂ္ဂအထူးကိုယ်စား မစ္စတာဂမ်ဘာရီသည် ယခုလ (၃) ရက်မှ (၈) ရက်ထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကောင်းကျိုးအတွက်ဆိုပါက စစ်အစိုးရနှင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိကြောင်း မစ္စတာဂမ်ဘာရီမှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားထားသည်။
Friday, November 16, 2007
ပြည်တွင်းဂျာနယ်များတွင်ဒေါ်အောင်စုကြည်သတင်းများဖော်ပြလာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment