ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Thursday, November 15, 2007

မစုစုနွေးအစာငတ်ခံဆန္ဒပြ


ဧရာဝတီ-ကိုသက် | နိုဝင်ဘာ ၁၅၊ ၂၀၀၇
အဖမ်းခံထားရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် မစုစုနွေးသည် ရန်ကုန်မြို့ ဗဟန်းရဲစခန်း၌ ယမန်နေ့မှစ၍ အစာငတ်ခံဆန္ဒပြလျက်ရှိသည်ဟု သိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကို ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲစဉ် အဖမ်းခံရခြင်း ဖြစ်သည်။
မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာ ဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသူ ဖြစ်သည်။
လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

No comments: