ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, May 12, 2008

ပြည်တွင်း အလှူရှင်များလည်း စစ်အစိုးရ၏ နှောင့်ယှက်မှုခံနေရ

မိုးအောင်တင် | မေ ၁၂၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များအတွက် လှူဒါန်းသည့် ပြည်တွင်းမှ အလှူရှင်များကို စစ်အစိုးရက စုံစမ်းမေးမြန်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ယမန်နေ့က ဘုရင့်နောင်ဈေး ပွဲရုံ ငါးခြောက်တန်းတွင် လေဘေးဒုက္ခသည်များသို့ လှူရန် နာရေးကူညီမှု အသင်းက ငါးခြောက်များလာဝယ်သည့် ပွဲရုံကို စစ်အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သည်ဟု ဘုရင့်နောင် ပွဲရုံ လုပ်ငန်းရှင်တဦးက ပြောသည်။

“ဒီနေ့မနက် ကျနော်တို့ဆိုင်အနားက ထူး ငါးခြောက်ပွဲရုံမှာ ကိုကျော်သူတို့ နာရေးကူညီမှု အသင်းက ဧရာဝတီတိုင်း ဒုက္ခသည် တွေအတွက် ငါးခြောက်လာဝယ်တာကို အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ချက်ခြင်းရောက်လာပြီး ပွဲရုံ ပိုင်ရှင်တွေ အနေနဲ့လှူတာလား၊ ရောင်းတာလား ဆိုပြီးတော့ စစ်မေးခံရတယ်”ဟု ထူး ပွဲရုံနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ရက်ကလည်း ရန်ကုန်မြို့လှိုင်သာယာ မြို့နယ်တွင် သောက်ရေသန့် လာလှူသည့် ပုဂ္ဂလိက အလှူရှင် တဦး၏ ရေသန့်ဘူးများကို အဆိုပါ ရပ်ကွက်မှ ကြံ့ဖွံ့ အဖွဲ့ဝင်များက ၎င်းတို့လက်သို့ အပ်ရန်ပြောဆိုရာ အလှူရှင်က ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ဝေးရာတွင် သွားရောက်ပေးဝေလှူဒါန်းခဲ့ရသည်ဟု လှိုင်သာယာမြို့ခံတဦးက ပြောပြသည်။

လွန်ခဲ့သည့် အပတ်အတွင်းက ရန်ကုန်မြို့ သာကေတမြို့နယ် ၄ ရပ်ကွက် မြို့မ (၁၁) လမ်းတွင်နေထိုင်သူ အလှူရှင် ဦးစိုးကြည်က ဒုက္ခသည်များအား ဆန်ပေးဝေရာ သက်ဆိုင်ရာမှ လာရောက်တားမြစ်ပြီး ယခုကဲ့သို့ လှူဒါန်းလိုပါက နေပြည်တော်၏ ခွင့်ပြုချက် ရယူရန်လိုအပ်သည်ဟု ပြောကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ အလှူရှင်က ထမင်း ချက်ပြုတ်ပြီး ဒုက္ခသည်များကိုကျွေးမွေး လှူဒါန်းခဲ့ရသည်ဟု ဆိုသည်။

စေတနာအလျောက်လှူဒါန်းကြသည့် အလှူပစ္စည်းများကို စစ်အစိုးရက ထိန်းချုပ်ရန်ကြိုးစားနေခြင်းကြောင့် အကူအညီများ ဒုက္ခသည်များထံသို့ မရောက်ရှိခြင်း၊ အလှူရှင်များက အစိုးရကို မယုံကြည်သဖြင့် အကူအညီ မရရှိခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ဆန်၊ ပဲ စသည့် အခြေခံ အစားအစာများကို ကွမ်းခြံကုန်း၊ ကော့မှူး မြို့နယ်များသို့ သွားရောက်ကူညီရန် စီစဉ် နေသည့် ရန်ကုန်မြို့မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံတ၀န်းမှ ပြည်သူများအနေဖြင့် ဧရာဝတီတိုင်းမှ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအား ကူညီ လိုသည့် ဆန္ဒပြင်းပြလျက်ရှိသော်လည်း စစ်အစိုးရကို မယုံကြည်သောကြောင့် တိုက်ရိုက်သော်လည်းကောင်း ယုံကြည်ရ သည့် လူမှုရေးအဖွဲ့အစည်းများမှ တဆင့်သော်လည်းကောင်း ကူညီရန် လုပ်ဆောင်လျက်ရှိသည် ကိုတွေ့ရှိရသည်။

နာရေးကူညီမှုအသင်းသို့ ယနေ့သွားရောက်ကာ အလှူငွေနှင့် အ၀တ်အစားများ လှူဒါန်းခဲ့သည့် ရန်ကုန်မြို့မှလုပ်ငန်းရှင် တဦးကလည်း “နာရေးကူညီမှုအသင်းအနေနဲ့ လုပ်ဆောင်တာဆိုတော့ ကျနော်တို့ ယုံကြည်တယ်။ အစိုးရကတဆင့် ကူညီ ရတာမျိုးကိုတော့ စိတ်မချဘူး။ တကယ်ဒုက္ခရောက်တဲ့သူတွေဆီ မရောက်မှာကို စိုးရိမ်တယ်။ နာရေးကူညီမှု အသင်းအနေနဲ့ အခုရက်တွေမှာ တရက်ကို အလှူငွေကျပ် သိန်း၂၀၀ ကျော်နဲ့ ပစ္စည်းတွေ လက်ခံရရှိပြီး နေ့စဉ် ဧရာဝတီတိုင်းရော ရန်ကုန် အနီးတ၀ိုက်ကိုပါ ဝေငှပေးနေတယ်လို့ ကျနော်တို့ သိရတယ်”ဟု ပြောဆိုသည်။

နာရေးကူညီမှုအသင်းအနေဖြင့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ၃ ရက်အကြာ မေလ ၆ ရက်နေ့မှ စတင်ကာ ဒုက္ခသည်များကို အစားအစာ၊ အ၀တ်အထည်၊ အမိုးအကာနှင့် ဆေးဝါးကူညီခဲ့သည်ဟုသိရှိရပြီး ယခုအခါ ဧရာဝတီတိုင်းရှိ မုန်တိုင်းဒဏ်ခံရ သည့် လပွတ္တာမြို့အပါအဝင် မြောင်းမြမြို့နယ်များအထိ ကယ်ဆယ်ရေးပစ္စည်းများကို ပို့ဆောင်ပေးဝေလျက် ရှိကြောင်း သိရှိရသည်။
ဧရာဝတီ

No comments: