ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, May 12, 2008

စရိတ်ခံမှ လျှပ်စစ်မီးရ

မိုးအောင်တင်/ရန်ကုန် | မေ ၁၂၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ရန်ကုန်မြို့ကိုတိုက်ခတ်အပြီး တပတ်ခန့်အကြာ ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ရပ်ကွက်နေလူထုက သက်ဆိုင်ရာ လျှပ်စစ်ရုံး ၀န်ထမ်းများကို ကျပ်ငွေ ၅ သိန်းနှင့်အထက် ပေးကြရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဤကဲ့သို့ ငွေ ၅ သိန်းမှ ၁၀ သိန်းအတွင်း စုဆောင်းပေးလိုက်သည့် လမ်းများ၊ ရပ်ကွက်များမှာ မီးပြန်လည်ရရှိပြီး ငွေမပေး နိုင်သော နေရာများမှာ ယနေ့အထိ မီးမလာသေးကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် က အိမ်ခြေ ၈၀ ရှိသည့် လုံးချင်းအိမ်ရာ တခုကိုလည်း လျှပ်စစ်ရုံးမှ ၃၂ သိန်းတောင်းသည်ဟု အဆိုပါ အိမ်ရာတွင် နေသူတဦးက ပြောသည်။ ငွေ ကျပ် ၁၆ သိန်းမှာ လျှပ်စစ်ဓာတ်ကြိုးများဝယ်ရန်ဖြစ်ပြီး ကျန်သည့် ၁၆ သိန်းမှာ ပြင်ဆင်စရိတ်ဟု ပြောဆိုကြောင်းလည်း သိရသည်။

“ကျနော်တို့ အနောက်လမ်းက ပြီးခဲ့တဲ့ ၂ ရက်က ဗိုလ်တထောင် လျှပ်စစ်ရုံးကို ငွေ ၅ သိန်းပေးလိုက်တော့ ၈ ရက်နေ့က မီးပြန်ရတယ်။ ကျနော်တို့လမ်းကတော့ မနေ့ကမှ ငွေစုပြီး ၁သိန်းနဲ့ ဒီဇယ်ဆီ ၅ ဂါလန်ကို မြို့နယ် လျှပ်စစ်ရုံးက ဗိုလ်မှူးဆီ သွားပေးလိုက်ပေမယ့် နည်းလို့ အခုထိ မီးမလာသေးဘူး၊ သူတို့တောင်းတာက ဒီဇယ် ၁၀ ဂါလန်နဲ့ငွေ ၁ သိန်းခွဲတဲ့” ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူက ပြောပြသည်။

ထိုနည်းတူ ကျောက်တံတားမြို့နယ်ရှိ လမ်းတလမ်းမှလည်း လျှပ်စစ်မီးမြန်ဆန်စွာ ပြန်ရရန်အတွက် လျှပ်စစ်ရုံး ၀န်ထမ်း များအား ငွေသိန်းနှင့်ချီကာ ပေးခဲ့ရသည်ဟု သိရသည်။

ရွှေဂုံတိုင် လမ်းမပေါ်မှ စားသောက်ဆိုင်ပိုင်ရှင် တဦးကလည်း ၎င်းတို့ဆိုင် မီးမြန်ဆန်စွာပြန်ရရန်အတွက် ငွေ ကျပ် တသိန်း ပေးခဲ့ရကြောင်း ပြောသည်။

“လူအများဒုက္ခရောက်နေချိန်မှာ အခုလို ငွေမပေးရင် မီးမလာဘူးဆိုတာ အလွန်ကို ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အခုကျနော်တို့ လမ်းမှာ ပိုက်ထဲမှာ ရေရှိပေမယ့် လျှပ်စစ်မီးမရှိလို့ ရေမရဘူး။ မီးစက်နဲ့ ရေတင်ဖို့ ဆိုရင်လည်း မီးစက်ငှားခက တနာရီကို ကျပ် ၁ သောင်းခွဲ နှစ်သောင်းလို့ ပြောတယ်”ဟု ရန်ကုန်မြို့လယ်တွင် နေသူတဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့လယ် ယောမင်းကြီးလမ်း (ယခင် ယောက်လမ်း) အပါအဝင် တာမွေမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင်လည်း လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဌာနသို့ ငွေပေးကြရကြောင်း ဒေသခံများကပြောပြသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တမြို့လုံးမှ သစ်ပင်အများအပြားပြိုလဲကာ လျှပ်စစ်မီးတိုင်များပျက်စီး၍ လျှပ်စစ်ဓာတ် အားလိုင်းများ ပြတ်တောက်ခဲ့ရသည်။

လျှပ်စစ်မီးပြန်ရရန် ၁၀ ရက်မှ ၁၅ ရက်ကြာနိုင်သည်ဟူသော ပြောဆိုမှုများရှိခဲ့ပြီး ၄ ရက်၊ ၅ ရက်အကြာတွင် ရန်ကုန်မြို့ အစိတ်အပိုင်းတချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။
ဧရာဝတီ

No comments: