ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, May 12, 2008

မုန်တိုင်း၊ ဒီရေလှိုင်းနဲ့ ဒုက္ခသည် ကွမ်းခြံကုန်း


ဆိပ်ခံ ဘောတံတား ကျိုးပျက်သွားသော ဒလ ဆိပ်ကမ်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)
မိုးအောင်တင် | မေ ၁၂၊ ၂၀၀၈
ရန်ကုန်မြစ်ကို ကူးတို့သဘောင်္နဲ့ ကူးတဲ့ အခါမြစ်ထဲမှာ အမိုးတွေ လန်နေတဲ့ သဘောင်္တွေ၊ ကျိုးနေတဲ့ ဆိပ်ခံဘောတံတား၊ တပိုင်းတစမြုပ်နေတဲ့ သဘောင်္တွေ ကိုတွေ့ရပါတယ်။ ဒလဘက်ဆိပ်ကမ်းက ဆိပ်ခံဘောတံတား ဟာလည်း ပျက်စီး သွားလို့ ကူးတို့သဘောင်္ဟာ ဒလ သဘောင်္ကျင်းရဲ့ ကွန်ကရိ ဆိပ်ခံမှာ သွားကပ်ပါတယ်။ ရေကျနေချိန် သဘောင်္ကနိမ့်နေ တာမို့လို့ ဆိပ်ခံပေါ်ဆင်းမယ့်သူတွေဟာ သဘောင်္ အပေါ်ထပ် ပြူတင်းပေါက်ကနေ ၅ပေလောက်နိမ့်နေတဲ့ ဆိပ်ခံပေါ်ခုန်ချ ကြပါတယ်။ အဲဒီလို ခုန်ချရာမှာ ခရီးသည်တဦးရဲ့ လွယ်ထားတဲ့ အိတ်ကဆိပ်ခံနဲ့ သဘောင်္ကြားထဲကို ကျသွားပါတယ်။
ဒီအဖြစ်ကိုက နာဂစ် မုန်တိုင်းရဲ့ လောလောလတ်လတ် ဒဏ်ရာဒဏ်ချက်တွေပါပဲ….။

ဒလမြို့ထဲဝင်သွားတဲ့ အခါမှာ ခေါင်မိုး လုံးဝမရှိတဲ့ စာသင်ကျောင်း၊ အမိုးမရှိတဲ့အိမ်၊ပြိုလဲနေတဲ့အိမ် လဲပြိုနေတဲ့ သစ်ပင် တွေနဲ့ ဒလမြို့ကိုဖြတ်သန်း ရပါတယ်။ လယ်ကွင်းတွေထဲမှာ လဲပြိုနေတဲ့ လယ်တဲတွေ ကားလမ်းဘေးတလျှောက် ပြိုလဲ နေတဲ့ အိမ်၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဘုရားတွေကိုလည်း ဒလ-တွံတေးကားလမ်း တောက်လျှောက် မြင်တွေ့ရပါတယ်။

နှစ်ခေါက် သုံးခေါက်ကျိုးပြီး လဲနေတဲ့ဓာတ်အားတိုင်တွေ၊ လမ်းပေါ်မှာ လဲကျနေတဲ့ ဓာတ်အားလိုင်းကြိုးတွေကို ဒလကနေ ကွမ်းခြံကုန်းဘက်သွားတဲ့ လမ်းတလျှောက်လုံးမြင်တွေ့ရပါတယ်။ လမ်းတလျှောက် လဲပြိုနေတဲ့သစ်ပင်တွေ၊ ဓာတ်အား တိုင်တွေလဲတာကြောင့် နိမ့်ကျနေတဲ့ ၀ါယာကြိုးတွေကို လိုက်ထရပ် ဘတ်စ်ကားခေါင်မိုး ပေါ်မှာစီးတဲ့ ခရီးသည်တွေက သတိကြီးစွာနဲ့ရှောင်တိမ်းနေကြရပါတယ်။ ရှောင်တာနောက်ကျ လို့ကျိုးကျနေတဲ့ သစ်ကိုင်းနဲ့ရိုက်မိတာလည်း အကြိမ်ကြိမ် ပါပဲ။

မေလ၂ ရက်နေ့ ညက တိုက်ခတ်တဲ့ လေဘယ်လောက်ပြင်းထန်သလဲဆိုရင် နှစ်ပရိစ္ဆေဒ ကြာမြင့်လှတဲ့ ဘုရားတန်ဆောင်း ပတ်ဝန်းကျင်က ထန်းပင်တွေ အမြစ်ကပြိုလဲ။ ၀ါးရုံက၀ါးပင်တွေတောင် အရပ်မျက်နှာအသီးသီးကို ပြိုလဲ နေတာမြင်ရုံနဲ့ သဘောပေါက်နိုင်ပါတယ်။

ကားလမ်းမှာ လဲနေတဲ့ တချို့သစ်ပင်တွေကို ယာယီသာရှင်းလင်းရသေးပြီး ကားတွေ ဆိုင်ကယ်တွေက ရှောင်ကွင်း မောင်း ကြရပါတယ်။ ဆိုင်ကယ်အငှားမောင်းသူက “မုန်တိုင်းဖြစ်ပြီးခါစ နေ့တွေကဆို ဆိုင်ကယ်နဲ့သွားတာတောင် ဒါးမတစ်လက် ခါးမှာထိုးပြီးသွားရတယ်။ လမ်းမှာ ရှောင်ကွင်းသွားလို့မရရင် ဆင်းပြီးရှင်းရတယ်”လို့ပြောပါတယ်။

ကော့မှူးမြို့ကိုကျော်လာပြီးတဲ့ အခါမှာ ကားလမ်းဘေး တဘက်တချက်က အိမ်တွေဟာ မြေနိမ့်ပိုင်းမှာ ဆောက်လုပ်ထား ကြတာ ဖြစ်ပြီး အဝေးကိုလှမ်းကြည့်လိုက်ရင် ရေတွေပြည့်နေတဲ့ လယ်ကွင်းတွေကို ပဲတွေ့ရပါတယ်။ မုန်တိုင်း တိုက်ခတ် စဉ်မှာ လေနဲ့အတူ ရေကြီးခဲ့တဲ့ လက္ခဏာတွေ တွေ့မြင်လာရပါတယ်။ ပျက်စီးတဲ့ ရာခိုင်နှုန်းလည်းပိုများပြားလာ ပါတယ်။ ဒီအရပ်နဲ့ ယှဉ်လိုက်ရင် ရန်ကုန်အနီးအနားက ဒလမှာ ပျက်စီးတာက တော်သေးတယ် လို့တောင်ဆိုရမလိုပါ။

ရွာတွေမှာရှိတဲ့ ဆန်စက်သေးလေးတွေဟာ လည်းအမိုးလွင့်၊ အကာမဲ့ကာ စက်ချည်းပဲ ထီးထီးချည်းကျန်နေတာ တွေမြင် ရလို့ ဘယ်လိုပြန်ထူထောင်ကြမလဲ ဆိုပြီး တွေးမိပါတယ်။

မကြာခင်မှာတော့ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ ကွမ်းခြံကုန်းမြို့ကိုစတင်ဝင်ရောက်ခဲ့ပါပြီ။ ကွမ်းခြံကုန်း ဆိုတဲ့ အမည်ဟာ နာဂစ်မုန်တိုင်း မလာခင်အထိတော့ ပင်လယ်အနီးမှာ ရှိတဲ့မြို့၊ ဆန်စပါး စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်ကိုင် ကြတဲ့ မြို့လို့ သိထားကြပါတယ်။
မြို့အ၀င်မှာ ခေါင်မိုးအားလုံး လေနဲ့လွင့်ပါသွားပြီး လဲနေတဲ့ သစ်ပင်တွေကြား၊ အပျက်အစီးတွေကြားက အထက်တန်း ကျောင်းနဲ့ ညာဘက်မှာ အုတ်ရိုးပတ်ပတ်လည် ပြိုလဲပြီး မြေပေါ်မှာ ပြားပြားဝပ်နေတဲ့ သွပ်မိုးအားကစားရုံကို မြင်တွေ့ရ ပါတယ်။

အလဲလဲအပြိုပြို သစ်ပင်တွေ ကြားထဲမှာ ပျက်စီးနေတဲ့ ဘုန်းတော်ကြီးကျောင်းထဲသို့ ဘုန်းတော်ကြီးတပါးက သုံးရေပုံး တပုံးကို သယ်ဆောင်သွားနေတာ ကိုကားပေါ်မှ လှမ်းမြင်ရပါတယ်။ တအိမ်လုံးမြေပေါ်မှာ ပုံကျနေတဲ့ ကွမ်းခြံကုန်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်လှစ်ခဲ့ရာ အိမ်ကိုလည်းတွေ့ရပါတယ်။ ဆိုင်းဘုတ်ကို အပျက်အစီများကြားမြေပေါ် မှာပဲ ထောင်ထားပြီး အပျက်အစီးများကြားထဲမှာ အမယ်အိုတဦးကို မြင်တွေ့ရပါတယ်။

မြို့တော်ခန်းမအရှေ့မှာတော့ တပ်မ (၇၇) အမှတ်တံဆိပ်နဲ့စစ်သားတွေ စောင့်နေကြပြီး အမိုးပျက်စီးနေတဲ့ ခန်းမထဲမှာ ဆန်အိတ်တွေ၊ အာလူးအိတ်တွေကို စုပုံထားတာ တွေ့ရပါတယ်။ ခန်းမအပြင်ဘက်စင်္ကြန်ပတ်ပတ်လည်မှာ ညှိုးငယ် ဖျော့တော့နေတဲ့ မျက်နှာနဲ့ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေထိုင်နေကြပါတယ်။ စစ်ကား ၄-၅ စီး ကိုလည်း ခန်းမရှေ့မှာ ရပ်ထားတာတွေ့ရပါတယ်။

မြို့ထဲကိုဖြတ်စီးနေတဲ့ တော်ပုလဲချောင်းတံတားကို အနည်းငယ်လွန်သွားတဲ့ အခါမှာ အမိုးတွေပျက်စီးနေတဲ့ ဆေးရုံထဲမှာ တော့ ယူနီဆက် အမှတ်တံဆိပ်နဲ့ လင်ခရူဆာ ကားအဖြူ ရပ်ထားတာတွေ့ရပါတယ်။ ညာဘက်အတွင်းထဲမှာ သတိပဌာန် ဘုန်းတော်ကြီးကျောင်း တည်ရှိပြီး ကျောင်းအဆောက်အဦတွေအားလုံးလဲ အမိုးမရှိတာ၊ ပွင့်ထွက်နေတာကိုတွေ့ရပါတယ်။

အခုဘုန်းကြီးကျောင်းမှာ အနီးအနားရပ်ကွက်နဲ့ ကျေးရွာတွေက အိမ်ဆုံးရှုံးသွားတဲ့ ဒုက္ခသည် ၃၀၀ လက်ခံထားတယ်လို့ သိရပါတယ်။

အဲဒီကျောင်းက ဆရာတော်က “ဦးပဉ္ဖင်းတွေလည်း အာရုံဆွမ်းကို ဖြစ်သလို ဘုန်းပေးပြီးနေ့ဆွမ်းတနပ်ပဲ စားသလို ဒုက္ခသည် တွေကိုလည်း နေ့လယ်စာ တနပ်ပဲ ကျွေးမွေးနိုင်ပါတယ်။ ဆန်တချို့ကတော့ ရိက္ခာဝေတဲ့ ဆီကရတယ်။ ကျန်တာက ကျောင်းမှာရှိတာရယ်၊ မြို့ကစေတနာရှင်တွေ လာလှူကြတာရယ်နဲ့ ကျွေးနေတာပါ”လို့ မိန့်ဆိုပါတယ်။

လူတွေ အသက်ဆုံးရှုံးကြရတာဟာ လေနဲ့အတူတက်လာတဲ့ ရေလှိုင်းဒဏ်ကြောင့် လို့ဒေသခံတွေကပြောပါတယ်။ မှောင်ကြီးမည်းမည်းထဲမှာ ပြင်းထန်တဲ့လေ၊ လဲကျတဲ့ သစ်ပင်က အိမ်ကိုပိ၊ ရေအားနဲ့အိမ်မျောပါ၊ အဲဒီလိုနဲ့အိမ်ထဲမှာ ခိုနေ တဲ့ လူတွေပါ အသက်ဆုံးရှုံးကြရတာပါ။ အိမ်ခြေ ၂၄၅ လုံးရှိတဲ့ တော်ပုလဲရပ်ကွက် တခုတည်းတင် လူ ၆၀ကျော် ရေနဲ့ မျော ပါ နစ်မြုပ်သေဆုံးကြရပါတယ်။ အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ကျွန်တော် တို့အိမ်နှစ်အိမ်ကျော်က ဆို မိသားစု၎ ဦး ရန်ကုန်ကလာလည်တဲ့ သမီးပါ ၅ဦးစလုံး အိမ်နဲ့အတူ မျောပါသွားတယ်။ တယောက်မှ မရှင်ဘူး။ ဟိုတအိမ် ကတော့ မိသားစု ၆ ယောက်မှာ ၅ယောက်သေပြီး သမီးလေး တယောက်တည်းကျန်ရစ်တယ်။ သူ့ခမျာကြောင်တောင်တောင် ဖြစ်နေတယ်” လို့ပြောပြပါတယ်။
ည ၉ နာရီကျော်ကတည်းက လေနဲ့ရေတိုက်ခတ်လိုက်တာ နံနက်လင်းအားကြီး ၅နာရီမှ လေအရှိန်လျော့၊ ရေလည်း နည်းနည်းလျော့သွားလို့ တယောက်ကိုတယောက် လက်ချင်းချိတ်ပြီးနည်းနည်း မြင့်တဲ့ ကတ္တရာလမ်းမဘက် ကိုထွက်ကြ ရတယ်လို့ ဆိုပါတယ်။ ကိုယ်တွေပေါ်မှာလည်း အ၀တ်အစားတွေမပါကြတော့လို့ မိန်းမသားတွေကို ဦးစားပေးပြီး ရရာ အ၀တ် နဲ့ ပေးပတ်ထားကြရတယ် လို့သိရပါတယ်။ အဲဒီရပ်ကွက်က လူတွေက အထပ်နှစ်ထပ်ရှိတဲ့ ဆေးရုံပေါ်မှာ သွားနေ ကြရပြီး ရေထပ်ကျသွားတော့မှ ပျောက်နေတဲ့သူရှာရင်း ကိုယ့်အိမ်ကို ပြန်လာကြည့်ကြရပါတယ်။ ဒါပေမယ့် အိမ်နေရာ က ငုတ်တိုင်လေးပဲမြင်ရပြီး ကျန်တာဘာမှ မရှိတော့တဲ့ မိသားစုတွေလည်း မနည်းလှပါဘူး။

တော်ပုလဲရပ်ကွက်ကနေ ကွင်းဘက်ကိုကြည့်လိုက်ရင် လဲနေတဲ့ သစ်ပင်တွေမြင်ရပြီး လယ်ကွင်းတွေထဲမှာ ကျွဲသေ နွားသေ ကောင်တွေ လည်းရှိနေဆဲပါ။ ကျောင်းအနီးအနားက ကျွဲနွားသေကောင်တွေကိုတော့ အနံ့မခံနိုင်လို့ ပြီးခဲ့တဲ့ တရက်နှစ်ရက် ကမှ မြေမြှပ်တာ၊ ချောင်းထဲ မျှောတာလုပ်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီတော်ပုလဲချောင်းထဲမှာ လည်း ရေတက်လာရင် အလောင်းတွေ မျောပါလာတတ်ပြီး ဒီနေ့မနက်ကတောင် ဟောဟိုချောင်းစပ်မှာ တလောင်းလာတင် နေသေးတယ်။ ရေပြန်အကျမှာ ပြန်ပါသွားတာဖြစ်မယ်လို့ လဲရပ်ကွက်ထဲက တဦးက ပြောပါတယ်။

လယ်ကွင်းတွေကိုတိုက်ခတ်လာတဲ့ လေမှာအညှီနံ့၊ ရေပုပ်နံ့လိုမျိုးရှုရှိုက်ရလို့ မြို့ခံတွေကိုမေးကြည့်တဲ့အခါ “ဒါအခု မုန်တိုင်း ဖြစ်ပြီးမှ ဒီလို ဖြစ်သွားတာ၊ အရင်ကဒီလယ်ကွင်းဘေးက ချောင်းထဲမြောင်းထဲမှာ ရေကသန့်နေကြည် နေတာပဲ” လို့လဲ မြို့ခံတဦးက ပြောပြပါတယ်။

တော်ပုလဲရပ်ကွက်ကို ကျော်လွန်သွားတဲ့အခါ မြို့အထွက်မှာ သချိုင်းရှိပါတယ်။ သချိုင်းက ဇရပ်လည်း မြေပေါ်မှာ ပုံကျ နေတယ်။ အုတ်ဂူတွေ တောင် လေဒဏ် ရေဒဏ်တို့ ကြောင့် ပြိုနေကွဲနေတယ်။ လောလောလတ်လတ် ယူလာပြီးမြှုပ် ထားတဲ့ မြေပုံတွေမှာ စိုက်ထားတဲ့ ၀ါးငုတ်တိုင်အမှတ်အသားတွေ၊ သွပ်ပြားအကျိုးအပဲ့တွေနဲ့ မြေမြှုပ်ထားတဲ့ အမှတ် သင်္ကေတ ပြထားပြီး မြေကြီး ပေါ်မှာတော့ အလောင်းကကျတဲ့ သွေးအရောင် အပုပ်ရေတွေ တောင်စိုနေဆဲပါ။ အုတ်ဂူ တဂူရဲ့အကြားမှာတော့ ရေနဲ့မျော ပါလာပြီး သေနေတဲ့ နွားတကောင်ကိုလည်း မုန်တိုင်းအပြီး တပတ်အကြာထိ ရှိနေဆဲပါ။
အဲဒီ သင်္ချီုင်းကနေ ကမာကလွန်းဆိုတဲ့ ရွာကို ၃ မိုင်လောက် ဝေးပါတယ်။ အဲဒီ မြို့ကနေ ရွာကိုသွားတဲ့ လမ်းနဘေး လယ်ကွင်းစပ်မှာတော့ အမျိုးသားတယောက်ရဲ့ အလောင်း တလောင်းဟာ ရှိနေဆဲပါ။ ကွင်းထဲမှာ လယ်လုပ်တဲ့သူဖြစ် လိမ့်မယ်လို့ လိုက်ပြတဲ့ မြို့ခံက ပြောပါတယ်။

ကွမ်းခြံကုန်းမြို့ခံ ဆိုက်ကားနင်းတဲ့ ကိုထွန်းထွန်းကတော့ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေအရ သူ့ဘဝအာမခံချက် အပေါ် သံသယ ဝင်လာတယ်လို့ ဆိုပါတယ်။

“ကျနော်လည်း ဒီမြို့မှာ ဆက်လုပ်စားဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ သံသယ၀င်လာပြီ၊ လူအသက်တွေ ဆုံးရှုံး၊ ကျွဲနွား တိရစ္ဆာန်တွေ ဆုံးရှုံး၊ လယ်မြေတွေ ရေငန်ဝင်၊ ရေလုပ်ငန်း လုပ်တဲ့ သူတွေလည်း လှေတွေ ပိုက်တွေဆုံးရှုံးကုန်ပြီ၊ ကျနော့် မိသားစု မငတ်အောင်လုပ်ကျွေးဖို့ တာဝန်ကျနော့်မှာ ရှိတယ်။ ဒါပေမယ့် သမာအာဇီဝနဲ့ပဲ ရှာမှာပါ။ ဒီမှာရှာလို့ မရရင်တော့ မိသားစုကိုခေါ်ပြီး တခြားအရပ်ဒေသကိုပဲ ပြောင်းရမလားလို့ တောင်စဉ်းစားနေတာ”လို့ ပြောပြပါတယ်။
အပြန်ခရီးမှာတော့ ကိုထွန်းထွန်းရဲ့သံသယနဲ့ အလားအတူ ကျနော့်မှာလည်း သံသယတချို့နဲ့ စဉ်းစားစရာတွေ ပါလာ ခဲ့ရပါတယ် … ။ ။
ဧာဝတီ

No comments: