ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, May 12, 2008

လေဘေးအလှူပစ္စည်း အလွဲသုံးစားမှုများ ရန်ကုန်တွင်ရှိ

ကိုသက် | မေ ၁၂၊ ၂၀၀၈

လေဘေးဒုက္ခသည်များအတွက် စေတနာရှင်များ၏ အကူအညီများကို အာဏာပိုင်အဖွဲ့အစည်းများက ခိုးယူ အလွဲသုံးစား လုပ်နေကြသည်ဟု ရန်ကုန်မြို့ခံများက ဧရာဝတီကို ပြောသည်။

အလှူရှင်များသည် ၎င်းတို့၏အကူပစ္စည်းများကို လေဘေးဒုက္ခသည်များအား တိုက်ရိုက်ပေးခွင့်မရဘဲ ကြံ့ဖွံ့၊ မယက၊ မီးသတ် အစရှိသည့် အာဏာပိုင်အဖွဲ့များလက်သို့အပ်ရသည်ဟု ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမားတဦးက ပြောသည်။

“လုပ်ငန်းရှင်တွေ၊ သူငယ်ချင်းတွေ၊ ကျောင်းသားတွေ အကိုယ့်အစုနဲ့ကိုယ် စုပြီးသွားလှူတာတွေရှိတယ်။ ဒုက္ခသည်တွေကို တိုက်ရိုက်လှူလို့မရဘူး၊ ကြံ့ဖွံ့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ လက်ကိုအပ်ရတယ်။ ကြားနေရတာတွေက စားစရာတွေက ၀ိုင်းလုပ် တဲ့လူတွေစားတာနဲ့တင် ကုန်တာများတယ်” ဟု စာနယ်ဇင်းသမားက ပြောသည်။

“ကျနော်ကြားတာတော့ သရုပ်ဆောင် ကျော်ဟိန်းက ဒုက္ခသည်တွေကို ဆန်သွားလှူတာ ကြံ့ဖွံ့တွေ၊ ရယကတွေက သူတို့ ကိုပေး၊ သူတို့လှူပေးမယ်လုပ်လို့ မလှူဘဲပြန်ယူလာတယ်” ဟုလည်း စာနယ်ဇင်းသမားက ပြောသည်။

ရန်ကုန်တိုင်း၊ သံလျင်မြို့တွင်အခြေစိုက်သည့် World Vision အဖွဲ့က လေဘေးဒုက္ခသည်များအား ဆန်ဝေရန် မြို့နယ် မယက အားခွင့်တောင်းရာ ၎င်းတို့အား ဆန် ၁၀ အိတ်ပေးမှ ခွင့်ပြုမည်ဟု တုံ့ပြန်ကြောင်း World Vision ၀န်ထမ်းတဦးက ပြောသည်။

“လှူတာတွေကို အပြသဘောမျိုးလုပ်နေတယ်။ ဥပမာ ဆန်လာလှူတယ်ဆိုပါတော့ … အဲဒါကို ဗီဒီယို ရိုက်လိုက်တယ်၊ ပြီးတော့ အဲဒီဆန်တွေပြန်သိမ်းသွားတယ်။ လှိုင်သာယာနဲ့ ရွှေပြည်သာတွေမှာ ဖြစ်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အာဏာပိုင်းအဖွဲ့အစည်းများက ခိုးယူထားသည့် ဒုက္ခသည်အကူပစ္စည်းများကို ရန်ကုန်မြို့တွင်းရှိ ဈေးအချို့နှင့် စတိုးဆိုင် များ၌ ရောင်းချနေသည်ကို တွေ့နေရပြီဖြစ်ကြောင်းလည်း ရန်ကုန်မြို့ခံက ပြောသည်။

“၃၈ လမ်း ညဈေးမှာ မိန်းမကြီးတယောက်က ယိုးဒယားထုတ် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နဲ့ ဘီစကစ်တွေကို ဗန်းနဲ့ထည့် ရောင်းတယ်။ ရဲ ၂ ယောက်က မယောင်မလယ် စောင့်ကြည့်နေတယ်။ တော်တော်လေးရောင်းပြီးရင် မိန်းမကြီးဆီက ပိုက်ဆံ လာသိမ်းတယ်၊ မကြာဘူး ... ဗန်းထဲကို ပစ္စည်းတွေ ထပ်ရောက်လာတယ်” ဟု ရန်ကုန်မြို့ခံက ပြောသည်။

“ရယကတွေ မီးသတ်တွေက ရပ်ကွက်ထဲမှာ သွပ်ပေးမယ်ဆိုရင် မပေးခင်ကတည်းက သူတို့အိမ်တွေမှာ ခွဲတန်းယူထား တယ်။ အဲဒါ ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ ဖြစ်နေတာ။ ဆေးဝါး မလုံလောက်ဘူး၊ အချိန်မီ မရောက်တာတွေလည်း ရှိတယ်” ဟု စာနယ်ဇင်းသမားက ပြောသည်။

အာဏာပိုင် အဖွဲ့အစည်းများက လေဘေးဒုက္ခသည်များ၏ အလှူပစ္စည်းများကို ခိုးယူ အလွဲသုံးစား လုပ်နေသည့်အပြင် ရန်ကုန်မြို့လမ်းမများတွင်ပိတ်ဆို့နေသည့် အမှိုက်များကို စစ်တပ်က ယခုရက်ပိုင်းမှစ၍ တဖြည်းဖြည်းချင်း ရှင်းလင်းနေ သော်လည်း လူအင်အားနည်းသဖြင့် ကြန့်ကြာလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်တွင် အင်အား ၄ သိန်းရှိသော်လည်း မုန်တိုင်းကယ်ဆယ်ရေးလုပ်နေသည့် တပ်မတော်သား တသောင်းပင်မပြည့်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက သုံးသပ် ပြောဆိုသည်။ ဧရာဝတီ

No comments: