နေသွင်
တနင်္လာနေ့၊ မေလ 26 2008 17:38 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရသည့် ဒေသများတွင် စနေနေ့က ကျင်းပ ပြီးစီးသွားသော ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးသူ အားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးကြသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီဟု စစ်အစိုးရ မီဒီယာများတွင် ယနေ့ ကြေညာသည်။
ယနေ့ ထွက်ပေါ်လာသော နောက်ဆက်တွဲ မဲရလဒ်သည် မေလ ၁၅ ရက်နေ့က ကြေညာထားသော ရလဒ်အပေါ် ထပ်မံ၍ အားဖြည့် ပေးလိုက်ခြင်းသာဖြစ်ပြီး စစ်အစိုးရ၏ လမ်းပြမြေပုံအဆင့် ၄ ကို အောင်ပွဲခံလိုက်ခြင်းလည်း ဖြစ်သည်။ နောက်ထပ် အဆင့်တဆင့်မှာ ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။
နိုင်ငံပိုင် ရေဒီယိုမှတဆင့် စစ်အစိုးရ၏ ယနေ့ထုတ်ပြန်ချက်တွင် မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများတွင် ၂၄ ရက်နေ့က ကျင်းပခဲ့သော ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ အားလုံး၏ ၉၈ ဒဿမ ၁ ရာခိုင်နှုန်းက လာရောက် မဲပေးခဲ့ကြသည်ဟု ဆိုသည်။
စစ်အစိုးရသည် မေလ ၁၅ ရက်နေ့ကလည်း ဖွဲ့စည်းပုံကို ၉၂ ဒဿမ ၄ ရာခိုင်နှုန်းက ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲ ထွက်ပေါ်လာသော ရလဒ်သည် ယခင် ရလဒ်အပေါ် ရာခိုင်နှုန်းအားဖြင့် သိသာစွာ အပြောင်းအလဲရှိမည် မဟုတ်ပါ။
မုန်တိုင်းအပြီး ၃ ပတ်ခန့်အကြာတွင် ပြုလုပ်သော ဆန္ဒခံယူပွဲကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ၄၇ မြို့နယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့တွင် မဲပေးခွင့်ရှိသူ ၂၇ သန်းအနက် ပျက်ကွက်သူ ၁ သန်းသာ ရှိသည်ဟု စစ်အစိုးရက ဆိုသည်။ စစ်တပ်အာဏာကို အခိုင်အမာ အာမခံထားသော ဖွဲ့စည်းပုံကို မဲပေးခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ဖြင့် အတည်ပြုနိုင်သည်။
ပြည်တွင်းမှ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒခံယူပွဲ ရလဒ်သည် လူထုဆန္ဒ မပါဝင်သဖြင့် တရားဥပဒေအရ တရားမဝင်ဟု မေလ ၁၅ ရက်နေ့ကတည်းက ပြောဆိုထားပြီ ဖြစ်သည်။
သတင်းမဇ္ဈိမ
Monday, May 26, 2008
နအဖ က အခြေခံဥပဒေ မူကြမ်းကို အတည်ပြုလိုက်ပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment