ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Tuesday, November 6, 2007

အထွေထွေသပိတ် မှတ်တမ်း (စက်တင်ဘာ ၂၇ မှ ၃၀)

စက်တင်ဘာလ ၃၀ ရက် ၂၀၀၇

ရန်ကုန်
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီတို့ ယနေ့တွေ့ဆုံကြောင်း အေပီ သတင်းတွင် သံတမန်များကိုကိုးကား၍ ရေးသားထားသည်။

မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်ဟုလည်း အေပီသတင်းက ဆိုသည်။ တွေ့ဆုံခဲ့သူများတွင် နအဖ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့မပါဝင်ဟု ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အစိုးရ ယာယီဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးချုပ်၊ ယဉ်ကျေးမှုဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့က မစ္စတာ ဂန်ဘာရီကို နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က မြန်မာနိုင်ငံကိုရာက်ရှိခဲ့ပြီး ရန်ကုန်သို့မလာမီ နေပြည်တော်တွင် တည်းခိုခဲ့သည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့ နေ့လယ် ၁း ၃၀ နာရီခန့်တွင် စတင်၍ မန္တလေးမြို့ ၇၃x၃၅ လမ်း တက္ကသိုလ် ၀န်းကျင်နှင့် ဘူတာကြီးတလျှောက်တွင် ဆိုင်ကယ် အစီး ၁၀၀ ကျော် လှည့်လည် ဆန္ဒပြကြောင်း သိရသည်။

အဆိုပါဆန္ဒပြ ဆိုင်ကယ်များကို ၄း၁၅ နာရီခန့်တွင် ဘူတာကြီးဝန်းကျင်၌ အာဏာပိုင်များက ဖမ်းဆီး လိုက်သည်ဟု မြို့ခံတဦးက ပြောသည်။

မန္တလေးမြို့၌ ယနေ့ လုံခြုံရေးများကို ပိုမိုတင်းကျပ်ထားပြီး စစ်ကား ၃ စီး လျှင် စွမ်းအားရှင်နှင့် ကြံ့ဖွံ့က ဒိုင်နာကား (၅) စီးဖြင့် လှည့်လည်ကြောင်း၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များ၏ အင်္ကျီကော်လာများတွင် အပ်ချိတ်များဖြင့် ထိုး၍ ခွဲခြားထားကြောင်းသိရသည်။

မိုးကုတ် - မန္တလေးတိုင်း - ယမန်နေ့က မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကြပ်ပြင်တွင် သံဃာတော်အပါး ၆၀ ခန့်နှင့် ပြည်သူ ၅၀၀၀၀ ခန့်တို့ ဆန္ဒပြကြရာ စစ်တပ်နှင့် လုံထိန်းများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းက သံဃာတော်များဦးဆောင်သည့် ဆန္ဒပြသူများ ကသဲဆုတောင်းပြည့် ဘုရားမှ စတင်၍ ကြပ်ပြင်အနောက်ပိုင်း ဈေးဘက်သို့သွားရာတွင် ကြပ်ပြင်တံတားအနီး၌ အင်အား၂၀ ခန့်ရှိ ရဲနှင့်လုံထိန်းများက တားဆီး သောကြောင့် ဆန္ဒပြသူများက ရှောင်းသွားကြရာ ၎င်းတို့က နောက်မှလိုက်လာကြောင်း၊ ခေါင်းမာ ရပ်ကွက် အရောက်တွင် စစ်တပ်ကပါရောက်ရှိလာပြီး ရှေ့နောက်ပိတ်၍ ရိုက်ကြရာ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာ ရကြကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တဦးကပြောသည်။

“ရဟန်း သံဃာတွေရော လူတွေရော အရိုက်ခံရပြီး ခေါင်းကွဲတဲ့သူကွဲတယ်၊ မိန်းမတယောက်ဆိုရင် သွားတွေ ကျွတ်ထွက်သွားတယ်၊ ဒဏ်ရာရတာ အားလုံး ၅ ယောက်လောက် ရှိတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသမီး ၁၅ ဦးခန့်နှင့် အမျိုးသား ၈ ဦးခန့်ကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။

တာမွေ - ရန်ကုန် - ယနေ့ နေ့လယ် ၁၂ နာရီခန့် က ကျောင်းသား လူငယ် ၂၀ ခန့်သည် တာမွေမြို့နယ် တာမွေ ဗလီရှေ့တွင် ကြွေးကြော်သံများကြွေးကြော်၍ ဆန္ဒပြကြရာ အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ဘက်သို့ ခေါ်သွားသည်ဟု မျက်မြင်သက်သေ တဦးကပြောသည်။

ကျွန်းတောလမ်း (စမ်းချောင်းမြို့နယ်)-ရန်ကုန် - မွန်းလွဲပိုင်းက ကျွန်းတောလမ်းရှိ ဘုန်းကြီးကျောင်း ၂ ကျောင်းကို စစ်ကား ၃ စီးဖြင့်လာဝိုင်းရာ ရပ်ကွက်လူထုက စစ်သားများအားထပ်ဝိုင်းသဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု စမ်းချောင်းဒေသခံတဦးက ဧရာဝတီကို ပြောသည်။

“စစ်သားတွေကို ရပ်ကွက်ပြည်သူက၀ိုင်းလိုက်တော့ ကျောင်းထဲဝင်ဖို့မဟုတ်ပါဘူး၊ ကင်းပုန်းဝတ်ဖို့လာတာပါလို့ ပြောပြီး စစ်ကားတွေပြန်ထွက်သွားတယ်” ဟု အဆိုပါ စမ်းချေင်းဒေသခံက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်-ရန်ကုန် - ယမန်နေ့ညက မြောက်ဥက္ကလာပမြို့နယ်ရှိ ဒေါ်မေ၀င်း၊ ကိုလှမြင့်ဌေး၊ ဒေါ်နွဲ့နွဲဝင်းနှင့် ကိုလှသိန်းတို့ကို အာဏာပိုင်တို့ကဖမ်းဆီးလိုက်ကြောင်း အထိန်းသိမ်းခံများနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

အရှေ့ကြို့ကုန်း-ရန်ကုန် - အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၈ လမ်းရှိ ရွှေညောင်ပင်ကျောင်းတိုက်ကို ည ၇ နာရီကျော်တွင် စစ်တပ်က စီးနင်းရန်ကြိုးစားရာ မြို့နေလူထုကလက်မခံဘဲ တပ်ကိုပြန်ဝိုင်းသဖြင့် ပြန်လည်ဆုတ်ခွာပေးရသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

“ဘုန်းကြီးကျောင်းဆိုတာ စစ်ကားနဲ့ဝင်စရာမလိုဘူး။ ဆွေးနွေးစရာရှိရင် တာဝန်ရှိတဲ့သူ ၄ ယောက်ဆိုလည်း ၄ ယောက်ဝင် … စစ်ကားနဲ့ဝင်တာကိုတော့လက်မခံနိုင်ဘူးလို့ ရပ်ကွက်လူထုကပြောတော့ ပြန်ဆုတ်သွားတာ” ဟု ရန်ကုန်မြို့ခံက ပြောသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသောကြောင့် ရွှေညောင်ပင်ကျောင်းတိုက်ကို လုံခြုံရေးမပေးနိုင်သော်လည်း အရေးပေါ်အန္တရာယ်ကြုံပါက တုံးမောင်းခေါက်ရန် ရပ်ရွာလူထုက ဆရာတော်ကိုလျှောက်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။



စက်တင်ဘာလ ၂၉ ရက် ၂၀၀၇


ရန်ကုန်
- အဖမ်းခံရသည့် သံဃာတော်များကို သင်္ကန်းချွတ်ပြီး စစ်အစိုးရ၏အထူးခုံရုံးက ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု ရန်ကုန်ရှိ ဆရာတော်တပါးက ဧရာဝတီကို မိန့်ကြားသည်။

ထို့အပြင် သံဃာတော်များအားထောင်ဒဏ်ချမှတ်သည့် တရားခွင်ကို ရန်ကုန်ရှိ ကျောင်းထိုင် ဆရာတော်နှင့် တိုက်အုပ်ဆရာတော်များအား ခြိမ်းခြောက်သည့်သဘောဖြင့် ခေါ်ယူပြသခဲ့ကြောင်း တရားခွင်သို့ ကိုယ်တိုင် ခေါ်သွားခံခဲ့ရသည့် အဆိုပါဆရာတော်က မိန့်တော်မူသည်။

“၂၆ရက်နေ့  ညနေပိုင်းက အာဏာပိုင်တွေက ဘုန်းကြီးတို့ ဘုန်းကြီးကျောင်းကို လာပြီး ဆရာတော်ကို လာပင့် တယ်။ အခြားကျောင်းက ကျောင်းထိုင်ဆရာတော်တွေနဲ့ အတူပေါ့။ ဟိုရောက်တော့ သင်္ဏန်းချွတ်ပြီး လူဝတ်လဲ ခံထားရတဲ့ ဘုန်းကြီး ၈ ပါးကို တရားရုံးထဲမှာ တွေ့ ရတယ်။ သူတို့ အားလုံးကို ထောင်ဒဏ် ၆ နှစ်စီ အရေးပေါ် ချမှတ်လိုက်တယ်” ဟု လည်း ဆရာတော်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(အေအေပီပီ) ၏စာရင်းအရ သံဃာတော်များ စတင်ကံဆောင်သည့် စက်တင်ဘာ ၁၇ နေ မှစ၍ သံဃာတော် အပါး ၁၀၀၀ ခန့် အဖမ်းခံရကြောင်း သိရသည်။
အဖမ်းခံရသည့် သံဃာတော်များကို အင်းစိန်ထောင်နှင့် အင်းစိန် ဂျီတီအိုင် တို့တွင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း - မွန်းလွဲ ၃ နာရီကျော်တွင် သံဃာတော်အင်အား ၁၀၀၀ ကျော်နှင့် ပြည်သူ ၃ သောင်းခန့် စေတီကြီးဘုရားမှ စတင်၍ ချီတက်ဆန္ဒပြသည်ဟု ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တပါးက ဧရာဝတီကိုပြောသည်။

“မြို့နယ်လူထုက စိတ်ဓာတ်တွေတအားပြင်းပြနေတယ်။ တမြို့လုံးအတိုင်းအတားနဲ့ကို ပါမယ်ထင်တယ်။ စထွက်ကတည်းက အများကြီးပါသွားကြတယ်ဒကာကြီး။ ချီတက်ပွဲမစခင်ကတော့ စစ်ကားတွေ၊ ရဲကားတွေ မြို့ထဲမှာရှိတယ်လို့ကြားတယ်။ တားဆီမှုတွေရှိမရှိတော့ မသိရသေးဘူး” ဟု အဆိုပါ စာချဆရာတော်က ပြောသည်။

ချီတက်ဆန္ဒပြနေကြသည့်ပြည်သူများက စားဝတ်နေရေးပြေလည်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကြွေးကြော်ကြပြီး သံဃာတော်များက မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

ယမန်နေ့ညက ကျောက်ပန်းတောင်းမြို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးကျော်စိန်လှိုင် အပါဝင် ဦးသန်းလွင်၊ ဦးပေါ်အေး၊ ဦးမြင့်ရွှေ၊ ကိုရဲထွန်းနှင့် ကိုမြင့်စိုးတို့ ၆ ဦးကို ဆန္ဒပြပွဲအားဦးဆောင်သည်ဆိုကာ အာဏာ

ရန်ကုန်၊ မန္တလေးမြို့များတွင် ဘုန်းတော်ကြီးကျောင်းများကို အာဥာပိုင်က အကြမ်းဖက် စီးနင်းနှိမ်နင်း နေသောကြောင့် ကျောက်ပန်းတောင်းရှိသံဃာတော်များ အလားတူ အကြမ်းဖက်ခံရမည်ကို စိုးရိမ်လျက်ရှိသည် ဟုလည်း အဆိုပါ စာချဆရာတော်က ပြောသည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ

မကွေးတိုင်း အန်အယ်လ်ဒီဥက္ကဌ ဦးဇော်ဟန်အား ယမန်နေ့ည ၂ နာရီက ရန်ကုန်ရှိနေအိမ်တွင် အာဏာပိုင်တို့က လာရောက် ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ဧရာသတီကို ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြကိုလည်း ယမန်နေ့ည ၁၁ နာရီတွင် အာဏာပိုင်က စုံစမ်းမေးမြန်းရန်ဟုဆိုကာ နေအိမ်မှခေါ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ကမာရွတ်မြို့နယ် အန်အယ်လ်ဒီလူငယ်တာဝန်ခံတဦးဖြစ်သည့် မသန္ဒာနွယ်ဦးလည်း ယမန်နေ့ညက အဖမ်းခံရကြောင်း သိရသည်။ မသန္ဒာနွယ်ဦးသည် ၆ လ ကိုယ်ဝန်ဆောင်တဦးဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးသန်းဖေ၊ အဖွဲ့ဝင် ဦးထွန်းကြည်၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေနှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုပါတို့လည်း ယမန်နေ့ညက အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် - တောင်ဥက္ကလာပ မြို့နယ် မာဃလမ်း တွင် နေထိုင်သူ ကိုဖိုးဇော်သည် စက်တင်ဘာ ၂၇ ရက်က စစ်ကားကို ဟွန်းတီးမိ၍ အရိုက်အနှက်ခံရသည့် ဒဏ်ဖြင့် ယနေ့ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါနေ့က ကိုဖိုးဇော်သည် ကျောက်ပြား ၀ယ်ရန်ထွက်လာစဉ် စစ်ကားနှင့် ထိပ်တိုက်တွေ့ပြီး ဟွန်းတီးမိလိုက် သောကြောင့် စစ်သားများက ၎င်းကို ကားပေါ်မှ ဆွဲချ၍ ရိုက်နှက်ထားခဲ့ကြောင်း၊ ကိုဖိုးဇော်၏ ကား၊ ဟန်းဖုံးနှင့် အတူပါသွားသောငွေများ ပြန်မရကြောင်း၊ ကိုဖိုးဇော်၏ အလောင်းကိုလည်း ယခုအချိန်အထိ ပြန်မရသေးကြောင်း ကိုဖိုးဇော်နှင့် နီးစပ်သူတဦးကပြောသည်။

ယင်းတောင်ဥက္ကလာတွင်ပင် နေထိုင်သူများဖြစ်သည့် ကိုစိုးသန်း (ခ) ကိုစီတုန်း အသက် (၄၁)နှစ်၊ ကိုမျိုးမင်းထွန်း အသက် (၂၂) နှစ် နှင့် ကိုဇေယျာနိုင် အသက် (၁၈)နှစ် (၁၀ တန်း ကျောင်းသား)တို့ ၃ ဦးသည်လည်း စစ်သားများ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသွားကြကြောင်း သိရသည်။

စစ်တွေ - ရခိုင်ပြည်နယ် - ယနေ့ ညနေ ၃ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ သံဃာတော်အပါး ၅၀ ခန့်က ဦးဆောင်သည့် ဆန္ဒပြသူပေါင်း ၅၀၀၀ ခန့်က ဆန္ဒပြသည်ဟု မြို့ခံများကပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် ၁ နာရီခန့်ကြာပြီး အေးချမ်းစွာ ပြီးဆုံးသွားကြောင်း၊ စစ်တပ်က မြို့ထဲတွင် လုံခြုံရေးယူ ထားသော်လည်း အကြမ်းဖက်တိုက်ခိုက်မှု မပြုလုပ်ကြောင်းသိရသည်။

မန္တလေးမြို့- မန္တလေးတိုင်း - နေ့လယ် ၁ နာရီကစ၍ မန္တလေးပြည်သူတချို့ မော်တော်ဆိုင်ကယ်များစီး၍ ဆန္ဒပြကြကြောင်း မြက်မြင်သက်သေ တဦးက ဧရာဝတီကိုပြောသည်။

“မနက်ကတည်းက ၃၃ လမ်း ၃၄ လမ်းဘက်မှာ ဆိုင်ကယ်စီးပြီး ဆန္ဒပြကြွေးကြော်ကြတယ်၊ စစ်တပ်က လာပြီဆိုရင် မောင်းထွက် သွားကြတယ်၊ ညနေ ၅ နာရီထိုးတဲ့အထိ ၈၄လမ်းမှာ ရှိနေတုန်းပဲ၊ တပ်မ ၃၃ က လမ်းထောင့်တခုဆို ၉၉ က နောက်လမ်းထောင့် တခုစီခြားပြီး စစ်သားတွေကို လုံခြုံရေးချထား တယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အလားတူဆန္ဒပြပွဲများ မန္တလေးတွင် နေရာအနှံ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။


စက်တင်ဘာလ ၂၈ ရက် ၂၀၀၇


ကျောက်ပန်းတောင်း-မန္တလေးတိုင်း - ယနေ့ ညနေ ၃နာရီ ခွဲတွင် ဟေမာသီဝံကျောင်း၊ သုခ၀တီကျောင်း၊ အောင်မြေကျောင်းတို့မှ သံဃာတော် အပါး ၁၀၀၀ ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည် ဟုသိရသည်။ “ပြည်သူတွေကတော့ အရမ်းကိုအားပေးကြပါတယ်၊ သောက်ရေနဲ့ ဖျော်ရည်တွေ ကပ်လှူ တာအရမ်းများတယ်၊ အာဏာပိုင်တွေကတော့ ပိတ်ပင်ခြင်းမရှိသေးဘူး”ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန် - ဆန္ဒပြစစ်ကြောင်းဖြတ်သန်းသည့် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းအကြားရှိ ပန်းဆိုးတန်းလမ်းကို စစ်တပ်က ၂ ဘက်ပိတ်ကာဝင်ဖမ်းပြီး ထွက်ပြေးသူများအား သေနတ်ဖြင့်ပစ်သည်ဟု လွတ်မြောက်လာသူတဦးက ပြောသည်။

စစ်သားများ၏ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေနတ်ထိမှန်သည်ဟုလည်း ၎င်းကပြောသည်။

“ပိတ်မိနေတဲ့လူတွေအကုန်ကို ဖမ်းခေါ်တာ။ ပြေးတဲ့သူတွေကိုပစ်တယ်။ အဲဒီမှာ ၂ ယောက်ကျသွားတယ်။ ကျမရှေ့နားက ပြေးလာတဲ့သူတွေကိုလည်း စီးရိုက်ပြီး ခေါင်းဖော် ဒူးတုတ်ထိုင်ခိုင်းထားတယ်။ ၃၅ ယောက်လောက်ရှိတယ်” ဟု လွတ်မြောက်လာသူက ပြောသည်။

အဆိုပါနေရာတွင် ပြည်သူလူထု ၁၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

ပြည်သူလူထု ၅၀၀၀ ကျော်ပါသည့် ချီတက်ဆန္ဒပြစစ်ကြောင်းတကြောင်း ညနေ ၃ နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းရှေ့မှ ကြည့်မြင်တိုင်ဘက်သို့ ချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

၎င်းစစ်ကြောင်းကို ကျောင်းသားငယ်များကဦးဆောင်သွားပြီး သံဃာတော် ၂ ပါး ပါသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

မန္တလေးမြို့- မန္တလေးတိုင်း - ယနေ့ ဆန္ဒပြချီတက်မည့် သံဃာတော်များအား ချီတက်ခွင့်မရရန် မစိုးရိမ်ကျောင်းလမ်း၊ မြတောင် ကျောင်းလမ်းနှင့် ဘုရားကြီး ကျောင်းတိုက်တို့ တွင် စစ်တပ်များက တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု သိရသည်။

“ဘုရားကြီးကျောင်းဘက် လမ်းကို ပိတ်နေတာပဲ၊ လမ်း နှစ်ပြစာလောက်ရှိတဲ့ ရဲကားတွေ၊ မီးသတ်ကား၊ လုံထိန်းတွေကို ချထားတယ်၊သံဆူးကြိုး အထပ်ထပ်ချတယ်”ဟု မျက်မြင်တဦးက ပြောသည်။

မြောက်ပြင်ရှိ တိုက်တော်ကျောင်းကိုလည်း သံဃာတော်များချီတက်ခွင့်မရရန် ကျောင်းပေါက်ဝတွင် စစ်ကား ၈ စီးဖြင့် ပိတ်ဆို့ထားသည်ဟုသိရသည်။

“၈၄x၃၄ လမ်း ထောင့်မှာ မြတောင်ကျောင်းက သံဃာတော်တွေကို ချီတက်လို့မရအောင် ပိတ်ထားတယ်၊ သေနတ် လေးငါးချက်လောက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲတယ်၊ သံဃာတော် အပါး ၂၀၀ လည်းပိတ်မိနေတယ်၊ အဲဒီနေရာမှာ တမြို့လုံးက ပြည်သူတွေလည်း စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ရှိနေတယ်”ဟု အထက်ပါ မျက်မြင်က ပြောသည်။

ရန်ကုန် - လှိုင်မြို့နယ်ရှိ အင်တာနက်ဖြန့်ဖြူးရေးဌာနဖြစ်သည့် မြန်မာအင်ဖိုတက်ခ် အဆောက်အဦကို စစ်တပ်က သိမ်းလိုက်ပြီး အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ပန်းပဲတန်း၊ ကျောက်တံတားနှင့် လသာမြို့နယ်များတွင် နေ့လယ် ၁၂ နာရီကစ၍ အပြင်မထွက်ရန် အာဏာပိုင်က လော်စပီကာနှင့် လိုက်အော်ကြောင်း သိရသည်။

၁၂ နာရီကျော်တွင် ဆူးလေဘုရားပတ်ဝန်းကျင်ရှိ လူနေအိမ်များကို သန်းခေါင်စာရင်စစ်မည်ဟု လော်စပီကာဖြင့် လိုက်အော်ပြီး သန်းခေါင်းစာရင်းတွင် မပါသူများကိုဖမ်းရန် စီစဉ်နေသည်။ ဆန္ဒပြသမားများက အကြမ်းဖက်ဖြိုခွဲချိန်တွင် အဆိုပါအိမ်များသို့ ၀င်ပြေးသောကြောင့် ဖြစ်သည်။

ရန်ကုန် - နေ့လယ် ၁၂ နာရီခန့်က ထရိတ်ဒါးဟိုတယ်ရှေ့တွင် ချီတက်ဆန္ဒပြမည့်သူများ စုရုံးရောက်ရှိနေကြာင်း ဆန္ဒုပြသမားတဦးက ပြောသည်။

ချီတက်ပွဲကိုဦးဆောင်မည့် လွှတ်တော်အမတ်များက ဆန္ဒပြပွဲအားအကြမ်းဖက်မဖြိုခွဲရန်၊ စစ်သားများအား မေတ္တာရပ်ခံရန် စီစဉ်ထားကြောင်း သိရသည်။

ဆူးလေဘုရားပတ်ဝန်းကျင်၌ လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့-မန္တလေးတိုင်း - ယမန်နေ့ည ၇ နာရီခွဲတွင် သံဃာတော်များ ဘုရားဝတ်ပြုနေစဉ် ချမ်းမြသာစည်မြို့နယ်ရှိ ပေါက်မြိုင်ကျောင်းကို လက်နက်ကိုင်စစ်သားများဝင်ရောက်စီးနင်းကာ သံဃာအပါး ၄၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးသွား ကြောင်းသိရသည်။

“သံဃာတော်တွေဘုရားဝတ်ပြုနေတာကို ဖိနပ်တောင်မချွတ်ဘူး၊ နောက်ကနေဂုတ်ကိုခွစည်းပြီးတော့ ခေါင်းကိုထုတယ်။ တချို့ပြေးတဲ့သံဃာတွေလောက်ပဲလွတ်တယ်” ဟု သံဃာများနှင့်နီးစပ်သူတဦးက ပြောသည်။

ထိုသတင်းကို ကြားသဖြင့် မန္တလေးမြို့ရှိအခြားကျောင်းတိုက်များတွင် အကြမ်းဖက်မှုများကကာကွယ်ရန် ပြင်ဆင်နေသည် ဟုလည်းသိရသည်။

“တုတ်၊ ဓါး၊ လှံ၊ ဂျင်ဂလိတွေကိုပေါ့နော် စုမယ်၊ ကင်းပုန်းထားမယ် … သူတို့အကြမ်းဖက်ဝင်လာပြီဆိုရင် တုံးခေါက်၊ မောင်းတီးပြီး အချက်ပေးမယ်” ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန် - ယနေ့ပြုလုပ်မည့် ရန်ကုန်ရှိ လူထုချီတက်ဆန္ဒပြပွဲကို လွှတ်တော်ကိုယ်စားလှယ်ကဦးဆောင်မည်ဟု ကိုယ်စားလှယ်များနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ဆူးလေ-ရန်ကုန် - မြို့တော်ခန်းမရှေ့တွင် မီးသတ်ကား ၁၀ စီး၊ ဗန္ဓုလပန်းခြံရှေ့တွင် စစ်ကားအလွတ် ၁၂ စီး အသင့်ရပ်ထာပြီး ဆူးလေဘုရားသို့ ဆန္ဒပြစစ်ကြောင်းချီတက်၍မရအောင် သံဆူးကြိုးများဖြင့်ပိတ်ထားကြောင်း သိရသည်။

ကန်တော်ကြီးပန်ခြံနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်ရုံးတွင်လည်း စစ်တပ်များ တပ်စွဲထားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

စက်တင်ဘာလ ၂၇ ရက် ၂၀၀၇

ကျိုက္ကဆံကွင်း (မြင်းကွင်း) အနီး-ရန်ကုန်
- ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဦးဆောင်ကာ သင်္ကန်းကျွန်းဘက်သို့ ချီတက်လာသည့် ဆန္ဒပြစစ်ကြောင်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ လေးထောင့် ကန်လမ်းသို့ ချိုးကွေ့အပြီး အမျိုးသားစာကြည့်တိုက်ရှေ့သို့ရောက်သောအခါ စစ်သားများက ဆန္ဒပြစစ်ကြောင်းကို ထိပ်ဆုံးနှင့်နောက်ပိုင်း ၂ ဘက်ညှပ်ကာ ပစ်ခတ်နှိမ်နင်းကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူများက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတပ်ဦးကို အမျိုးသားစာကြည့်တိုက်ရှေ့တွင် အသင့်စောင့်နေသည့် လုံထိန်းနှင့် စစ်သားများက ပစ်ခတ် သည်ဟု တပ်ဦးရှိ ဆန္ဒပြသမားတဦးကပြောပြီး တောင်မြင်းပြိုင်ကွင်းလမ်းမှ ထွက်လာသည့် စစ်ကား ၅ စီးပေါ်မှ စစ်ကြောင်း နောက်ပိုင်းကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းလမ်းထောင့်ရှိ အထက (၃) တာမွေ အထက်တန်းကျောင်းမှ ဆရာမတဦးက ပြောသည်။

အထက (၃) တာမွေရှေ့ရှိ ဆန္ဒပြသမားများအနက် ၃ ဦးသေနတ်မှန်ကာလဲကျသွားသည်ကို တွေမြင်ရကြောင်း အဆိုပါ ဆရာမက ပြောသည်။ အကြမ်းဖက်ဖြိုခွဲချိန်သည် နေ့လယ် ၂ နာရီခွဲခန့် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြစစ်ကြောင်းကိုပူးပေါင်းရန် သင်္ကန်းကျွန်းဘက်မှ သံဃာအင်အား ၃၀၀ နှင့် ပြည်သူလူထု ၃ သောင်းကျော် ချီတက်လာရာ လေးထောင့်ကန်လမ်းမပေါ်တွင် စစ်သားနှင့် လုံထိန်းများက နံပါတ်တုတ်များဖြင့်ဝင်ရိုက်ကာ ဖြိုခွဲခဲ့သည် ဟုလည်း ၎င်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတဦးက ပြောသည်။

နေ့လယ် ၁၂ နာရီကျော်က ဆူးလေရှိဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်စဉ်က သေနတ်မှန်သေဆုံးခဲ့သည့် နိုင်ငံခြားသားမှာ ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ဖြစ်သည်ဟု နိုင်ငံခြားတသင်းဌာနတချို့က အတည်ပြု ပြောဆိုသည်။

ရန်ကုန် - ယမန်နေ့ညက ခြောက်ထပ်ကြီးသိပ္ပံကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာအားလုံးကို အာဏာပိုင် များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ကျောင်းတံခါးကိုလည်း ပိတ်ထားလိုက်သည်ဟု ဒေသခံ တဦးကပြောသည်။ သိပ္ပံကျောင်းတွင် သံဃာ အပါး ၂၀-၃၀ ခန့်ရှိသည်ဟု ဆိုသည်။

အလားတူ ခြောက်ထပ်ကြီး သသနာ့ ဂုဏ်ရည်ကျောင်းမှ ဆရာတော်နှင့် သံဃာများကိုလည်း ဖမ်းဆီးပြီး ကျောင်းတံခါးကို ပိတ်ထားကြောင်း သိရသည်။

အမရပူရမြို့- မန္တလေးတိုင်း - နေ့လယ် ၁၂နာရ်ီခွဲခန့်တွင် မဟာဂန္ဓာရုံကျောင်းတိုက် မှ သံဃာ အပါး ထောင်ကျော် ချီတက် ဆန္ဒပြသည် ဟုသိရသည်။

“ကျောင်းအရှေ့ဘက် မုခ်မှာ တပ်တွေ၊ လုံထိန်းတွေ၊ သံဆူးကြိုး အလိပ်လိုက် ချထားတယ်၊ အနီရောင် ကြယ်ပွင့်နဲ့ ဒိုင်းတွေ ကိုင်ထားတဲ့ လူတွေရှိတယ်၊ သံဃာတော်တွေက အနောက်ဘက် မုခ်ကနေ တောင်သမန် ကန်ပတ်လမ်းအတိုင်း ချီတက်သွားကြတယ်” ဟု မျက်မြင်တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာတော်များချီတက်ရာသို့ တောင်သမန် ကန်ပတ်လည်ရှိ ကျောင်းတိုက်များမှ သံဃာများ လည်း ပူးပေါင်းချီတက်ကြောင်း၊ စစ်တပ်က ချီတက်ရာသို့ နောက်မှ တောက်လျှောက် လိုက်နေသည့် အတွက် တ နာရီခန့်သာ ချီတက်ပြီး သံဃာများ ကျောင်းသို့ ပြန်ကြွသွားကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့ကလည်း ကျောင်းတိုက်များရှေ့တွင် အလားတူပိတ်ဆို့ထားသည့် အတွက် သံဃာတော်များမှာ ကျောင်းပေါက်ဝ ၌ပင် မေတ္တာသုတ်ရွတ်ဆိုခဲ့ရသည် ဟုသိရသည်။

ကသာမြို့- စစ်ကိုင်းတိုင်း - နေ့လယ် တနာရီ ၁၅မိနစ်မှ ၁နာရီ ၄၅မိနစ် အထိ မဟာလေးထပ်ကျောင်းရှိ သံဃာတော် အပါး ၅၀ ခန့် ဒုတိယအကြိမ် ဆန္ဒပြ လမ်းလျှောက်သည် ဟုသိရသည်။

“ကျောင်းအပြင်ဘက်မှာ အာဏာပိုင်တွေကရှိနေတော့ လူတွေဒုက္ခမရောက်အောင်လို့ ကျောင်းဝင်းထဲမှာရှိတဲ့ တာသတိံသာ မဟာအဘယ စေတီတော်မှာပဲ ၉ကြိမ် ပတ် မေတ္တာသုတ်ရွတ်ခဲ့ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း ၎င်းသံဃာတော်များ မြို့အနှံ့ ဆန္ဒပြချီတက်ရာ ပြည်သူ ၁၅၀၀ ခန့် သံဃာတော်များနှင့် အတူ လိုက်ပါလာသည် ဟုလည်းသိရသည်။

ထရိတ်ဒါးဟိုတယ်-ရန်ကုန် - မွန်းလွဲ ၃ နာရီကျော်က ဆူးလေဘုရားလမ်းရှိ ထရိတ်ဒါးဟိုတယ်ကို စစ်သားများ ၀င်ရောက်ကာ တထပ်ချင်းစီရှိ နိုင်ငံခြားသားများအပါအ၀င် တည်းခိုနေသူများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

ရန်ကုန် - ဆူးလေဘုရားအနီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရသည့် ဆန္ဒပြသမားများကို ကျောင်းသားငယ်များကဦးဆောင်ကာ ဆက်လက်ချီတက်နေသည်ဟု ဆန္ဒပြသမားတဦးက ဧရာဝတီကိုပြောသည်။

“တပ်ဦးက ခွပ်ဒေါင်းအလံထောင်ထားပြီး ကျောင်းသား လူငယ်အများစုက ဦးဆောင်ပြီးချီတက်နေတယ်။ ကြွေးကြော်သံ တွေက ဖမ်းဆီးသံဃာ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ... ဒါမျိုးတွေပေါ့။ လူကတော့ ပြောရရင် သိန်းချီမယ်၊ လူတန်းက အခုအ၀ိုင်းထိပ် (တာမွေလမ်းဆုံ) ကို တပ်ဦးကရောက်နေပြီ၊ နောက်ကို လှည့်ကြည့်တော့ လူတန်းက မျက်စိတဆုံးမှာ မဆုံးသေးဘူး” ဟုလည်း ဆန္ဒပြသမားက ပြောသည်။

ဆူးလေဆန္ဒပြပွဲတွင် ကျောင်းသားလူငယ် ၁၀၀ ကျော် အဖမ်းခံရကြောင်း သိရသည်။

ဆန္ဒပြစစ်ကြောင်းသည် ဆူးလေအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ပုဇွန်တောင်၊ ၎င်းမှတဆင့် အမဲဈေး၊ ကျောက်မြောင်း၊ တာမွေလမ်းဆုံတို့ကို အဆင့်ဆင့်ဖြတ်ကာ သင်္ကန်းကျွန်းဘက်သို့ ဦးတည်လျက်ရှိသည်။ တာမွေလမ်းဆုံသို့ မွန်းလွဲ ၃ နာရီကျော်တွင် ရောက်ရှိသည်။

စစ်အစိုးရက ရန်ကုန်မြို့ မြို့နယ်ရပ်ကွက်အသီးသီးရှိ ရယက ရုံးတရုံးလျှင် တီရှပ်နှင့် လုံချည် အထည် ၅၀ စီပေးရန် အမိန့်ထုတ်ထားသောကြောင့် ယမန်နေ့ညကစ၍ ဖမ်းဆီးခဲ့သည့်သံဃာတော်များအား လူဝတ်လဲရန် ပြင်ဆင်နေသည် ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

မန္တလေးမြို့- မန္တလေးတိုင်း - နေ့လယ် ၁နာရီ ခန့်တွင် ဘုရားကြီးရှိ ကျောင်းတိုက်များ၊ ဒမိကာရာမ ကျောင်းတိုက်၊ အာသောကာရာမ ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက် ဆန္ဒပြနေကြောင်းသိရသည်။

“နာရီဝက်လောက် တုံးခေါက်တယ်၊ လက်ခတ်မောင်းတီးတယ်၊ ဘုရားကြီအရှေ့မုခ်မှာ လုံထိန်းတွေ စစ်တပ်တွေ သံဆူးကြိုး အထပ်ထပ်နဲ့ ပိတ်ထားလို့ အနှောက်ဘက်မုခ်ကနေ စထွက်တယ်၊ သံဃာ တွေ ထွက်သွားတာနဲ့ သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေ လက်ခုတ်သံကို ကြားနေရတယ်” ဟု ဘုရားကြီး ကျောင်း တိုက်ရှိ ဦးပဉ္ဖင်းတပါး ကပြောသည်။

လူထူထပ်ရာ ဖြစ်သည့် ဈေးချိုဘက်သို့သွားရာ လမ်းမများ၊ ဦးပွားဘုရား၊ မန်းမြို့ဈေးဘက်များ တွင် စစ်တပ်နှင့် လုံထိန်းများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားသည် ဟုလည်း သိရသည်။

ဆူးလေဘုရား-ရန်ကုန် - နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းနေစဉ် တီရှပ်အပြာရောင်ဝတ် နိုင်ငံခြားသားတဦးကို သေနတ်မှန်ကာ လဲကြသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါနိုင်ငံခြားသားသည် သတင်းထောက်ဖြစ်နိုင်ပြီး ၎င်းအား စစ်သားများကဆွဲသွားသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်ဘက်က သေနတ်ဖြင့်ပစ်သည့်အပြင် မျက်ရည်ယိုဗုံးများလည်းသုံးကြောင်း ဆန္ဒပြသမား ၁၀ ဦးခန့် သေနတ်ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် - ယနေ့ နံနက် ၉ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ် ကျက္ကဆံ ဘုရားအနီးတွင် လုံထိန်းများနှင့် ပြည်သူများ အကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ အနည်းဆုံး မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲခဲ့သည်ဟု ဘုရားဖူး လာသူ မျက်မြင်တဦးကပြောသည်။

စစ်သား ၆၀၀ ခန့်နှင့် ရဲ ၁၀၀ ခန့်က စောင့်ကြပ်နေပြီး ဘုရားဖူးလာသူများကို စစ်တပ်နှင့် ရဲက ဘုရားပရ၀ဏ် အတွင်းမှ အပြင်သို့ထွက်ရန် အမိန့်ပေးနှင်ထုတ်နေကြောင်း သိရသည်။

လုံထိန်းများက လူ ၄ ဦးခန့်ကို ရိုက်နှက် ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် လမ်းများကို လုံထိန်းများက ပိတ်ဆို့ထား သည်ဟုလည်း သိရသည်။

အဆိုပါ စစ်သားများမှာ တပ်မ ၇၇ မှဖြစ်ကြောင်း၊ လူအများက သံဃာတော်များ ကို အကြမ်းဖက် သတ်ဖြတ်ခြင်း အပေါ် မကျေမနပ်ဖြစ်နေသောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်နေကြောင်း၊ ယခု ဖြစ်ပွားမှုတွင် သံဃာတော်များ
လုံးဝ ပါဝင်ဘဲ ပြည်သူလူထုနှင့် အာဏာပိုင်များအကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်းလည်း မျက်မြင် သက်သေကပြောသည်။

လတ်တလောအခြေအနေမှာ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်တွင်လည်း စစ်သားများက လုံခြုံရေး ယူထားသည်ဟု သိရသည်။

အာဏာပိုင်များက အန်အယ်လ်ဒီ ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်း၊ အန်အယ်လ်ဒီ ပါတီ ဧရာဝတီ တိုင်းစည်းရုံးရေးမှူး ဦးလှဖေ၊ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးကျင့်ရှင်းထန် တို့ကို ယမန်နေ့ညတွင် ဖမ်းဆီးခဲ့သည်။

ရန်ကုန် - နေ့လယ်တနာရီခန့်တွင် ငွေကြာရံ ပရိယတ္တိစာသင်တိုက်အနီး သစ္စာလမ်းမကြီးနှင့် ဗဟိုလမ်းအနီး ကြံ့ဖွံ့များကိုရှေ့တွင်ထားကာ စစ်တပ်ကနောက်မှရံ၍ လုံခြုံရေးယူထားသည်။

ပြည်သူလူထုက ၎င်းတို့အားကျောက်ခဲနှင့်ပစ်သဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးဖြင့်ပြန်လည်ပစ်ခတ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

ယမန်နေ့ည ငွေကြာရံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းစဉ်က ထွက်ပြေးလွတ်မြောက်သွားသည့် သံဃာအပါး ၁၀၀ ခန့်လည်း အဆိုပါပြည်သူများနှင့် အတူရှိနေကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတပါး ပျံလွန်တော် မူသည်ဟူသော သတင်းများလည်း ထွက်နေသည်။

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်ကိုလည်း အာဏာပိုင်ကစီးနင်းဝင်ရောက်ကာ ကျောင်းထိုင် ဆရာတော် အပါအ၀င် သံဃာအားလုံးကိုဖမ်းဆီးသွားသည်ဟု ရန်ကင်းတွင်နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။

နေ့လယ်တနာရီခန့်က ဆူးလေဘုရားအနီးတွင် ချီတက်ဆန္ဒပြနေသူများကို လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရမှုများကို စုံစမ်း၍မရသေးပေ။

ကျောက်ပန်းတောင်းမြို့နယ် နှင့် ညောင်ဦးမြို့နယ် - မန္တလေးတိုင်း - ယနေ့နံနက်ပိုင်း ၃နာရီ ခန့်တွင် ကျောက်ပန်းတောင်း မြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များ ဖြစ်သည့် ဦးကျော်စိန်လှိုင်၊ ဦးမြစိုး၊ ဦးပေါ်အေး၊ ကိုသန်းလွင်၊ ကိုဝင်းရွှေ၊ ကိုရဲထွန်း တို့ ၆ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံတဦးကပြောသည်။

ယခုဖမ်းဆီးထားသူများကို မြင်းခြံထောင်သို့ ပိုလိုက်သည် ဟုလည်းသိရသည်။

အလားတူ ညောင်ဦးမြို့တွင်လည်း အန်အယ်ဒီပါတီဝင်များ ဖြစ်သည့် ဒု ဥက္ကဌ ဦးကိုလှ၊ အတွင်းရေးမှူး ဦးအေးကို၊ အန်အယ်လ်ဒီ လူမှု အထောက်အကူအဖွဲ့က ဦးမျိုးသန်း တို့ ၃ဦးကို ယမန့်နေ့ည ၁၂နာရီ ခွဲတွင် ညောင်ဦးရဲ စခန်းမှ လာရောက် ဖမ်းဆီသွားသည်ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့-မကွေးတိုင်း - ယမန်နေ့က ၁၂း ၃၀ နာရီခန့်တွင် မြင်းခြံမြို့ရှိ သံဃာတော် အပါး ၃၀၀၀ ခန့်နှင့် ပြည်သူလူထု ၁၀၀၀၀ ခန့် ပါဝင်ပြီး ချီတက်ဆန္ဒပြသည်ဟု မြင်းခြံ ကိုးဆောင်တိုက်မှ ဆရာတော်တပါးက ပြောသည်။

ယင်း ဆန္ဒပြအဖွဲ့သည် နေ့လယ် ၂ နာရီခန့်တွင် အေးချမ်းစွာရုတ်သိမ်း လိုက်သည်ဟု သိရသည်။

ယမန်နေ့က ရန်ကုန်မြို့တွင် အာဏာပိုင်များက စစ်တပ်၊ ရဲ၊ လုံထိန်းများကို သုံး၍ ဆန္ဒပြ သံဃာတော်များအား ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် သံဃာတော်များကို ထပ်မံစော်ကားခြင်းဖြစ်သည်ဟုလည်း ဆရာတော်က ပြောဆိုသည်။

“အခု အဖြစ်အပျက်ကတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ နိုင်ငံအ၀န်းဖြစ်တာက အစက ပခုက္ကူက ဖြစ်တာ ၀န်ချတောင်းပန်လိုက်ရင်အေးသွားမှာ၊ အဲဒီက စတဲ့ မီးပါပဲ၊ အခုလည်း တခါ စော်ကားပြန်ပြီ ဆိုတော့ လူကြားလို့လည်း မကောင်း ၊ မြင်ရသူလည်း မကောင်း ၊ ကြားရသူလည်း မကောင်းပါဘူး”ဟု ကိုးဆောင်တိုက် ဆရာတော်က မိန့်ကြားသည်။

ရန်ကုန် - ယမန်နေ့ည ၁၂ နာရီခွဲတွင် လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက၊ ဦးဣနြ္ဒိယ၊ ဦးနန္ဒိယ၊ ဦးမေသုတို့အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင်တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျောင်းပေါ်တက်တော့ ဖိနပ်တွေလဲမချွပ်ဘူး။ ကိုရင်တွေကို ခြေထောက်နဲ့ကန်နှိုးပြီး ဦးပဉ္ဇင်းတွေဘယ်မှာ အိပ်လဲ မေးတယ်။ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ။ ဆရာတော်ကိုလဲရိုက်ပြီးအပြင်ထုတ် ခေါင်းကိုလဲ သင်္ကန်း အုပ်ခိုင်းထားတယ်” ဟု အခြေအနေအစအဆုံးကို ကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီကိုပြောသည်။

ကိုအိုးဝေသည် အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ခြေထောက်တဘက်ကျိုးသွားသူ ဖြစ်သည်။

စစ်သားများက မဂ္ဂင်ကျောင်းတိုက်အတွင်းမှပြန်ထွက်ချိန်တွင် ကျောင်းတံခါးသော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ကိုအိုးဝေက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ ပရိယတ္တိစာသင်တိုက်ကိုလည်း ယမန်နေ့ ၁၂ နာရီကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက်စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်အနီးတွင် နေထိုင်သည့် ကျောင်သူတဦးက “ညက သေနတ်သံတွေကြားရတယ်။ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်း ကြားရတယ်။ မနက်ဘက်သွားကြည့်တော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ဖျက်ဆီးထားတယ်။ သွေးကွက်တွေလည်း အများကြီးတွေ့တယ်” ဟု ဧရာဝတီကို ပြောသည်။

ငွေကြာရံကျောင်း၌ အဖမ်းခံရသည့်သံဃာများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌ ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

စစ်သားများနှင့် လုံထိန်းများသည် ငွေကြာရံကျောင်းတိုက်ရှိ သံဃာများ၏ ငွေကြေး၊ ရေဒီယိုများကို ယူဆောင်သွားကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း - နေ့လယ် ၁၁ နာရီခန့်တွင် နန်းရှေ့ဘက်ရှိ သာသနာ့ တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော် စတင် ဆန္ဒပြချီတက်နေသည်ဟု သိရသည်။

“ဒီနေ့ထူးခြားတာပေါ့နော်၊ သာသနာ့ တက္ကသိုလ်က ထွက်တာလေ၊ ကုသိုလ်တော် ဘုရားဘက်ကိုချီတက် သွားကြပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဘုရားကြီးကျောင်းတိုက်ရှေ့တွင်လည်း ရဲများအပြည့်ဝန်းရံထားပြီး မြတောင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်များ အနီးတ၀ိုက်တွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ မီးသတ်ကားများကို အဆင်သင့် ပြင်ထားသည်ဟု ၎င်းကဆိုသည်။

“ဒက္ခိဏရာမ ကျောင်းတိုက်ရှေ့မှာ စာကပ်ထားတယ်၊ စာထဲမှာ စစ်သားဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက် နှိမ်နင်းရင် ပြည်သူ မဟုတ်ဘဲ စစ်ဘီလူးသာ ဖြစ်မည်လို့ ရေးထားပါတယ်"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ယမန်နေ့က မျက်ရည်ယို ဗုံးသုံးမှုကြောင့် ညောင်ကန် ကျောင်းတိုက်မှ သံဃာတော်တချို့ မျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရသည် ဟုလည်း သိရသည်။

No comments: