ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Tuesday, November 6, 2007

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်း(စက်တင်ဘာ ၁၉ မှ ၂၃)

စက်တင်ဘာ ၂၃ ရက် ၂၀၀၇

မုံရွာ-စစ်ကိုင်းတိုင်း
- နေ့လယ် ၁၂ နာရီကျော်က သံဃာအပါး ၁၀၀ ခန့် မုံရွာမြို့အတွင်း ချီတက်ဆန္ဒပြကြသည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန် - နေ့လယ် ၃ နာရီခန့်တွင် သံဃာအပါး ၅၀၀၀ အထိတိုးမြင့်သွားပြီး ဆန္ဒပြစစ်ကြောင်းသည် ဆူးလေဘုရားသို့ ရောက်ရှိကြောင်း မျက်မြင်သက်သေတဦးကပြောသည်။

ဆန္ဒပြသံဃာများက အားပေးထောက်ခံသည့်ပြည်သူမျာအား ပူးပေါင်းပါဝင်ရန် နှိုးဆော်သည်ဟုလည်း သိရသည်။

ဆန္ဒပြသံဃာတော်များအပါအ၀င် ပြည်သူလူထု ၂၀၀၀၀ ကျော် ချီတက်နေကြောင်း သိရသည်။

ရန်ကုန် - နေ့လယ် ၂ နာရီခန့်တွင် သံဃာအပါး ၂၀၀၀ ကျော်၊ သီလရှင်အပါး ၂၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ မြို့ထဲသို့ ချီတက်ဆန္ဒပြကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ဒီနေ့တော့ ကြွေးကြော်သံတွေအော်တယ်။ တွေ့ဆုံဆွေးနွေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး … ဒို့အရေး၊ … ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး … ဒို့အရေး ဆိုပြီး အော်တယ်” ဟုလည်း အဆိုပါမြက်မြင်သက်သေက ပြောသည်။

ထို့အပြင် ဆန္ဒပြသံဃာတော်များက ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အလှူငွေများကောက်ခံကြပြီး အားပေးထောက်ခံသည့် ပရိသတ်များကိုလည်း အလှူငွေထည့်ရန် နှိုးဆော်သည်ဟု ၎င်းကပြောသည်။

ချီတက်ဆန္ဒပြနေသည့်သံဃာတော်များ၏ဘေးတွင် ကျောင်းသားလူငယ်များက လက်ချင်းချိတ် လိုက်ပါကြပြီး ပြည်သူများလည်း လိုက်ပါအားပေးနေကြောင်း စုံစမ်းသိရှိရသည်။

မန္တလေး - နေ့လယ် ၁၂ နာရီခွဲတွင် ဘုရားကြီးအရှေ့ဘက်မုခ်မှစ၍ သံဃာအပါး ၆၀၀ ကျော်ဖြင့် ချီတက်ဆန္ဒပြပွဲကို စတင်သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

“တခြားသံဃာတွေက မမှီလိုက်လို့ထင်တယ်၊ ဒိုင်နာကား ၂ စီးနဲ့ အခုလေးတင်လိုက်သွားတယ်။ အပါး ၁၅၀ လောက်ရှိမယ်” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ပြည်သူအများကလည်း သံဃာတော်များချီတက်ရာလမ်းတလျှောက် လိုက်ပါအားပေးနေကြောင်းလည်း သိရသည်။

မြစ်ကြီးနား-ကချင်ပြည်နယ် - နေ့လယ် ၁၁ ခန့်က မြစ်ကြီးနားတွင် သံဃာတော်အပါး ၃၀၀ ခန့် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြ နေသည်ဟု မြို့ခံတဦးကပြောသည်။

အဆိုပါဒေသခံနှင့် ဧရာဝတီဆက်သွယ်ချိန် နေ့လယ် ၁ နာရီအထိ မြစ်ကြီးနားတွင် သံဃာတော်များ ဆက်လက် ချီတက်ဆန္ဒပြနေကြောင်းနှင့် ပြည်သူလူထုအများအပြားလည်း အားပေးချီတက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။


စက်တင်ဘာ ၂၂ ရက် ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ်
- ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃမဟာနာယကအဖွဲ့ဆရာတော်များနှင့် ဒေသအာဏာ ပိုင်များက သံဃာတော်များဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်သော အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို စစ်တွေမြို့ လောကနန္ဒာ ဘုရားတွင်ကျင်းပခဲ့ပြီး သံဃနာယက ဥက္ကဌ ဆရာတော် အပါအ၀င် ကျောင်းထိုင်ဆရာတော်အပါး ၅၀ ခန့် တက်ရောက်သည်ဟု မြို့ခံ ဆရာတော်တပါးက ပြောသည်။

“အစည်းအဝေးမှာ ဥက္ကဌ ဆရာတော်က သံဃာတွေ ဆန္ဒမပြဖို့ပြောတာ ကျန်တဲ့ ဘုန်းကြီးတွေက လက်မခံတော့ ဆန္ဒပြရင် အကြမ်းမဖက်ဖို့ ညင်ညင်သာသာ ပြဖို့ပြောပြီး အဖွဲ့တဖွဲ့လိုက်တယ်”ဟု အထက်ပါ ဆရာတော်က ပြောသည်။

ရန်ကုန် - ယနေ့နေ့လယ် ၃း ၃၀ နာရီခန့်က သံဃာတော် အပါး ၃၀၀ ခန့်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှဖြတ်ကာ မေတ္တာသုတ် ရွတ်ဆို၍ ဆန္ဒပြချီတက်သွားကြောင်း မျက်မြင် တဦးက ပြောသည်။

“ဒေါ်စုအိမ်ရှေ့က အတားအဆီးတွေကို ဘုန်းကြီးတွေက မေတ္တာသုတ်ရွတ်ရင်းကျော်ဖြတ်ပြီး ဖြည်းဖြည်း လျှောက်သွား ကြတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ သံဃာတော်များသည် တရုတ်သံရုံးဘက်သို့ ဆက်လက်ချီတက်သွားသည်ဟုလည်း သိရသည်။

ရန်ကုန် - ယနေ့နံနက် ၁၁း ၃၀ နာရီခန့်က ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှ စတင်၍ သံဃာတော် အပါး ၁၀၀၀ ခန့် သည် တရုတ်နိုင်ငံ သံရုံးဘက်သို့ ချီတက် ဆန္ဒပြကြောင်း ရန်ကုန်မြို့က သံဃာတော် တပါးက ပြောသည်။

“သံရုံးရှေ့မှာ ခဏရပ်ပြီး မေတ္တာသုတ်ရွတ်တယ်၊ ပြီးတော့ ဆက်လျှောက်သွားကြတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆန္ဒပြသံဃာတော်များသည် ဒဂုန်မြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့မှ ထွက်ခွာ သွားပြီး ဆက်လက်ချီတက် နေကြောင်း သိရသည်။

စစ်ကိုင်းမြို့-စစ်ကိုင်းတိုင်း - ယနေ့နံနက် ၁၂ နာရီ ကနေ စတင်၍ သံဃာတော် အပါး ၂၀၀ ခန့်သည် စစ်ကိုင်းမြို့ ကျစွယ် ကျောင်း မှ ထွက်ခွာပြီး ချီတက် ဆန္ဒပြ ကြောင်း သိရသည်။

“ရှေ့ဆုံးက ကိုယ်တော်တပါးက သပိတ်ကိုမှောက်ကိုင်လာတယ်၊ သာသနာ့အလံကို သံဃာ ၂ ပါး ကကိုင်လာ တယ်၊ ၂ ပါး တတန်းလျောက်တယ်၊ အစတုန်းက အပါး ၂၀၀ လောက် လျှောက်နေပေမယ့် နောက်ထပ် ၁၀ ပါးလောက်လိုက်လာ ကြသေးတယ်” ဟု ဒေသခံ မျက်မြင်တဦးကပြောသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သာအေးက သံဃာများကိုဆန္ဒမပြရန် ထိန်းသိမ်းပေးစေလိုကြောင်း စစ်ကိုင်းမှ ဆရာတော်ကြီးတပါးကို လျှောက်ထားသည်ဟု လည်း သိရသည်။

“ဆရာတော်က သံဃာ ကိစ္စဖြစ်တယ်၊ ၀ိနည်း နဲ့အညီ လုပ်ရခြင်းဖြစ်တယ်၊ ဒါကိုဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ အားလုံးမှာ တာဝန်ရှိတယ်၊ စည်းကမ်း ထိန်းသိမ်းတဲ့ အပိုင်းမှာသာ မဟုတ်ဘူးလို့ပြောတယ်”ဟု ၎င်းဆရာတော်ကြီး နှင့် နီးစပ်သူ ဒေသခံတဦးကပြောပြသည်။

အာဏာပိုင်များဘက် က ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူသည်ဟုလည်း ဆိုသည်။

မန္တလေးမြို့-မန္တလေးတိုင်း - ယနေ့နံနက် ၉ နှာရီမှ စတင်၍ မစိုးရိမ် ကျောင်းတိုက်သစ်၊ တိုက်ဟောင်းနှင့် မြတောင် ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၂၀၀၀ ခန့် ဈေးချိုဘက်သို့ ဆန္ဒပြချီတက် သပိတ်မှောက်ကြောင်း ကိုယ်တိုင်
ပါဝင်ခဲ့သည့် မစိုးရိမ်တိုက်သစ်မှ သံဃာတပါးက ပြောသည်။

“သံဃာသုံးပါးက သာသနာ့ အလံကိုင်တယ်၊ ငါးယောက် တတန်းတန်းစီပြီး၊ အလွန် စည်းကမ်းရှိရှိ မေတ္တာ သုတ်ရွတ် ချီတက်နေကြတယ်၊ သံဃာတော်တွေက ပြည်သူတွေ အနှောင့်အယှက် မရှိအောင် အကပ်မခံဘူး၊ ရေသန့်ကပ်တာတောင် အကပ်မခံဘူး၊ အာဏာပိုင်တွေဘက်ကလည်း သံဃာတော် တွေအနားက ကပ်မလိုက်ရဲဘူး၊ လမ်းထောင့်တွေကပဲ ၇ ယောက်လောက်က မှတ်တမ်းယူနေတယ်ဟု”ဟု မန္တလေးမြို့နေ မျက်မြင်တဦးကပြောသည်။

လမ်းတလျှောက်တွင် ဆန္ဒပြသံဃာများကို အားပေးသည့် ပြည်သူလူထုမှာ များပြားသောကြောင့် လမ်းပိတ်ထားရသည် ဟုလည်း ၎င်းကဆိုသည်။

မစိုးရိမ်ကျောင်းတိုက်သစ်ဘက်မှ ၃၈လမ်း၊ ၈၂လမ်း မှ ဈေးချိုဘက်၊ အိမ်တော်ရာ ဘုးရား၊ ထို့နောက် အမှတ်(၅) ကားလိုင်း လမ်းအတိုင်းသွားပြီး မစိုးရိမ်းကျောင်းတိုက် ဟောင်း ဘက်သို့ ပြန်ကြွကြကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက် ၂၀၀၇

ရွှေဘို - စစ်ကိုင်းတိုင်း
- ယနေ့ နေ့လယ် ၁၂း၃၀ - ၁ နာရီ ခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် သံဃာတော် အပါး ၇၀ ကျော်က ရွှေဘိုဈေး အနီးဝန်းကျင်တွင် မေတ္တာသုတ် ရွတ်ဆို၍ ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရ သည်။ အာဏာပိုင်များက ယင်းဆန္ဒပြ သံဃာတော်များနောက်မှ လိုက်လံ ကြည့်ရှုခဲ့သော်လည်း ပြီးဆုံးချိန်အထိ တစုံ တရာ နှောင့်ယှက်မှုများ မပြုလုပ်ကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြသံဃာများကို လက်ခုပ် လက်ဝါးတီး၍ အားပေးကြကြောင်း အဆိုပါမျက်မြင် သက်သေများက ပြောသည်။

အမရပူရမြို့- မန္တလေးတိုင်း - ယနေ့နေ့လယ် ၁၂နာရီ မှ စတင်၍ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် အပါး ၇၀၀ ကျော် ချီတက် သပိတ်မှောက်သည် ဟုသိရသည်။

“သုံးပါးစီ စီတန်းလမ်းလျောက်တယ်၊ ရှေ့ဆုံးမှာ သာသနာ့ အလံထောင်တယ်၊ သံဃာ တပါး က သပိတ်ကို မှောက်ပြီးတော့ ကိုင်တယ်၊ မင်္ဂလာတိုက် လမ်းက ထွက်ပြီး လမ်းငါးခွ၊ ကွမ်းသီးတန်း ရွေဂူကြီးဘုရား လမ်းမတက် ပြီး တောင်သမန်လမ်း တောက်လျောက်သွားတယ်”ဟု မျက်မြင်တဦး က ပြောသည်။

ဆန္ဒပြသံဃာတော်များနောက်က ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင် ၂၀ ကျော်က ဆိုင်ကယ်နှင့် လိုက်ကြည့်ကြောင်း၊ စစ်ကိုင်း မန္တလေး သွား ကားတန်းများ ရပ်တန့်ပေးပြီး လမ်းဘေးဝဲယာရှိပြည်သူများက သံဃာတော်များကို ကြည်ညို အားပေးကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန် - ယနေ့ နံနက်ပိုင်းတွင် သံဃာတော် အပါး ၃၀၀ ခန့် မြောက်ဥက္ကလာပ မြို့နယ် မယ်လမု ဘုရားသို့ ချီတက် ဆန္ဒပြကြောင်း သိရသည်။

ယင်းသံဃာတော်များသည် မယ်လမု ဘုရားတွင် ၁၅ မိနစ်ခန့် မေတ္တာသုတ်များ ရွတ်ဖတ်ကြသည်ဟု ဆိုသည်။

မိုးသဲထန်စွာ ရွာနေသည့်ကြားမှပင် ရန်ကင်းမြို့နယ်ဘက်မှ ချီတက်လာသော သံဃာတော် အပါး ၂၀၀ ခန့်သည်လည်း အခြားသော သံဃာတော် အပါး ၅၀ ခန့်နှင့်ပူးပေါင်း၍ ရွှေတိဂုံဘုရားသို့ ချီတက်သွားကြောင်း အေပီ သတင်း၏ အဆိုအရ သိရသည်။

ရန်ကုန် - နေ့လယ် ၃ နာရီကျော်တွင် ထောင်နှင့်ချီသောသံဃာများ ဗိုလ်ချုပ်အောင်ဆန်းလမ်း စကော့ဈေးရှေ့မှ လေးပါးတတန်း စီတန်းချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“အပါး ၄၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းကပြောသည်။

သပိတ်မှောက် စစ်ကြောင်းထိပ်ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့အလံ ၃ လက်စီ ကိုင်ဆောင်ချီတက်ကြကြောင်း အဆိုပါမျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြသံဃာများသည် ဆူးလေဘုရားလမ်းသို့ချိုးကွေ့ကာ ဆူးလေဘုရားဘက်သို့ ဆက်လက် ချီတက်ကြောင်းလည်း သိရသည်။

ဆန္ဒပြသံဃာထုနှင့်အတူ ကျောင်းသား၊ ပြည်သူ ၁၀၀၀ ခန့် ပူးပေါင်းလိုက်ပါနေကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးမြို့- ပဲခူးတိုင်း - နေ့လယ် တနာရီမှ ၂ နာရီ ခန့်အထိ သံဃာအပါး ၁၀၀ ခန့် ချီတက်ဆန္ဒပြ သပိတ်မှောက်သည် ဟုသိရသည်။

၎င်းသံဃာတော်များသည် ပဲခူးရှိဘုန်းကြီးကျောင်းများနှင့် ရွှေမော်ဓောဘုရားသို့ မေတ္တာသုတ်ရွတ်ချီတက်ခဲ့ကြသည်ဟု ဒေသခံတဦးက ပြောသည်။

နံနက်ပိုင်းတွင်လည်း ပဲခူးမှသံဃာတော်များ ဟိုင်းလတ်ကား ၃ စီးဖြင့် ရန်ကုန်ကိုလာရာ အာဏာပိုင်တို့က ရန်ကုန်မြို့အ၀င် ထောက်ကြံ့ဂိတ်အရောက်တွင် တားဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက် ၂၀၀၇

ရန်ကုန် -
ဆူးလေဘုရားမှချီတက်လာသည့် သံဃာတော်များသည် သိမ်ကြီးဈေးသို့ရောက်ရှိပြီး ညနေ ၄ နာရီခန့်တွင် အေးချမ်းစွာလူစုခွဲလိုက်သည်ဟု မျက်မြင်သက်သေတဦးကပြောသည်။

ဆန္ဒပြသံဃာများလူစုခွဲသည်အထိ ၈၈ မျိုးဆက်ကျောင်းသားများ၊ လတ်တလောကျောင်းတက်နေသည့် ကျောင်းသား များနှင့် ထောင်ပေါင်းများစွာသောပြည်သူများ လိုက်ပါချီတက်ကြောင်းလည်း သိရသည်။

လူစုခွဲချိန်တွင် သံဃာအင်အား ၂၀၀၀ ခန့်အထိ တိုးမြင့်သွားကြောင်း စုံစမ်းသိရှိရသည်။

ရွှေတိဂုံဘုရားပေါ်သို့လည်း သံဃာအပါး ၁၂၀၀ ခန့် တက်ခွင့်ရခဲ့ပြီး အေးချမ်းစွာ ဘုရားရှိခိုး၊ မေတ္တာပို့အပြီး လူထုခွဲလိုက်ကြောင်း သတင်းရရှိသည်။

မုံရွာ-စကိုင်းတိုင်း - မုံရွာမြို့ ဇောတိကကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်အပါအ၀င် ကျောင်းတိုက် ၃ တိုက်တို့ရှိ သံဃာတော်အပါး ၅၀၀ ကျော်ခန့်က နေလယ်တနာရီမှ ၂ နာရီ ခွဲအထိ ချီတက် ဆန္ဒပြကြောင်း သိရသည်။

“သံဃာတော်တွေဟာ သူတို့ကျောင်းတိုက်အလိုက် ရှေ့ဆင့် နောက်ဆင့် ငြိမ်းချမ်းစွာနဲ့ ဆုတောင်းပြည့် ဘုရားကြီး … ပြီးတော့ ရွေစည်းခုံဘုရားတွေမှာ ဘုရားရှိခိုးတယ်။ နှောက်တော့ ဘူတာလမ်းအတိုင်း အနှောင်အယှက်ကင်းစွာနဲ့ ကျောင်းတိုက်ထဲကိုဝင်သွား ကြတယ်” ဟု မုံရွာမြို့ခံတဦးက ပြောသည်။

မုံရွာရှိ ပြည်သူလူထုများက လမ်းဘေးဝဲယာမှ လက်အုပ်ချီရှိခိုးကြပြီး တချို့ ကလည်း သောက်ရေသန့်နှင့် ဖျော်ရည် လှူဒန်းကြသည်ဟု ၎င်းကထပ်ပြောသည်။

ရန်ကုန် - ရွှေတိဂုံဘုရားမှ ဆန္ဒပြချီတက်လာသောသံဃာအပါး ၁၀၀၀ ခန့်သည် နေ့လယ် ၂ နာရီခွဲခန့်တွင် ဆူးလေဘုရားသို့ ရောက်ရှိကြောင်း သိရသည်။

မေတ္တာပို့ဆန္ဒပြနေသည့် သံဃာတော်များ၏ ဘေးတဖက်တချက်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လက်ရှိပညာ သင်ကြားနေသော ကျောင်းသားများက လက်ချင်းချိတ် လိုက်လျက်ရှိသည်။

ထောင်နှင့်ချီသော ပြည်သူလူထုကလည်း သံဃာများနောက်မှ လိုက်ပါနေကြောင်းသိရသည်။

အမေရိကန်သံရုံးဟောင်း၊ အင်္ဂလန်သံရုံး၊ အိန္ဒယသံရုံးများရှေ့ကိုဖြတ်ကာ သိမ်ကြီးဈေးဘက်သို့ ဆက်လက်ချီတက် သွားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

လူရွှင်တော် ဇာဂနာကလည်း “ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ … နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ … ဆိုတဲ့ အသံတွေ တမြို့လုံးလွှမ်းနေတယ်” ဟု ပြောသည်။

မြေနီကုန်း-ရန်ကုန် - ကြည့်မြင်တိုင် မစိုးရိမ်တိုက်ရှိ သံဃာ ၃၀၀ ကျော် မြေနီကုန်းမှစ၍ ဆန္ဒပြချီတက်သည်ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီကို ပြောသည်။

“၁၂ နာရီ ၁၀ မိနစ်မှာ တကြောင်းက အလုံလမ်းဘက်ကနေပြီး ရွှေတိဂုံကိုသွားတယ်၊ နောက်တကြောင်းက ရွှေဂုံတိုင် ဘက်ကနေ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်းတွေဘက်ကိုသွားတာ။ မြေနီကုန်းကနေ ၂ ကြောင်းခွဲပြီး သွားတာ။ အနောက်မှာ လူထုလဲ နည်းနည်းပါတယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

နေ့လယ်တနာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့မုခ်သို့ ဆန္ဒပြသံဃာများရောက်ရှိပြီး ၎င်းနေရာ၌ မိုးများလည်း ရွာသွန်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အမရပူရမြို့-မန္တလေးတိုင်း - ယမန်နေ့နေ့လယ်တနာရီတွင် မဟာဂန္ဓာရုံ အနီးတ၀ိုက်ရှိ ကျောင်းများမှ သံဃာတော်အပါး ၁၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“သံဃာတပါးက သပိတ်ပိုက်တယ် … ဘေးကသံဃာ ၂ ပါးက အလံကိုင်တယ် နောက်က သံဃာတော် ၉၉ ပါး လိုက်လျောက်တယ်”ဟု အမရပူရမြို့ရှိ မျက်မြင်သက်သေတဦးက ပြောသည်။

အမရပူရရှိပြည်သူလူထုက မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းကို အာဏာပိုင်တို့က ဟန့်တားခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရန်ကုန် - နံနက်ပိုင်းတွင် ပဲခူးမြို့မှသံဃာတော်များ ရန်ကုန်သို့မီးရထားဖြင့်လာကြရာ တိုးကြောင်ကလေးဘူတာတွင် သံဃာတော်များ စီနင်းလိုက်ပါလာသည့်ရထားတွဲကို အာဏာပိုင်က ဖြုတ်ထားခဲ့သောကြောင့် အဆိုပါသံဃာများ ရန်ကုန်မြို့တွင်းသို့ လမ်းလျှောက်ချီတက်လာကြောင်း သိရသည်။

အဆိုပါသံဃာတော်များသည် ရွှေတိဂုံဘုရားသို့ ချီတက်လျက်ရှိပြီး နံနက် ၁၁ နာရီခန့်တွင် သင်္ကန်းကျွန်း မြို့နယ်သို့ ရောက်ရှိသည်။

ရန်ကုန်မြို့တော်ခန်းမကို အာဏာပိုင်တို့က သံဆူးကြိုးများဖြင့် ကာလိုက်ကြောင်းလည်း သတင်းရရှိသည်။

စက်တင်ဘာ ၁၉ ရက် ၂၀၀၇


ဆူးလးဘုရား-ရန်ကုန်မြို့

ညနေ ၄ နာရီခန့်တွင် ဆူးလေဘုရားရင်ပြင်၌ ဆန္ဒပြသံဃာ ၁၀၀၀ ကျော်နှင့် ထောက်ခံအားပေးသော ပြည်သူလူထုကို ဆောင်သည့်သံဃာ ၃၊ ၄ ပါးက နိုင်ငံရေးတရားဟောကာ ချီတက်ဆန္ဒပြပွဲအား အောင်မြင်စွာရုပ်သိမ်းကြောင်း ဆန္ဒပြပွဲကို အစအဆုံးလိုက်လံကြည့်ရှုခဲ့သည့်သံဃာတပါးက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြသံဃာများသည် နေ့လယ်တနာရီတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ချီတက်ကြခြင်းဖြစ်ပြီး ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေပလာဇာ၊ ကျောက်မြောင်းဈေး၊ သိမ်ဖြူလမ်းတို့မှတဆင့် ဆူးလေဘုရားသို့ ချီတက်ကြခြင်း ဖြစ်သည်။

ချီတက်ဆန္ဒပြသည့် သံဃာတော်များအား ပြည်သူလူထုက လက်ခုပ်တီးအားပေးကြပြီး ရေသန့်၊ အအေးနှင့် ကွမ်းများ ကပ်လှူကြသည်။ ဆူးလေဘုရာသို့ရောက်သည့်အချိန်၌ ထောက်ခံအားပေးသောပြည်သူ တသောင်း ကျော်သွားသည် ဟုလည်း မျက်မြင်သက်သေသံဃာက ပြောသည်။

“ဆူးလေရင်ပြင်မှာ ကိုယ်တော်တွေက တနိုင်ငံလုံးကပြည်သူတွေကိုမေတ္တာပို့တယ်။ ပြီးတော့ဘုရားရှိခိုးပြီး ၃၊ ၄ ပါး လောက်က နိုင်ငံရေးတရားဟောတယ်” ဟု အဆိုပါသံဃာက ပြောသည်။

၎င်းအပြင် “မြန်မာနိုင်ငံဟာ သူများတိုင်းပြည်တွေနဲ့ယှဉ်ရင် အစစနောက်ကျနေရတာ စစ်အစိုးရကြောင့်လို့ ဟောတယ်။ ဆန္ဒပြသံဃာတွေကိုအကြမ်းဖက်ရင် ကိုယ်တော်တွေက အကြမ်းဖက်မယ့်အကြောင်း၊ စာသင်တိုက်တွေမှာအုပ်ချုပ်နေတဲ့ နာယကဆရာတော်တွေက ကျောင်းတိုက်တွေက ကိုယ်တော်လေးတွေကို သူတို့ဆန္ဒအလျှောက်သွားတာကို မတားမြစ်ပါနဲ့၊ သာသနာမျက်နှာကိုကြည့်ပါ … ဆိုတာတွေကို ဟောကြတယ်” ဟုလည်း ပြောသည်။

ရန်ကုန်မြို့-ရန်ကုန်တိုင်း
ယနေ့ ညနေပိုင်း ၅ နာရီခန့်က သံဃာတော်အပါး ၅၀၀ ခန့်သည် ၎င်း သီတင်းသုံးရာ ကျောင်းတိုက်ရှေ့မှ ဖြတ်၍ ရွှေဂုံတိုင်ဘက်သို့ ဆက်လက် ချီတက်သွားသည်ကို မြင်ရကြောင်း တာမွေရှိ ဓမ္မာစရိယ စာချဦးပဉ္ဖင်းတပါးက ပြောသည်။

ယင်းဆန္ဒပြ သံဃာတော်များသည် သင်္ကန်းကျွန်း ကျက္ကဆံ ဘုရားဘက်မှ ဆန္ဒပြ ချီတက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ သံဃာတော် အပါး ၈၀၀ ခန့်က ဖမ်းဆီးခံထားရသူ ၃ ဦးကို ပြန်လွှတ်ပေးရန် ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၌ တောင်းဆို ဆန္ဒပြကြကြောင်း မြို့ခံတဦးကပြောသည်။

အဆိုပါဖမ်းဆီးခံထားရသူ ၃ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် လောင်စာဆီနှင့်ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသော သံဃာ အပါး ၂၀၀ ကျော်ကို ရေသန့်ဘူးများ ကပ်လှူသောကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယမန်နေ့က ဆန္ဒပြရာတွင်ပါဝင်သော စစ်တွေမြို့မှ သံဃာ ၄ ပါးကို အာဏာပိုင်များက နေ့လယ်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ညဘက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု စစ်တွေ မြို့မ ကျောင်းမှ သံဃာတော်တပါးက ပြောသည်။

ဖမ်းဆီးခံရသည့် သံဃာ ၄ ပါးတွင် ကိုရင်တပါ ပါဝင်ရာ ယင်းကိုရင်သည် ၎င်းတို့ ကျောင်းကဖြစ်သည်ဟု မြို့မကျောင်း သံဃာတော်က ပြောသည်။ ယနေ့ နံနက်တွင် သံဃာတော်များနောက်မှလိုက်၍ ဆန္ဒပြသည့် ပြည်သူ ၁၀ ဦးကိုလည်း ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ယမန်နေ့က စစ်တွေမြို့၌ ရာနှင့်ချီသော သံဃာတော်များနှင့် ပြည်သူများက လမ်းမများပေါ်တွင် ဆန္ဒပြချီတက်ကြသည်ကို အာဏာပိုင်များက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲခဲ့သည်။

ပြည်မြို့-ပဲခူးတိုင်း
နံနက် ၁၀ နာရီခန့်က သံဃာအပါး ၅၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ရွှေဆံတော်ဘုရားဝန်းကျင်၌ ချီတက်ဆန္ဒပြကြ သည်ဟု ပြည်မြို့ခံတဦးက ပြောသည်။

ဆန္ဒပြသံဃာများတွင် ဆရာတော်ကြီးများလည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့-ရန်ကုန်တိုင်း
နေ့လယ်တနာရီတွင် သံဃာတော်အပါး ၄၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစ၍ ချီတက်ဆန္ဒပြကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။

ဆန္ဒပြသံဃာများသည် အသာသနာ့အလံ ၅ လက်ကို ထိပ်ဆုံးတွင်လွှင့်ထူထားပြီး ၃ ပါးတတွဲတန်းကာ ချီတက်ဆန္ဒ ပြကြသည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။ နေ့လယ်တနာရီခွဲတွင် ဆန္ဒပြသံဃာများ ရွှေဂုံတိုင်လမ်းဆုံသို့ ရောက်ရှိပြီး ခြောက်ထပ်ကြီးဘုရားဘက်သို့ ဆက်လက်ချီတက်ကြသည်။

ခြောက်ထပ်ကြီးဘုရားအရောက်တွင် ဆန္ဒပြချီတက်ပွဲသို့ အခြားသံဃာများ ထပ်မံပူးပေါင်းသောကြောင့် အပါး ၇၀၀ ခန့်အထိဖြစ်သွားပြီး ပြည်သူများလည်း နောက်မှလိုက်လျှောက်သည်ဟု မျက်မြင်သက်သေက ပြောသည်။

နေ့လယ် ၂နာရီတွင် ဆန္ဒပြသံဃာများး တာမွေလမ်းဆုံသို့ရောက်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကင်းမြို့နယ်-ရန်ကုန်
ယနေ့နံနက် အာရုံဆွမ်းစားပြီးချိန်မှစ၍ သံဃာအပါး ၅၀ ခန့်သည် သာသနာ့အလံကိုထူကာ ရန်ကင်းနှင့် သင်္ကန်းကျွန်း မြို့နယ်တို့ရှိ လမ်းများတွင် ပရိတ်ရွတ် ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

“သင်္ကန်းကို တရားဟောသွား၊ ဆွမ်းခံသွားရင်ရုံသလို ၀ိနည်းအတိုင်းရုံထားတယ်။ မိုးရွာထဲမှာ စက္ခုနြေ္ဒချပြီး (မျက်လွှာချပြီး) စင်္ကြံလျှောက်တာ။ ဘုန်းကြီးတွေရဲ့မျက်နှာတွေပြာနေတာ ချမ်းနေမှာပဲ” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြသံဃာများသည် မိုးကောင်းဘုရားပတ်ဝန်းကျင်ရှိ ကျောင်းတိုက်များမှဖြစ်ကြပြီး ဆွမ်းစားချိန် ရောက်ခါနီးတွင် မိုးကောင်းဘုရားကို ၃ ကြိမ်ပတ်၍ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ကြို့ပင်ကောက်-ပဲခူးတိုင်း
ယမန်နေ့ညနေ ၅ နာရီခန့်မှ ၉ နာရီအထိ ကြို့ပင်ကောက်မြို့မှ သံဃာအပါး ၂၅၀ ကျော်တို့သည် မေတ္တာသုတ်နှင့် မောရသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြသည်ဟု မြို့ခံသံဃာတပါးက ပြောသည်။

“မြို့ပေါ်ကကျောင်းတွေ အစုံလောက်ပါပဲ … စာသင်သား သံဃာငယ်တွေ အများဆုံးပါကြတယ်။ အခုလို သံဃာတွေ မေတ္တာသုတ်ရွတ်တယ်၊ မြို့ထဲကိုလှည့်တယ်ဆိုတာ တခြားမြို့တွေက သံဃာတွေနဲ့ ဆန္ဒတူ၊ သဘောတူတယ်ဆိုတဲ့ သဘောပါပဲ” ဟုလည်း မြို့ခံသံဃာက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၃၀၀ ကျော် ယနေ့နံနက် ၆ နှာရီ မှ ၈ နာရီအထိ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် သံဃာတပါးက ပြောသည်။

ဆန္ဒပြပွဲကို အာဏာပိုင်တို့က နှောင့်ယှက်ခြင်းမရှိကြောင်း သိရသည်။ မစိုးရိမ်တိုက်သစ်တွင် သံဃာတော်ပေါင်း ၂၈၀၀ ကျော်ရှိသည်ဟုလည်း ၎င်းကပြောသည်။

ဧရာဝတီ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။

No comments: