စက်တင်ဘာ ၁၅ ရက် ၂၀၀၇
“ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ် ဆိုတာကတော့ ရဟန်းတော်များက ရဟန်းတော်တွေကို ဖိစီးနှိပ်စက်တဲ့ ပုဂ္ဂိုလ်များကို အာမိသ သမ္ဘောဂလို့ဆိုတဲ့ ပစ္စည်းလေးပါး အလှူမခံရ။ ဓမ္မ သမ္ဘောဂလို့ခေါ်တဲ့ တရားဟောပြောမှု မလုပ်ရ၊ အဲလိုမျိုး ပစ္စည်းလဲ အလှူမခံ။ တရားစသည်လဲပဲ မဟောရတာကို မဟောတာကိုပဲဒါ ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ်လို့ ခေါ်တာပါပဲ၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ်ဆိုတော့ ဘယ်လို အင်္ဂါရပ်တွေနဲ့ ပြည့်စုံမှ ကံဆောင်လို့ရမှာလဲဆိုတော့ မြတ်စွာဘုရားက အင်္ဂါ (၈) ပါးနဲ့ ပြည့်စုံလို့ရှိရင် ကံဆောင်ရမယ်လို့ ပြောတယ်ပေါ့၊ အဲဒီ (၈) ပါးကတော့
- ရဟန်းတော်တွေကို ပစ္စည်း လေးပါးမရအောင် လုပ်တာ
- ရဟန်းတော်တွေကို အကျိုးမဲ့ဖြစ်အောင် လုပ်တာ - ရဟန်းတော်တွေ နေရာမရအောင်လုပ်တာ
- ရဟန်းတော်တွေကို ဆဲရေးတာ၊ ခြိမ်းခြောက်တာ
- ရဟန်းတော် အချင်းချင်း ကွဲပြားသွားအောင်လုပ်တာ
- ဘုရားရဲ့ ကျေးဇူးမဲ့ကို ပြောတာ
- တရားရဲ့ ကျေးဇူးမဲ့ကို ပြောတာ
- သံဃာရဲ့ ကျေးဇူးမဲ့ကို ပြောတာ
ဆိုပြီးတော့ အင်္ဂါ (၈) ပါး ထုတ်ပြတယ်၊ ပါဠိတော်လိုဆိုရင်တော့ အင်္ဂါ (၈) ပါးနဲ့ ပြည့်စုံမှ ကံဆောင်ရမှာပေါ့၊ ဒါပေမဲ့ အဌကထာက ဖွင့်တဲ့အခါကျတော့ အင်္ဂါ တချက်ချက်နဲ့ ညီညွတ်နေပြီဆိုလို့ရှိရင် ပတ္တနိက္ကုဇ္ဇနကံကို ဆောင်နိုင်တယ်ဆိုပြီးတော့ ဖွင့်ပြပါတယ်။
ဒီတော့ ဒီကံကို ဆောင်တော့မယ်ဆိုလို့ရှိရင် ရဟန်း ဘယ်နှစ်ပါး ရှိရမလဲ ဆိုလို့ရှိရင် ဒီ ပတ္တနိက္ကုဇ္ဇနကံ ဆိုတာက ဉတ္တိ ဒုတိယကံဖြစ်တယ်၊ ဉတ္တိဒုတိယကံ ဆိုလို့ရှိရင်တော့ သံဃာလေးပါးရှိလို့ရှိရင် သူကဆောင်လို့ရတယ်၊ သံဃာလေးပါးက ညီညီ ညွတ်ညွတ်ဆောင်ပြီးလို့ရှိရင် မိမိဆောင်ထားတဲ့ ပတ္တနိက္ကုဇ္ဇနကံကို တခြားသော ကျောင်းတိုက်များကို တပည့်တော်တို့ ဒီလိုဒီလို လုပ်ထားပါတယ် ဆိုပြီးတော့ အကြောင်းကြား လိုက်ရုံပဲ၊ ဆိုရင် အကုန်လုံးက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီးသား ဖြစ်သွားတယ်၊ အဲဒီကျတော့ အခု ဆောင်တော့မယ် ဆိုလို့ရှိရင် ဒီ အင်္ဂါရပ်တွေနဲ့ ညီပြီလားပေါ့၊ ဒါကတော့ စဉ်းစားရမှာပေါ့၊ ဒီတော့ ပထမဦးဆုံး အင်္ဂါဖြစ်တဲ့ ရဟန်းတော်တွေ လာဘ်လာဘ မရအောင် အားထုတ်တယ်ဆိုရင်။ အခုထားပါတော့ ဆွမ်းလောင်းအသင်းတွေကို ပိတ်တာတို့ ဘာတို့ပေါ့ဗျာ၊ အဲတော့ ဒီအင်္ဂါရပ်တွေနဲ့ ညီသွားပြီပေါ့၊ တချက်ပေါ့၊
နောက်တခါ ...
ရဟန်းတော်တွေရဲ့ အကျိုးမဲ့ကိုလုပ်တယ်၊ အကျိုးမဲ့ကို လုပ်တယ်ဆိုတာ ဘေးရန်ဖြစ်အောင် လုပ်တာပဲပေါ့၊ ရဟန်းတော်တွေကို နှိပ်စက်တာတို့ ဘာတို့ပေါ့ဗျာ၊ အဲဒါ ဆိုလို့ရှိရင် ဒီ အင်္ဂါရပ်ညီရောပေါ့၊
နောက်တခါ နေရာမရအောင် လုပ်တယ်ဆိုတာတော့ ကိုယ့်ကျောင်းတိုက် ကိုယ်နေလို့မရအောင် လုပ်တာတို့ဘာတို့၊ ဒါ ကိုယ့်ကျောင်း ကိုယ်မနေနိုင်အောင် ထွက်သွားအောင် လုပ်တာတွေ ရှိနေတယ်ဆိုတော့ ဒါလဲ ညီရောပေါ့ဗျာ၊
နောက်တခါ ရဟန်းတော်တွေကို ဆဲရေးတာတွေ။ ခြိမ်းခြောက်တာတွေ ကြားနေရတယ်ဆိုတော့ ဒါလဲ ညီရောပေါ့ဗျာ။
နောက်တခါ ဆရာနဲ့ တပည့်အချင်းချင်း ရဟန်းတော်တွေ အချင်းချင်း ကွဲပြားအောင် ပြုလုပ်နေတာတွေဆိုတော့ ဒါလဲပဲ ညီရောပေါ့ဗျာ၊ သံဃာတော်ရဲ့ ကျေးဇူးမဲ့ပေါ့လေ၊ သံဃာတော်တွေဟာ ဆိုးဝါးပါတယ် ဆိုပြီးတော့ အခု သတင်းစာတို့။ ဘာတို့က ရေးတာတွေ့တယ်လေ၊ အဲတော့ သံဃာတော်တွေရဲ့ ကျေးဇူးမဲ့ကို မဟုတ်ပဲနဲ့ ဟုတ်သယောင်ပေါ့၊ ရဟန်းတော်တွေရဲ့ အပြစ်တွေကို ပြောတယ်ဆိုတော့ သံဃာတော်ရဲ့ ကျေးဇူးမဲ့ကို ပြောရာ ရောက်သွားတော့တာပေါ့၊ ဒီ အင်္ဂါရပ်လဲ ညီရောပေါ့၊ သံဃာကို လုပ်ပြီဆိုမှတော့ သံဃာမှာ ဘုရားက တည်နေတာကိုး အဲဒါကြောင့် တရားတော်ကိုလဲ ကဲ့ရဲ့ရာ ရောက်သွားတယ်၊ သံဃာနဲ့ တရားတော်ကို ဒီလိုမျိုးလုပ်လိုက်ပြီ ဆိုလို့ရှိရင် ဒါ ဘုရားကိုလဲ တခါတည်း ကဲ့ရဲ့ရာ ရောက်သွားတော့တာပေါ့၊ အင်္ဂါ (၈) ပါးကတော့ ညီရောပေါ့၊ ကိုက်မကိုက်ကတော့ ကိုယ့်ဟာနဲ့ကိုယ် ဆန်းစစ်ပေါ့၊
ဒီတော့ ကံဆောင်တယ်။ ကမ္မ၀ါနဲ့ ရွတ်ဖတ်တယ်ဆိုတဲ့နေရာမှာ ကမ္မ၀ါဆိုတာက လူအများ နားလည်အောင် ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး အဆိုတင်သွင်းတယ်ဆိုတဲ့ စကားရပ်ပေါ့၊ ဒါကိုတော့ စာက ပဉတ် ထားတယ်လို့ ခေါ်တာပေါ့လေ၊ ဒီလို ဒီလို လုပ်မယ်ဆိုပြီးတော့ အဆိုတင်သွင်း လိုက်တယ်ပေါ့၊ အဲဒါပြီးမှ ခလယ်ခေါင်မှာ ကမ္မ၀ါဆိုပြီးတော့ ပါတယ်၊ အဲဒီ ကမ္မ၀ါကျတော့ ဒီအဆိုကို အရှင်ဘုရားများ သဘောတူတယ် ဆိုလို့ရှိရင်တော့ ဆိတ်ဆိတ်နေပြီးတော့ ဆိတ်ဆိတ်နေပါပေါ့၊ သဘောမတူဘူး ဆိုရင်တော့ အရှင်ဘုရားများ ထပြီးတော့ ပြောပါပေါ့၊ ထပြီးတော့ ပြောတဲ့ပုဂ္ဂိုလ် မရှိဘူးဆိုရင် ဒါ သဘောတူရာ ရောက်သွားတယ်၊ အဲဒါပဲ ကမ္မ၀ါရဲ့ အဓိပ္ပါယ်ကတော့။
အဲ ရဟန်းလေးပါး ရှိလို့ရှိရင်ရပြီ၊ ရဟန်းလေးပါး အထက်ကတော့ ဘယ်လောက်များများပေါ့၊ ရဟန်းလေးပါး ရှိလို့ရှိရင် သိမ်ထဲမှာပဲ သူက ကံဆောင်ရမယ်၊ တခြားသောနေရာမှာ ကံမဆောင်ရဘူး၊ ဒီတော့ သိမ်ဆိုတာ ဘဒ္ဒသိမ်ရှိတယ်၊ ကမ္မ၀ါနဲ့ ဖွဲထားတဲ့သိမ်တွေပေါ့၊ အဘဒ္ဒသိမ်ရှိတယ်၊ ကမ္မ၀ါနဲ့ သမုတ်စရာမလိုပဲနဲ့ အလိုလိုနေရင်း သိမ်ဖြစ်နေတဲ့ဟာတွေပေါ့၊ မြစ်တွေတို့ ဘာတွေတို့ပေါ့ဗျာ၊ အဲဒါတွေဟာ အလိုလိုနေရင်း သိမ်ဖြစ်နေတဲ့ဟာတွေ။ ဂါမသိမ်တို့ အဲဒီ သိမ်မျိုးတွေမှာလဲပဲ ကံဆောင်လို့ရတယ်၊ အဲဒါ ကံဆောင်ပြီးလို့ရှိရင် တပည့်တော်တို့ကတော့ ဒီလိုလုပ်ပြီးပြီဆိုပြီးတော့ တခြားသော ကျောင်းတိုက်တွေကို တခါ သတင်းပို့ပေါ့၊ သတင်းပေးလို့ရှိရင် အဲဒါ တခါတည်း ကျန်တဲ့ ကိုယ်တော်တွေလဲ ဆောင်ပြီးသားဖြစ်သွားတာပေါ့၊ ရပြီလေ။ ဒီတနေရာက လုပ်လိုက်လို့ရှိရင်ကိုပဲ ကျန်တဲ့နေရာတွေက ဟိုလို ပြောမယ်ဆိုရင်တော့ လုပ်စရာမလိုလောက်အောင်ကိုပါပဲ၊ သူက ကျန်တဲ့ကျောင်းတွေကို အကြောင်းကြားရမယ်လို့ ပြောတာကိုး၊ ဟုတ်ပြီလေ၊ သူက တနေရာက လုပ်ထားလို့ရှိရင် ကျန်တဲ့ ကိုယ်တော်တွေကို အကြောင်းကြားရုံပဲလေ၊ အကြောင်းကြားလိုက်လို့ရှိရင် ပြီးသွားတော့တာပေါ့၊ တနေရာမှာတော့ ကံဆောင်ရမှာပဲ၊ ဒါပေမဲ့ သူက နေရာကတော့ မပြဘူး၊ သိမ်လို့ပဲ ပြတာကိုး၊ ဘယ်နေရာ ဘာညာတော့ မပြဘူးပေါ့၊ အဲဒီကျတော့ ဘယ်မြို့မှာ လုပ်ရမယ် ဘာညာတော့ မပါဘူးပေါ့၊ စာထဲကတော့ ဘယ်နေရာမှာ ဖြစ်တဲ့နေရာ လုပ်ရမယ်၊ မဖြစ်တဲ့နေရာ မလုပ်ရဘူး၊ ဒီလို ဘာညာ မပါပါဘူး၊”
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးက၀ိန္ဒာဘိဝံသ
Tuesday, November 6, 2007
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အား မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးက၀ိန္ဒာဘိဝံသမှ ရှင်းလင်းဟောကြားချက်
Posted by thitsarforce at 9:50 PM
Labels: သမိုင်းစကား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment